ကင်ဂျုံအီးလ် မွေးနေ့ကြော်ငြာ စာနယ်ဇင်းတွင် ဖော်ပြ

E-mail Print
ကွန်မြူနစ် အာဏာရှင် မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ်၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကျရောက်သော မွေးနေ့ အထိမ်းအမှတ် ဆုမွန်တောင်းလွှာကို မြန်မာနိုင်ငံရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စစ်အစိုးရက ဖော်ပြခွင့်ပြုကြောင်း ရန်ကုန်အခြေစိုက် စာနယ်ဇင်း အသိုင်းအ၀န်းမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးက ၎င်းတို့၏ သမ္မတ မစ္စတာကင်ဂျုံအီးလ်၏ မွေးနေ့ ဆုမွန်လွှာကို ပြည်တွင်း သတင်းဂျာနယ်များတွင် ကြော်ငြာအဖြစ် အခပေး ထည့်သွင်းရန် ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက အဆိုပါ ကြော်ငြာကို တစုံတရာ ဖြုတ်ပယ်ခြင်း မပြုဘဲ ခွင့်ပြုခဲ့ကြောင်း ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမားတဦးက ပြောသည်။

စနေနေ့က ဖြန့်ဝေခဲ့သော The Voice အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် မြောက်ကိုရီးယား ခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ် ဆုတောင်းလွှာကို စာမျက်နှာတမျက်နှာ အပြည့် အင်္ဂလိပ်ဘာသာနှင့် ဖော်ပြထားပြီး စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဖော်ပြထားကြောင်း တွေ့ရသည်။

စာပေစိစစ်ရေးသည် မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့ဆုမွန်လွှာကို မီဒီယာတွင် ထည့်သွင်းခွင့် ပြုသော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ဒုက္ခသည်သတင်း၊ စားနပ်ရိက္ခာ ပြတ်လပ်၍ မြောက်ကိုရီးယားပြည်သူများ အခက်အခဲ ဖြစ်နေရသည့်သတင်း အပါအ၀င် အနုတ်လက္ခဏာ ဆောင်သော သတင်းများကိုမူ လုံးဝ ထည့်သွင်းခွင့်မပြုဘဲ ဖြုတ်ပယ်လေ့ရှိကြောင်း ရန်ကုန်စာပေအသိုင်းအ၀န်း မှသိရှိရသည်။

“လွန်ခဲ့တဲ့နှစ်လ၊ သုံးလလောက်တုန်းက တာချီလိတ်မှာ မြောက်ကိုရီးယားဒုက္ခသည်တွေ ဖမ်းမိတဲ့ သတင်းမျိုးကို စာပေစိစစ်ရေးက လုံးဝခွင့်မပြုခဲ့ပါဘူး။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျပြီး မြောက် ကိုရီးယား ပြည်သူတွေ ဒုက္ခရောက်နေရတယ်ဆိုတဲ့ သတင်းမျိုးလည်း စာပေစိစစ်ရေးက ပယ်တယ်” ဟု ရန်ကုန်သတင်းဂျာနယ်တစောင်၏ စီမံခန့်ခွဲမှု အယ်ဒီတာတဦးက ဆိုသည်။

ကင်ဂျုံအီးလ်၏ မွေးနေ့ ဆုတောင်းလွှာထဲ၌ မြောက်ကိုရီးယား တနိုင်ငံလုံးက ၎င်းတို့ ခေါင်းဆောင်၏ မွေးနေ့ မင်္ဂလာကို ကျင်းပရန် တက်ကြွနေကြပြီး စိတ်လှုပ်ရှား နေကြသည်ဟု ပါရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ အားလပ်ရက်၌ ကင်ဂျူံအီးလ်၏မွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အမျိုးသားအဆင့် ဓာတ်ပုံပြပွဲများ၊ ရုပ်ရှင်ပြပွဲများ ကျင်းပနေကြပြီး အောင်ပွဲခံသည့် တေးသီချင်းများ၊ ၀မ်းမြောက်ဂုဏ်ယူသည့် တေးသီချင်းများကို နိုင်ငံ အနှံ့အပြားတွင် ကြားနေရသည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံခြားတိုင်းပြည်များကလည်း ကင်ဂျူံအီးလ်မွေးနေ့ အထိမ်းအမှတ် ကျင်းပရန် စုစည်းမှုများ ရှိနေပြီး သတင်းမီဒီယာများကလည်း ကင်ဂျုံအီးလ်၏စွန့်လွှတ်စွန့်စားသော ခေါင်းဆောင်မှု အရည်အသွေးများကို ရေးသားဖော်ပြနေကြောင်း၊ ကင်ဂျုံအီးလ်၏ခေါင်းဆောင်မှုတွင် ပြည်သူနှင့် တပ်မတော်တို့မှာ တသွေးတသား တည်း စည်းလုံးညီညွတ်ပြီး ကြီးပွားဖွံ့ဖြိုး တိုးတက်သော အင်အားကြီးမားသည့် ဆိုရှယ်လစ်နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းနေသည်ဟု ရေးသားထားသည်။

“လာမယ့် ၂၀၁၂ ခုနှစ် လက်ရှိသမ္မတ ကင်ဂျုံအီးလ်၏အဖေ သမ္မတကင်အီဆွန်း ရာပြည့် ကျရောက်ချိန်မှာ မြောက်ကိုရီးယားနိုင်ငံကို ကြီးကျယ်မြင့်မြတ် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးတဲ့ နိုင်ငံအဖြစ် ကျရှုံးခြင်းမရှိဘဲ တည်ဆောက်သွားမယ်” ဟု မွေးနေ့ဆုတောင်းလွှာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့မင်္ဂလာဆုတောင်းကို စာပေစိစစ်ရေးက တစုံတရာ ဖြုတ်ပယ်ခြင်းမရှိဘဲ ထည့်သွင်းခွင့်ပြုခြင်းမှာ မြန်မာစစ်အစိုးရနှင့် ကင်ဂျူံအီးလ်အစိုးရ အကြား ကောင်းမွန်သော သံတမန်ဆက်ဆံရေးကို မီးမောင်းထိုးပြနေပြီး နှစ်နိုင်ငံစစ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက် နေသည်ကို သက်သေပြနေကြောင်း ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစောင်၏ အမှုဆောင်အယ်ဒီတာ တဦးက သုံးသပ်ပြောသည်။

“အာဏာရှင်အချင်းချင်း၊ မသူတော် အချင်းချင်း အပြန်အလှန်စာနာ နားလည်ကြတဲ့ သဘောပဲ။ ဂျာနယ်တွေ အနေနဲ့ ကြော်ငြာအခကြေးငွေကို အဓိကမထားဘဲ အာဏာရှင်ကို အားပေးတာမျိုး မလုပ်သင့်ဘူး” ဟု The Voice သတင်းဂျာနယ်၏ ရန်ကုန် စာဖတ်ပရိသတ်တဦးက ပြောဆိုသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် ၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး  လာရောက်လည်ပတ်ခဲ့စဉ် မြောက်ကိုရီးယားက လုပ်ကြံသဖြင့် တောင်ကိုရီးယားသမ္မတကြီး တစုံတရာ ထိခိုက်မှုမရှိသော်လည်း ၎င်းနှင့်အတူလိုက်ပါခဲ့သည့် အစိုးရအရာရှိကြီးများ အပါအ၀င် လူ ၂၁ ဦးသေဆုံးခဲ့သည့်အတွက် မြန်မာနိုင်ငံက မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် နအဖ စစ်အစိုးရက မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံသံအမတ်ကြီးအဆင့် ထားရှိကာ ရန်ကုန်တွင် မြောက်ကိုရီးယားသံရုံးကို တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်ယုံအီးလ်တို့ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံအစိုးရ အရာရှိများဖြစ်သည့် သံတမန်များနှင့် ၀န်ထမ်းများ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် စာချုပ်ကို တရားဝင်ချုပ်ဆိုခဲ့ ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်