လူကြမ်းတွေ နားရင် ကြိုက်လား

E-mail Print
ဇာတ်ကား လုံးဝမရိုက်ရဘဲ နားနေရသည်မှာ ၂ လ ပြည့်တော့မည် ဖြစ်၍ သူ့မိသားစုဝင်များ ကောင်းကောင်းကြီး ငတ်နေကြပြီဟု နေ့စားလူကြမ်း နောက်လိုက် သရုပ်ဆောင် မောင်မောင်ကြီး က ပြောသည်။

သူက အပြာရောင် ဂျင်းဘောင်းဘီနွမ်းနွမ်း၊ တီရှပ်အနက်ရောင် ဝတ်ဆင်ထားပြီး ရိုက်ကူးရေး ရှိလျှင် အဆင်သင့် လိုက်သွားနိုင်ရန် အပို အင်္ကျီ တထည် ထည့်ထားသော လွယ်အိတ်ကို လွယ်ထားသည်။ ဘဝတူ နေ့စား သရုပ်ဆောင်များ၊ မီးထိုး၊ မှန်ထောင်၊ စက်အဖွဲ့သားများနှင့် အတူ ဗီဒီယိုလမ်း ဟု လူသိများသော ရန်ကုန်မြို့ ၃၅ လမ်းရှိ လမ်းဘေး လက်ဖက်ရည် ဆိုင်တဆိုင်တွင် ထိုင်းရင်း၊ ငေးရင်းနှင့်  အလုပ်အပ်မည့်သူကို တနေ့လုံး နီးပါး မျှော်ရသည်။ ၃၅ လမ်းသည် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်း ရုံးခန်းများရှိရာလမ်း ဖြစ်သည်။

ဇာတ်ကားသစ် ရိုက်ကူးရေးကို ရပ်နားလိုက်ကြသည့် အတွက် ၄င်းတို့ကို မှီခိုနေကြရသော ဇာတ်ပို့ ဇာတ်ရံများမှ အစ ရှူတင်မန်နေဂျာ အထိ အားလုံး အခက်ကြုံနေကြပြီ ဖြစ်ကြောင်း လူငယ်ဒါရိုက်တာ တဦးက ပြောပြသည်။

“ရိုက်ကွင်းရပ်လိုက်ပြီ ဆိုတာနဲ့ အရင်ဆုံး ထိတာ နေ့စား သရုပ်ဆောင်တွေနဲ့ စက်အဖွဲ့တွေပဲ၊ ခုလို ထုတ်လုပ်ရေး တိုက်တွေ တော်တော်များများ နားလိုက်ကြတော့ သူတို့ အဆင်မပြေတော့ဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၄ဝ ဝန်းကျင်ခန့်ရှိရာ ထိုအထဲမှာ ထက်ဝက်ကျော်မှာ ရိုက်ကူးရေးကို လုံးဝ ရပ်နားထားပြီး လက်ကျန် ဇာတ်ကားများကိုသာ ဈေးကွက် အတွင်း တကားချင်း ဖြန့်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခင်က တလလျှင် ဗီဒီယို ဇာတ်ကားပေါင်း ပျမ်းမျှ ၇ဝ ကျော် ထွက်ရှိခဲ့သော်လည်း ၂ဝဝ၉ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်ကာ တလလျှင် ဇာတ်ကားပေါင်း ၃ဝ ကျော် ခန့်သာလျှင် ထွက်ရှိနေကြောင်း၊ ထိုကားများမှာလည်း ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက ရိုက်ကူးထားသော ဇာတ်ကားများ ဖြစ်ကြောင်း ဖြန့်ချိရေး လုပ်ငန်း တခု ထံမှ သိရှိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှ စတင်၍ ဗီဒီယို ဈေးကွက်အတွင်း ရောင်းအား စတင် ကျလာပြီး ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းတွင် သိသိသာသာ ကျဆင်းလာကြောင်း၊  ဗီဒီယိုထုတ်လုပ်သူများ အရှုံး များလာကြသဖြင့် ဇာတ်ကား ရိုက်ကူးရေး ရပ်နားလိုက်ကြခြင်း ဖြစ်ကြောင်း စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေးမှ ဝန်ထမ်း တဦးက ပြောဆိုသည်။

“မင်းသား မင်းသမီးဈေးတွေ မကျဘူး၊ ထုတ်လုပ်ရေး စရိတ်တွေက မကျဘူး၊ ရောင်းအားတွေပဲ ကျလာတဲ့ အတွက် အရှုံးပေါ်လာလို့ တော်တော်များများက ရပ်ထားလိုက်ကြတာပဲ” ဟု သူက ဆိုသည်။

လက်ရှိ ဗီဒီယိုဇာတ်ကား တကား၏ ထုတ်လုပ်ရေး ကုန်ကျစရိတ်မှာ မင်းသား၊ မင်းသမီးပေါ်တွင် မူတည်နေသည်။ ဇာတ်ကားတခု အတွက် အနိမ့်ဆုံး စရိတ်မှာ သိန်း ၅ဝ ခန့်ဖြစ်ပြီး နာမည်ကြီး မင်းသား၊ မင်းသမီးကို သုံးပါက သိန်း ၁ဝဝ နှင့် အထက်သို့ ရောက်သွားသည်။ ယနေ့ အခြေအနေတွင် ထိုကုန်ကျစရိတ်များ ပြန်မရနိုင်သောကြောင့် လုပ်ငန်း ရပ်ထားရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နာမည်ရှိတဲ့ သရုပ်ဆောင်တွေလောက်ပဲ ဟန်မပျက် နေနိုင်ပေမယ့် ကျနော်တို့လို နေ့စားသမားတွေကတော့ ၃၅လမ်းမှာ ထိုင်ရင်း လက်ဖက်ရည် တခွက်လောက် သောက်ရဖို့တောင် ဟိုလူ့ မျက်နှာချို သွေးရ၊ ဒီလူ့ မျက်နှာချိုသွေးရနဲ့ တော်တော် ခက်နေကြပြီ” ဟု နေ့စား လူကြမ်းတဦးဖြစ်သူ အောင်ကျော်က ပြောသည်။

နေ့စား သရုပ်ဆောင်များမှာ ၎င်းတို့ ပါဝင် ရိုက်ကူးရသော ရက်အတွက် ၁ ရက် ၁ သောင်းနှုန်း အမြင့်ဆုံး ရကြပြီး စက်သမားများကမူ ၁ ရက် ၅ ထောင်နှုန်း၊ ၃ ထောင်နှုန်း စသဖြင့် အစားစား ရှိသည်။ မင်းသားကြေး၊ မင်းသမီးကြေးများမှာ ၂၅ သိန်းနှင့် အထက် ရှိသည်။ ဇာတ်ပို့ဇာတ်ရံကြေးမှာ ၁ သိန်းမှ ၃ သိန်းအထိ ရှိသည်။

ကိုရီးယား ဇာတ်ကားများ ပိုမို တွင်ကျယ်လာခြင်းကလည်း မြန်မာကား ငှားအားကို အနည်းငယ် ထိခိုက်စေသည်ဟု ရန်ကုန်မှ ဗီဒီယိုခွေ အငှားဆိုင် ပိုင်ရှင် တဦးက သုံးသပ် ပြောဆိုသည်။

သို့သော်လည်း လုပ်ငန်းရပ်ထားရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဇာတ်ကားများအား ခိုးကူးမှု ပိုများလာခြင်း၊ လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့် နယ်ရောင်းအား ထက်ဝက်မက ကျဆင်းနေခြင်းတို့ ဖြစ်ကြောင်း ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းရှင်များက ပြောပြကြသည်။

“အခုဆို မြို့ပေါ် အငှားဆိုင်တွေက မီး ပုံမှန် မရတဲ့ အတွက် ငှားအား ကျလာလို့ ဆိုပြီး မဝယ်နိုင်ကြတော့ဘူး၊ သူတို့ လေးငါးဆိုင်လောက် ပေါင်းပြီးမှ တကားလောက် လာဝယ်တယ်။ ပြီးရင် မူရင်းခွေကို ကော်ပီပွားပြီး သုံးလာကြတယ်၊ ခိုးကူးလာကြတယ်ပေါ့၊ အဲဒီလို ခိုးကူးတာတွေက နယ်တွေ အထိ ရောက်လာတော့ ရောင်းအားကို ထိခိုက်ကုန်တာပေါ့” ဟု လပ်ကီးဆဲဗင်း ဗီဒီယို ထုတ်လုပ်ရေးမှ တာဝန်ခံ တဦးက ဆိုသည်။

ခိုးကူးသည် ဆိုခြင်းမှာ ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးမှ ရောင်းချသော အာစီကြေး(မှတ်ပုံတင်ကြေး) မပေးဘဲနှင့် ဝယ်ယူခြင်း၊ မူရင်း အာစီကြေး ပေးပြီး ဝယ်ယူသော အခွေကို ဆင့်ပွား ကူးယူခြင်းကို ဆိုလိုသည်။

နာမည်ကြီး မင်းသားများ ခေါင်းဆောင် ပါဝင်သော ဇာတ်ကားများ၏ အာစီကြေး နှင့် အောင်မြင်မှု အလယ်အလတ် အဆင့်ရှိ မင်းသားများ၏ အာစီကြေးမှာ ကွာခြားသည်။

ဇာတ်ကားတကား ဝယ်ယူပါလျှင် အနည်းဆုံး အာစီကြေး ကျပ် ၁ဝဝဝ ပေးရသည်။ နာမည်ကြီး မင်းသား ပါဝင်လျှင် အာစီကြေးက ကျပ် လေးထောင် အထိ ရောက်သွားသည်။  

“မီးမလာတာကလည်း များတော့ အငှားဆိုင်တွေ သိပ်မငှားရပါဘူး၊ ငှားအားကျတော့လည်း ဇာတ်ကား တကားကို ငါးထောင်၊ ခြောက်ထောင်ပေးပြီး ဝယ်ရတာ အရင်း မကျေတော့ဘူး၊ ဒါကြောင့် ဇာတ်ကားသစ် ထွက်တိုင်း မဝယ်နိုင်တော့တာပါ” ဟု ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှ ဗီဒီယိုအငှားဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

မြန်မာ ဗီဒီယို ဇာတ်ကားသစ် တရက်ငှားခမှာ ကျပ် ၂၅ဝ ဖြစ်ပြီး နိုင်ငံခြားကား တရက်ငှားခမှာ ကျပ် ၁ဝဝ ဖြစ်သည်။ မြန်မာဇာတ်ကားတခွေကို အနည်းဆုံး ကျပ် ၄ ထောင် ရင်းရပြီး နိုင်ငံခြားဇာတ်ကား ဗီစီဒီ တခွေကို ကျပ် ၂ဝဝ၊ ဒီဗီဒီတခွေကို ငွေ ၄ဝဝ မှ  ၈ဝဝ အထိသာ ရင်းရသည်။ ထို့ကြောင့် ဗီဒီယို အငှားဆိုင်များမှာ နိုင်ငံခြားကား တင်ခြင်းက ပို၍ တွက်ခြေကိုက်နေသည်။

အငှားဆိုင်များနှင့် လိုင်စင်ရှိ ဗီဒီယို ပြသရေးလုပ်ငန်းများက ဇာတ်ကားသစ်များကို ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းများမှ သတ်မှတ်ထားသော လိုင်စင်ကြေးပေးကာ ဝယ်ယူနေရသည်။ လိုင်စင်ကြေးက ဈေးကြီးလွန်းသဖြင့် ငှားအား ကျနေသည့် ယနေ့ကာလတွင် တွက်ချေမကိုက်တော့ပေ။ ထို့ကြောင့် ဈေးသက်သာသည့် တပတ်နွမ်း ဇာတ်ကားများကို ဝယ်ယူနေကြကြောင်း သိရသည်။

“ကျနော်တို့ ဇာတ်ကားသစ် ဝယ်ရတာ မကိုက်တော့ဘူး၊ ရန်ကုန်အငှားဆိုင်တွေက ပြန်ရောင်းပေးတဲ့ သိပ်မဟောင်းသေးတဲ့ ကားတွေကိုပဲ ဝယ်တင်တော့တယ်” ဟု ပဲခူးတိုင်း၊ ဝေါမြို့နယ်မှ ဗီဒီယို အငှားဆိုင် တဆိုင်က ဆိုသည်။

မြို့ကြီးများတွင် သာမက နယ်မြို့များတွင်ပါ ဈေးကွက်ပျက်နေသဖြင့် ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်။

အခက်အခဲ တွေ့နေကြသော နေ့စား အလုပ်သမားများ၊ စက်အဖွဲ့သားများ၊ နေ့စားသရုပ်ဆောင်များနှင့် ဇာတ်ပို့ ဇာတ်ရံများ အတွက် ဝါရင့် သရုပ်ဆောင်ကြီး တချို့က  ငွေကြေး စိုက်ထုတ်ကာ ရိုက်ကူးရေး လုပ်ငန်း လုပ်ကိုင်လာကြကြောင်း ဒါရိုက်တာ တဦးက ပြောဆိုသည်။

“ရုပ်ရှင်လောကသား အချင်းချင်း ကူညီချင်တဲ့ သဘောနဲ့ အလုပ် ဖြစ်အောင် လုပ်ပေးလာကြတဲ့ အပိုင်းပါ၊ သူတို့ ကိုယ်တိုင်ကိုယ်က သူတို့နာမည်ကို မပြောစေချင်ဘူး၊ သူတို့နာမည် ပြောဖို့ထက် အလုပ်ဖြစ်ဖို့က အရေးကြီးတယ်လေ” ဟု သူက ဆိုသည်။

ဤသို့သော ကူညီမှုတချို့က ဒုက္ခရောက်နေသူ ၀င်ငွေနည်း သရုပ်ဆောင်များ၊ အခြေခံလုပ်သားများအတွက် ကောက်ရိုးတမျှင် ဖြစ်နေသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်