မြို့ပတ်ရထား ပုဂ္ဂလိကပိုင်ဖြစ်ရေး နေပြည်တော်တွင် ဆွေးနွေး

E-mail Print
ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလုပ်ငန်းကို ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရေး အတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ယနေ့  ကျင်ပသွားသည်။

Passengers_sit_in_a_car_of_a_circular_train_in_Yangonတကြိမ်တည်း ခရီးသည်နှင့် ကုန်များစွာ တင်ဆောင်နိုင်ပြီး ဈေးနှုန်းချိုသာသော်လည်း နှစ်ပေါင်းများစွာ အရှုံးပေါ်နေသည့်အပြင် ညံ့ဖျင်းသော ၀န်ဆောင်မှု၊ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် အဝေဖန်ခံနေရသဖြင့် ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့အစည်းအဝေးတွင် ပြောကြားသည်။

“အဓိက ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်မှာ ရန်ကုန် မြို့ပတ်ရထား တွေနဲ့ ပတ်သတ်ပြီး တင်ပြလာလို့ အခုလို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဖြစ်သွားတာပါ” ဟု ၀န်ကြီးက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ် ၁ ဦး၊ ဦးအောင်သောင်၏သား ဦးနေအောင်ပိုင် အိုင်ဂျီအီး လုပ်ငန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး စသည်တို့မှ လုပ်ငန်းရှင်များအပါအ၀င် လုပ်ငန်းရှင်ပေါင်း ၉၀ ခန့် တက်ရောက်သည့် ယင်း အစည်းအဝေးတွင် တိကျသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

“အခုတကြိမ်က ဆွေးနွေးတယ်ဆိုရုံပါပဲ။ နောက်တကြိမ် အစည်းအဝေး ထပ်ခေါ်ရင်တော့ ဒီထက်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေ ထွက်ပေါ်လာမယ် ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်လာသည့် လုပ်ငန်းရှင် တဦးက ပြောကြားသည်။

ယင်းအစည်းအဝေးတွင် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းတခုလုံးအား ပုဂ္ဂလိကပိုင်လွှဲမည်လော၊ အပိုင်းလိုက် ခွဲကာ လွှဲမည် စသည်ဖြင့် မဆုံးဖြတ်နိုင်သကဲ့သို့ နှစ်မည်မျှကြာ ငှားရမ်းမည်၊ ငွေကြေးပမာဏ မည်မျှရှိမည် ဆိုသည်ကိုလည်း မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။

တရက်လျှင် ခရီးသည် ၁ သိန်းခန့်ကို ၁၅ မိုင်အထိ ၁၀ ကျပ်၊ ၁၅ မိုင်ကျော်လျှင် ၂၀ ကျပ်ဖြင့် ပို့ဆောင် ပေးနေသည့် ရန်ကုန်မြို့ပတ်ရထားလုပ်ငန်း၏ တလ၀င်ငွေမှာ ကျပ် ၄၂ သန်းကျော်သာရှိပြီး အသုံးစရိတ် သန်း ၂၆၀ ကျော်ရှိသဖြင့် များစွာ အရှုံးပေါ်လျက် ရှိသည်။

“ကျနော်တို့က အောင်မြင်တဲ့ လုပ်ငန်းတခု၊ လူတိုင်းလိုချင်တဲ့ လုပ်ငန်းတခုကို ယူရမှာ မဟုတ်ဘူး။ ဒါကြောင့် အရှုံး ကာမိအောင် ဘူတာကနေ တက္ကစီ၊ ဘတ်စ်ကား ၀န်ဆောင်မှုလုပ်ငန်း၊ ဘူတာနယ်မြေအတွင်း စားသောက်ဆိုင်၊ ဟိုတယ်စတဲ့ အပိုဝင်ငွေရစေမယ့် လုပ်ငန်းမျိုးနဲ့ တွဲဖက် လုပ်ကိုင်ခွင့် ရချင်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

တခြား စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း မြို့ပတ်ရထားကို ပုဂ္ဂလိက စလုပ်သည့် ၄၊ ၅ နှစ်တွင် အရှုံးပေါ်နိုင်ကြောင်း၊နှစ်ကြာလာလျှင် မြတ်လာမယ် ထင်ကြောင်း၊ ခရီးသည်လည်း မထိခိုက် လုပ်ငန်းရှင်လည်း အမြတ်ရမည့် ဈေးနှုန်းဖြစ်ရန် လိုကြောင်း ပြောသည်။

“အခု ရထားခက ၁၀၊ ၂၀ ကျပ်ကနေ ခင်ဗျားတို့ မကိုက်ရင် ဘယ်လောက်တိုးယူမလဲ စဉ်းစားထားပါ။ ၇၀ ကျပ်ဆို ကိုက် မလား၊ ၁၀၀ ကိုက်မလား စသဖြင့်ပေါ့။ ခင်ဗျားတို့ အဆင်ပြေနိုင်မယ့် ဈေးနှုန်းကိုပဲ အဆိုပြုပါ” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက အဝေးပြေးရထားခအား ၁ မိုင် အတွက် ၄ ကျပ်ယူထားကြောင်း၊ နေပြည်တော် - ရန်ကုန်ခရီးကို ကျပ် ၉၀၀ သာ ရှိကြောင်း ဆက်ပြောသည်။

“ဘူတာကနေ အိမ်ကို တက္ကစီငှားခ ၃ ထောင်၊ ၄ ထောင် တောင် မမြင်ကြတာ၊ ရထားခ နည်းနည်းတက်တာကို မြင်ကြဖို့မကောင်းပါဘူး” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။

မြို့ပတ်ရထားအား ပုဂ္ဂလိကပေးလိုက်ပါက အစိုးရပိုင်ထက် ၀န်ဆောင်မှုပိုကောင်းလာမည်ဟု ထင်ကြောင်း၊ ယခု လက်ရှိတွင် မြို့ပတ် ရထားများ တနေကုန်ထွက်မလာသည့် နေ့များ ရှိကြောင်း ရန်ကုန် ကြည့်မြင့်တိုင် မြို့နယ်မှ ဒေသခံတဦးက ပြောသည်။

မြို့ပတ်ရထား ပုဂ္ဂလိကပိုင်ပြုရေးနှင့် ပတ်သတ်၍ ၂ ပတ်မှ ၁ လအတွင်း အစည်းအဝေး ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် မြို့ပတ်ရထားလမ်းသည် မိုင် ၇၀ ခန့် ရှည်လျားပြီး နေ့စဉ်ခေါက်ရေ ၂၀၀ ကို ၅ မိနစ်ခြား ပြေးဆွဲနေကာ အဆိုပါ လုပ်ငန်းတွင် ဘူတာနှင့် ရပ်စခန်း ၇၇ ခု၊ ရထား ခေါင်းတွဲ ၂၅ တွဲ၊ လူစီးတွဲ ၉၀ တို့ ပါဝင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်