ရေမျောလုပ်သားအရေး လွှတ်တော်သို့ တင်မည်

E-mail Print
မတ်လအတွင်း ပင်လယ်ပြင် လေပြင်း မုန်တိုင်းကြောင့် ပျောက်ဆုံးသွားခဲ့သော ရေလုပ်သားတို့၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး မကြာမီ ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးများသို့ တင်ပြသွားမည်ဟု သိရသည်။

kawthaung01“တရားရုံးတွေက လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိတော့တဲ့ အတွက် လွှတ်တော်ကို စာတမ်းအနေနဲ့ တင်သွင်းသွားမှာပါ” ဟု ရေလုပ်သားများအရေး အကျိုးဆောင်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ပျောက်ဆုံးရေလုပ်သား ၄၅ ဦးအတွက် လျော်ကြေးပေးရန်  ၎င်းတို့၏ ဇနီးသည်များက အလုပ်ရှင် နှင့် ဧရာဝတီတိုင်း အာဏာပိုင်တို့ထံ ပြီးခဲ့သည့်လက တောင်းဆိုထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း ကိုဖိုးဖြူက ရှင်းပြသည်။

လျော်ကြေး မရသော်လည်း နစ်နာကြေး အနည်းငယ်ပေးသည်ဟု ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းရွာမှ ပျောက်ဆုံး ရေလုပ်သားတဦး၏ ဇနီးက ပြောသည်။

“နစ်နာကြေးအတွက်ဆိုပြီး ကုမ္ပဏီက ကျပ်တသိန်းနဲ့ အလုပ်သမားဌာနက ငါးသောင်းကို ပြီးခဲ့တဲ့လက ပေးပါတယ်၊ ရတာလေးနဲ့ပဲ ကျေနပ်ရတာပေါ့” ဟု ထိုအမျိုးသမီးက ဧရာဝတီကို ပြောပြသည်။

ဤအတောအတွင်း  အကျိုးဆောင်ရှေ့နေတို့က သြဂုတ်လနှောင်းပိုင်း လွှတ်တော်အစည်းအဝေးများသို့ တင်သွင်းမည့်စာတမ်း ပြုစုရာတွင် ရေလုပ်ငန်း၌ ကာလရှည်ကြာ လုပ်ဆောင်ခဲ့သည့် ရေလုပ်သားတို့၏ အတွေ့အကြုံများကို အခြေခံကာ ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းထားချက်များ အတိုင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

ပင်လယ်ပြင် ထွက်မည့် ရေလုပ်သမားများကို အသက်ကယ် ၀တ်စုံ၊ အစားအသောက် အလုံအလောက်ပေးရန်၊ ကုမ္ပဏီနှင့်ရေလုပ်သားအကြား  ခိုင်မာသည့်အာမခံချက်တခု လက်မှတ်ရေးထိုးပြီးမှ လုပ်ငန်းခွင်ဝင်ရန် စသည့်အကြောင်းအရာများကို စာတမ်းတွင် ထည့်သွင်းရေး ဆွဲထားကြောင်း ရှေ့နေ ကိုဖိုးဖြူက ရှင်းပြသည်။

“(စာတမ်းကို) လွှတ်တော်က ပယ်ချခဲ့မယ် ဆိုရင် ပြင်ပက လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုနိုင်တဲ့ အခြေအနေမျိုးအထိ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်” ဟု သူက ဆိုသည်။

ထိုသို့ လုပ်ဆောင်နေခြင်းကို သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကြိုဆိုလိုက်သည်။

“အလုပ်သမားတွေ၊ ရေလုပ်သားတွေ စတဲ့သူတွေရဲ့အခွင့်အရေး၊ ရပိုင်ခွင့်တွေ အတွက် ခိုင်မာတဲ့ ဥပဒေ ပြဋ္ဌာန်းထားတာ မရှိဘူး၊ ဒီတော့ ခိုင်မာတဲ့ ဥပဒေတခုကို လွှတ်တော်ကပဲ ချမှတ်ပေးနိုင်တဲ့ အတွက် လွှတ်တော်တွေမှာ တင်ပြ ဆွေးနွေးတာဟာ အကောင်းဆုံးပါ” ဟု ဦးသိန်းညွန့်က ဆိုသည်။

ဦးသိန်းညွန့်က လွှတ်တော်တွင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင် ဆိုင်ရာ ဥပဒေ ရေးရာ အကြံပြုချက်များ၊ အဆိုများ တင်သွင်းသွားမည်ဟု ဧရာဝတီကို ပြောသည်။

၁၉၆၄ ခုနှစ်က  ပြဋ္ဌာန်းထားသော အလုပ်သမားအရေးနှင့် ပတ်သက်သည့် ဥပဒေသည် အလုပ်သမားများ၏ အခွင့်အရေးကို ပြည့်ပြည့်၀၀ လုပ်ဆောင်ပေးနိုင်မှု မရှိသဖြင့် ပြင်ဆင်ရန် လိုအပ်နေသည်ဟု သူက ရှင်းပြသည်။

ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးစသည့်  မြို့နယ်များမှ ရေလုပ်သားများသည် ပြီးခဲ့သည့်မတ်လအတွင်းက ပင်လယ်ပြင် လုပ်ငန်းခွင်တွင် ရုတ်တရက်ဖြစ်ပေါ်ခဲ့သော လေပြင်းမုန်တိုင်းဒဏ် ခံခဲ့ရသည်။

လေပြင်းကြောင့် ကျားဖောင် ၃၅၉၉ ဖောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး ရေလုပ်သား ၁၆၂၆၈ ဦး ပင်လယ်ပြင်အတွင်းမျောပါသွားကြောင်း၊  ပျောက်ဆုံးနေသူ ၅၀၀ ခန့် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

ပင်လယ်ပြင်အတွင်း မျောပါသွားသော ရေလုပ်သား အများအပြားသည် နောက်ပိုင်းတွင် မြန်မာ့ကမ်းရိုးတန်း နှင့် တောင်အာရှနိုင်ငံတချို့၏ ကမ်းရိုးတန်းများသို့ ရောက်ရှိသွားကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်