အာဆီယံဥက္ကဋ္ဌရာထူး အကဲဖြတ်ရေး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာနိုင်

E-mail Print
မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ရယူရေးအတွက် အကဲဖြတ်စိစစ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

21845-Marty-Natalegawaအင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားစာပေးပို့ထားကြောင်း၊ အာဆီယံကို ဦးဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုများ လုံလောက်စွာ ဆောင်ရွက်ခြင်းရှိမရှိ အကဲဖြတ်ရေး သွားရောက်ရန် ပြင်ဆင်နေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Michael Tene ကို ကိုးကား၍ VOA က ပြီးခဲ့သည့် သတင်းပတ်တွင် ဖော်ပြသွားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းစာမှ အကြီးတန်း အယ်ဒီတာ ကဝီ ချောင်ခစ်တာဗွန် ကမူ “ကျေနပ်လောက်စရာ တိုးတက်မှုတွေ မြန်မာအစိုးရက လုပ်ပြနိုင်ရင် သူ (နာတာလီဂါဝါ) သွားပါလိမ့်မယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံကို သွားမယ် မထင်ဘူး။ ဒါကတော့ ရှင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မစ္စတာ ကဝီ က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ခရီးစဉ်ကို အတည်မပြုသေးသဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်ဆိုသည်ကို သံသယရှိကြောင်း၊ အကယ်၍ မစ္စတာ နာတာလီဂါဝါ မြန်မာနိုင်ငံသို့ သွားခဲ့လျှင် မြန်မာအစိုးရသည် ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိလိမ့်မည်ဟု ဆိုနိုင်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ရပ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတို့ကို တခုမှ မပြုလုပ်ရသေးကြောင်း မစ္စတာ ကဝီက ထောက်ပြသည်။

ယခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး တလအကြာတွင် အာဆီယံဥက္ကရာထူးကို လက်ခံလိုကြောင်း စတင်ပြောဆိုခဲ့သည်။ ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ ရယူလိုကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကလည်း ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့များ အပါအဝင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေးကဲ့သို့သော အရေးကြီးသည့် ပြဿနာများကို ဖြေရှင်းရမည့် ခြေလှမ်းများကို မြန်မာအစိုးရ မစတင်ရသေးကြောင်း ပြောကြသည်။

နိုင်ငံတကာနှင့် အတိုက်အခံအဖွဲ့အစည်းများကလည်း မြန်မာအစိုးရအနေဖြင့် သိသာမြင်သာသော အပြောင်းအလဲများ ပြုလုပ်ရန်နှင့် ထို့သို့ မလုပ်နိုင်လျှင် အာဆီယံဥက္ကဋ္ဌ ရာထူးနှင့် မထိုက်တန်သေးကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇွန်လတွင် ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်လာမှုကို ကိုးကား၍ မြန်မာအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးယူရေးအပေါ် အမေရိကန်ကလည်း စိုးရိမ်ပူပန်မှုရှိကြောင်း ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အစိုးရအဖွဲ့များ ကော်မရှင်မှ အင်ဒိုနီးရှားဆိုင်ရာ ကိုယ်စားလှယ် ရာဖင်ဒီ ဒီဂျမင်က “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတာတွေကြောင့် မြန်မာနိုင်ငံမှာ သိသာမြင်သာတဲ့ အပြောင်းအလဲ မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ ဖိအားများကြောင့် မြန်မာနိုင်ငံသည် ၂၀၀၆ တွင် အာဆီယံ အလှည့်ကျရာထူး ယူရေးကို ပြည်တွင်းပြဿနာများ အကြောင်းပြ၍ အလှည့်ကျော်ခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း မြန်မာအစိုးရသည် အာဆီယံဥက္ကဋ္ဌရာထူးမယူမီ လူ့အခွင့်အရေးကိစ္စများ၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဦးစွာဆောင်ရွက်သင့်သည်ဟု ပြောသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် သမ္မတဦးသိန်းစိန်က ၄၄ နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးပို့ကြောင်း ဖော်ပြထားသည်။ သတင်းစာပါ အစိုးရအာဘော် ဆောင်းပါး၌ မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ တွင် ရယူရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာက အသင့်ဖြစ်သည်နှင့် ယင်းဥက္ကဋ္ဌ တာဝန်ကို ရယူရန် ၂၀၀၅ ခုနှစ်တွင် အာဆီယံမှ သဘောတူညီထားကြောင်း ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်