ကင်တာနာ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံ

E-mail Print
မြန်မာ နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ စုံစမ်းရန် ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ သည် ယမန်နေ့က ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် သို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသား တချို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တာနာသည် ယမန်နေ့က အင်းစိန်ထောင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော်အမတ်များဖြစ်သော ဒေါက်တာတင်မင်းထွဋ်၊ ဦးညီပု၊ ကျန်းမာရေး ဆိုးဝါးနေပြီး အင်းစိန် ထောင် ဆေးရုံတွင် ရောက်ရှိနေသော ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ နိုင်ငံရေးအမှုလိုက် ရှေ့နေ ကိုညီညီ ထွေးနှင့် ဒေါ်ပုံနမီ ခေါ် ဒေါ်မြညွန့်တို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂ သတင်း နှင့်ပြန်ကြားရေးဌာန(UNIC)၏ ပြောဆိုချက်အရ သိရသည်။

ဒေါက်တာတင်မင်းထွဋ်နှင့် ဦးညီပုတို့သည် ပြီးခဲ့သည့် သောကြာနေ့ကပင် စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် စီ ချမှတ်ထားသူများဖြစ်သည်။

UNIC ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက ယနေ့တွင် မစ္စတာ ကင်တာနာသည် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံကြောင်း ပြောဆိုသည်။

“ဒီနေ့ မစ္စတာ ကင်တာနာနဲ့ နိုင်ငံခြားသံတမန်တွေ ရန်ကုန်မှာ အခုတွေ့နေပါတယ်၊ အသေးစိတ်ကိုတော့ ပြောပြလို့ မရပါဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံမှ မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။

UNIC ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်း၌ မစ္စတာ ကင်တာနာသည် တနင်္ဂနွေနေ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု များစွာဖြစ်ပေါ်နေသည်ဟု သတင်း များထွက်ပေါ်နေသော ကရင်ပြည်နယ်သို့သွားရောက်၍ ဘုရားကုန်းနယ်မြေရှိ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA Peace council) နှင့် တွေ့ဆုံခဲ့ကြောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)အဖွဲ့နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်းသိရသည်။

ထို့နောက် ညနေပိုင်းတွင် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ် ရှိနေ သည့် ဘားအံ အကျဉ်းထောင်သို့ သွားရောက်ခဲ့ကြောင်းလည်း UNIC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မစ္စတာ ကင်တာနာသည် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့လည်း သွားရောက်ရန်ရှိကြောင်း သိရသည်။

အာဂျင်တီးနားလူမျိုး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် မေလမှ စတင် ၍ ယခင်ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲယိုး၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် နှစ် သြဂုတ်လ ခရီးစဉ်အပါအ၀င် ယခုတကြိမ်နှင့်ဆိုပါလျှင် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ၂ ကြိမ် ရှိပြီဖြစ် သည်။

မစ္စတာ ကင်တာနာသည် မြန်မာစစ်အစိုးရအား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တရားဥပဒေ စိုးမိုးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် လူ့အခွင့်အရေး ပြဌာန်းချက်များ ပါမပါ သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ရန်၊ စစ်တပ်အတွင်း လူ့အခွင့်အရေး နားလည် ကျင့်သုံးရန် စသည့် အခြေခံ လူ့အခွင့်အရေး ဆိုင်ရာ အချက် ၄ ချက်ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းထားသည်။

တချိန်တည်းတွင်ပင် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသော လူရွှင်တော် ဇာဂနာ၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကိုတင်မောင်အေးတို့ကို သောကြာနေ့က ထောင်ဒဏ်များ လျှော့ချပေးလိုက်ကြောင်း မိသားစုဝင်များကပြောသည်။

ထောင်ဒဏ် ၅၉ နှစ် ချမှတ်ထားပြီး မြစ်ကြီးနားထောင်တွင်ထားရှိသော ကိုဇာဂနာကို အီလက်ထရွန်နစ်အမှု တမှုလျှင် ၈ နှစ်ဖြင့် ၃ မှုအတွက် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က နိုင်ငံတ၀န်းရှိ စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်