မြန်မာ့အရေး ၆ ပွင့်ဆိုင် ဆွေးနွေးရန် အမေရိကန် အဆိုပြု

E-mail Print
မြန်မာ့အရေး ကြားဝင် ဖြေရှင်းရာတွင် မြောက်ကိုရီးယား နျူကလီးယား အရေးတွင် နိုင်ငံတကာ၏ ခြောက်ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းကို အသုံးပြုရန် စဉ်းစားနေသည် ဟု အမေရိကန် ပြည်ထောင်စုက ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာပြည် ပြဿနာ ဖြေရှင်းရာတွင် “အပြု သဘော ဆောင်ပြီး၊ ပူးပေါင်း ဆောင်ရွက်”သည့် ချဉ်းကပ်မှုမျိုးကို လိုလားသည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဂျင်စတိုင်းဘတ်က ဝါရှင်တန်မြို့ အမျိုးသား အာရှ ရေးရာ သုတေသန ဌာနတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတခု၌ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်လို နာမည်ပျက်နေတဲ့ အစိုးရ နဲ့ ဆက်ဆံတဲ့အခါ ၂ဘက်စလုံး အတွက် သုညပဲ အဖြေထွက်မယ် ဆိုရင် ဒီဆက်ဆံရေးမျိုးက ဘယ်နိုင်ငံကိုမှ အကျိုးရှိမှာမဟုတ်ပါဘူး” ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မြန်မာပြည်သားတို့၏ ဘဝ အခြေအနေများ ဖွံ့ဖြိုးရေး၊ ဒေသတွင်း တည်ငြိမ်မှု တိုးတက်စေရန် ဆောင်ရွက်ရေးတို့ အတွက် ဘုံ သဘောတူညီမှု တခု ရရှိရန် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံတို့နှင့် ဆွေးနွေး အဖြေရှာလိုသည်ဟုလည်း ပြောကြားလိုက်သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စုက အဆိုပြုသည့် ၆ ပွင့်ဆိုင် ဆွေးနွေးရေး နည်းလမ်းကို အကဲခတ်များက သံသယ ရှိနေကြသည်။ မြောက်ကိုရီးယား နျူကလီးယား အရေး အတွက် ၆ ပွင့်ဆိုင် ဆွေးနွေးဖြေရှင်းရန် ကြိုးပမ်းနေကြသော်လည်း အဆုံးသတ် အောင်မြင်မှု မရသေးကြောင်း ၎င်းတို့က ထောက်ပြကြသည်။ အဆိုပါ ဆွေးနွေးမှုတွင် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အစီအစဉ်နှင့် တိုက်ရိုက် ပတ်သက်မှု ရှိသော အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ ရုရှ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် ၆ နိုင်ငံ ပါဝင်သည်။

“မြန်မာပြည် အရေးအတွက် ၆ ပွင့်ဆိုင် ဆွေးနွေးဖြေရှင်းမယ့် နည်းလမ်းက အလားအလာ ကောင်းမယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ကမ္ဘာက အာရုံ စူးစိုက်လာဖို့အတွက်တော့ ဒီနည်းလမ်းက အင်မတန် အသုံးဝင်မှာ ဖြစ်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု၊ Temple တက္ကသိုလ်၊ အာရှလေ့လာရေးဌာနမှ ပါမောက္ခ ဂျက်ဖ်ကင်စတန်က ဆိုသည်။

အမေရိကန် ပြည်ထောင်စုတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်ကြား ရေးမှူး မစ္စတာ စတီဖင် ဘလိတ်သည် စစ်အစိုးရ ရုံးစိုက်ရာ မြို့တော် ဖြစ်သည့် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မစ္စတာ စတီဖင် ဘလိတ်သည် စစ်အစိုးရက နေပြည်တော်သို့ ၂ဝဝ၆ ခုနှစ်တွင် ပြောင်းရွှေ့အခြေစိုက်ပြီး နောက်ပိုင်း သွားရောက်ခဲ့သည့် အဆင့်အမြင့်ဆုံးသော အမေရိကန်အစိုးရအရာရှိ ဖြစ်သည်။

မြန်မာ သတင်းဌာနများက ၎င်း၏ ခရီးစဉ်ကို ဖော်ပြ ရေးသားပြီးနောက်မှ အမေရိကန် သတင်းဌာနများက သိရှိခဲ့ကြခြင်း ဖြစ်သည်။ ၎င်း၏ ခရီးစဉ်သည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်း အထုတ်ခံရဆုံး အကြောင်းအရာ ဖြစ်ခဲ့သည်။

သို့သော်လည်း အမေရိကန် အစိုးရ၏ မြန်မာ့အရေး မူဝါဒများ ပြောင်းလဲခြင်း မရှိသေးကြောင်း၊ မစ္စတာ စတီဖင် ဘလိတ်သည် မြန်မာစစ်အစိုးရနှင့် တွေ့ဆုံခဲ့သည့် သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ပြီးခဲ့သည့်လ ၂၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အရာရှိတဦး ဖြစ်သူ မစ္စတာ Gordon Duguid က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုက အဆိုပြုလိုသည့် ၆ ပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးသည့် နည်းလမ်းမှာ ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

၂ဝဝ၃ ခုနှစ်တွင် Bangkok process ဟု ထင်ရှားသည့် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက စီစဉ်ပြုလုပ်ခဲ့ဖူးသည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ဥရောပနိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရန် ဆောင်ရွက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။

၂ဝဝ၆ ခုနှစ်က အမေရိကန် အစိုးရ၏ အာရှရေးရာဌာန ညွှန်ကြားရေးမှူး မစ္စတာ Michael Green ကလည်း ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးကို အဆိုပြုခဲ့ဖူးသည်။

၎င်း အဆိုပြုသည့် မြန်မာ့အရေး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျနိုင်ငံတို့ ပါဝင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်