မလေးရှားရောက် မြန်မာအလုပ်သမားများ အနိုင်ကျင့်ခံနေရ

E-mail Print
မလေးရှား နိုင်ငံရောက် မြန်မာ အမျိုးသမီး အလုပ်သမားများကို ကာကွယ် ပေးခဲ့သည့်အတွက် မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ ကော်မတီ (BWRPC) မှ အဖွဲ့ဝင် ၂ ဦးကို မလေးရှား အလုပ်ရှင်တဦးနှင့် လူမိုက်များက ရိုက်နှက်ကာ တဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၄ ရက်နေ့က စက်ရုံပိုင်ရှင် မစ္စတာကူမာသည် လူမိုက်များကို ခေါ်ဆောင်၍ BWRPC ရုံးခန်း သို့ ရောက်လာကာ ပြင်ပတွင် ရှိနေသော ကိုလင်းလင်းနှင့် ကိုဖြိုးတို့ကို ရိုက်နှက်၍ ကိုဖြိုးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ကိုလင်းလင်းမှာ ခေါင်းတွင် ၅ ချက် ချုပ်လိုက်ရကြောင်း ကြားသိရသည်။

“သူတို့လာတော့ တံခါးကိုချက်ချင်းပိတ်လိုက်လို့ အမျိုးသမီးတွေတော့ ဘာမှမဖြစ်ဘူး၊ အပြင်မှာ ရှိတဲ့ ကျနော်တို့ကို ဝိုင်းရိုက်တာ” ဟု ကိုလင်းလင်းက ပြောပြသည်။

မစ္စတာ ကူမာပိုင် စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီး ၁၅ ဦးကို မတရား အချိန်ပိုများ ခိုင်းစေ ရုံမက လူမိုက်များခေါ်ကာ ခြိမ်းခြောက်ခြင်း ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအမျိုး သမီးများက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သည်ဟု ထိုအမျိုးသမီးများထဲမှ တဦးက ရှင်းပြသည်။

“ကျမတို့ကို ၂၄ နာရီ အပြည့်အလုပ်ဆင်းခိုင်းတယ်။ အဲဒါကို မလုပ်နိုင်ဘူးပြောတော့ လူမိုက်တွေခေါ်ပြီး ခြိမ်းခြောက် တယ်။ ပြီးတော့ ကျမတို့ကိုယ်ခန္ဓာထဲမှာ ဖုန်းရှာမယ်ဆိုပြီး ကိုယ်ထိလက်ရောက် စော်ကားတယ်” ဟု ထို အမျိုးသမီးက ဆိုသည်။

အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သဖြင့် လူမိုက်များက ၎င်းတို့အခန်းကို အပြင်မှ သော့ခတ်ထားရာ ၂ ရက်ခန့် အစာငတ်၊ ရေငတ်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၎င်းတို့မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့သော်လည်း မည်သည့်အကူအညီမှ မပေးခဲ့ကြောင်း ပြောပြသည်။

“ကျမတို့တွေ ဖုန်းနဲ့ ကိုလင်းလင်းတို့ဆီ ဆက်သွယ်ပြီး အကူအညီတောင်းတယ်။ ပြီးတော့ ထွက်ပြေးကြတယ်” ဟု သူက ဆိုသည်။

အမျိုးသမီးများကို ခေါ်ထားသဖြင့် မစ္စတာကူမာက မကျေနပ်ဘဲ လူမိုက်များ ခေါ်ကာ BWRPC ရုံးခန်းကို ဝိုင်း၍ မလေးရှားရဲများ ရှေ့တွင်ပင် ကိုဖြိုးကို ဖမ်းခေါ်သွားခဲ့ရာ BWRPC မှ တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ လူ့အခွင့်အရေး အဖွဲ့များအား ဆက်သွယ် အကူအညီတောင်းခံ ခဲ့ရကြောင်း ကိုလင်းလင်းက ပြောသည်။

လူ့အခွင့်အရေးအဖွဲ့များက မစ္စတာကူမာကို ဆက်သွယ်ပြီး ကိုဖြိုးကို ပြန်မလွှတ်ပေးပါက ဥပဒေအရ အရေးယူမည်ဟု ပြောရာ အမျိုးသမီးများ၏ နိုင်ငံကူးလက်မှတ်များနှင့် ကိုဖြိုးကိုလဲလှယ်မည်ဟု ပြန်လည် အကြပ်ကိုင်ခဲ့သည်။ အမျိုးသမီးများ၏ နိုင်ငံကူးလက်မှတ်များကို သွားပေးသည့်အခါမှ ကိုဖြိုးကို ပြန်လည် လွှတ်ပေးခဲ့ရာ ယခုအခါ ကိုဖြိုးကို ကွာလာလမ်ပူ ဗဟိုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်၍ ကုသပေးနေရ ကြောင်း ကြားသိရသည်။

အထက်ပါအဖြစ်အပျက်ကို မလေးရှား ရဲဌာနတွင် တိုင်ထားသော်လည်း ရဲများက မစ္စတာကူမာ၏ အလုပ်သမား များကို ခေါ်ဆောင်ထားသောကြောင့် BWRPC ကို တရားစွဲဆိုနိုင်သည်ဟုသာ ပြောဆိုကြောင်း ကိုလင်းလင်းက ပြောပြသည်။

ယခုအခါ အမျိုးသမီးများကို BWRPC ရုံးခန်းတွင်ပင် စောင့်ရှောက်ထားသည်။ မြန်မာပြည်မှ ထွက်ခွာလာစဉ်က တလလျှင် မလေးရှား ရင်းဂစ် ၇၅၀ (ကျပ် ၂၅၀၀၀၀ ခန့်) မည်ဟု ဆိုသော်လည်း မစ္စတာကူမာ၏ စက်ရုံတွင် အချိန်ပို မတရား ဆင်းရသည့်ပြင် လစာ ၆၀၀ (ကျပ် ၂ သိန်းနီးပါးခန့်) သာ ရခဲ့သည်ဟု ၎င်းအမျိုးသမီးများထဲမှ တဦးက ဆိုသည်။

“ကျမ မလေးထွက်လာတာ ကျပ် ၁၃ သိန်းကုန်တယ်။ အကြွေးက ၁၁ သိန်း။ ခု ရောက်တာ ၄ လပဲရှိသေးတယ်။ အကြွေးတွေ မကြေသေးဘူး။ ဘာဆက်လုပ်ရမလဲ မသိဘူး” ဟု သူက ပြောပြသည်။

ယခုလက်ရှိတွင် ကမ္ဘာ့ငွေကြေးအကြပ်အတည်း ကာလဖြစ်နေပြီး မလေးရှားရှိ စက်ရုံအများအပြား ပိတ်လိုက် ရသောကြောင့် ၎င်းစက်ရုံများကို မှီခိုအလုပ်လုပ်နေရသည့် မြန်မာအလုပ်သမား အတော်များများ အလုပ်လက်မဲ့ ဖြစ်နေရသည်။

ထို့ပြင် မပိတ်သေးသည့် စက်ရုံများသည်လည်း ပစ္စည်းအမှာလျော့နည်းသောကြောင့် အိုဗာတိုင်မဆင်းရသည့် အတွက် ဝင်ငွေလျော့နည်းနေသည့် ကာလဖြစ်ကြောင်း ဖလင်ပြား ထုတ်လုပ်သည့် စက်ရုံမှ အလုပ်သမား တဦးက ပြောပြသည်။

“ကျနော်ဆိုအိမ်ကို ပိုက်ဆံပြန်မပို့နိုင်တာ ၂ လရှိပြီ။ အိမ်က ကျနော့်ကိုပဲ မှီခိုနေရတာ။ ရတဲ့ပိုက်ဆံက ကျနော့် အသုံးစရိတ်ပဲ ရှိတယ်။ ကျနော်တို့ စက်ရုံမှာ မြန်မာ ၆၀ ကျော်ရှိတယ်။ အားလုံးကျနော့်လိုချည်းပဲ” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်