အဖွဲ့ချုပ် အထူးဆွေးနွေးပွဲ ခေါ်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ပြည်နယ်တိုင်း အဆင့် ကိုယ်စားလှယ်များ၏ အထူး ဆွေးနွေးပွဲ တခုကို လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်နေရာ တိုင်းပြည် အတွက် အရေးကြီးသည့် အကြောင်း အရာများကို ဆွေးနွေးကြမည် ဟု သိရသည်။

ဆွေးနွေးပွဲတွင် စီးပွားရေး ပိတ်ဆို့မှု၊ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စသည့် အကြောင်းအရာများ ပါဝင်ဖွယ်ရှိသည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ဆိုသည်။

“နိုင်ငံအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြမှာပါ။ အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ဖို့ ဆိုတာလည်း ဆွေးနွေးမယ့် အကြောင်းအရာ တခု ဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှု၊ ၂ဝ၁ဝ ရွေးကောက်ပွဲ တို့နဲ့ ပတ်သက်တာတွေလည်း တက်ရောက်လာသူတွေက ဆွေးနွေးမယ်ဆိုရင် ဒီအကြောင်းအရာတွေလည်း ပါဝင်လာနိုင်ပါတယ်” ဟု ဦးဟံသာမြင့်က ဆိုသည်။

ယခုလ ၂၈၊ ၂၉ ရက်တို့တွင် ပြုလုပ်မည့် ဆွေးနွေး ညှိနှိုင်းပွဲကို ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူများ၊ ပြည်နယ် နှင့် တိုင်းများမှ တာဝန်ခံများ၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားသည်ဟု သိရသည်။

ဆွေးနွေးပွဲ ဖိတ်ကြားစာကို ယခုလ ၉ ရက်နေ့ ရက်စွဲဖြင့် အောက်ခြေ အဖွဲ့ခွဲများသို့ ဖြန့်ဝေခဲ့သည်။ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့က ပြုစုထားသည့် စာတမ်း တစောင်ကို ဆွေးနွေးပွဲတွင် ချပြမည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။ အဆိုပါ စာတမ်းတွင် ပါဝင်သည့် အကြောင်းအရာများကို ဦးဟံသာမြင့်က ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ပြီးခဲ့သည့် အနှစ် ၂ဝ အတွင်း အဖွဲ့ချုပ်သည် အာဏာပိုင်တို့၏ ဖိနှိပ်မှုကို အဆက်မပြတ် ခံခဲ့ရသည်။ နိုင်ငံအနှံ့ရှိ ရုံးခွဲများ အပိတ်ခံခဲ့ရပြီး အဖွဲ့ဝင်များလည်း အဖွဲ့ချုပ်မှ နုတ်ထွက်ရန် ဖိအားပေး ခံခဲ့ရသည်။

“၁၉၈၈ က စပြီးတော့ အဖွဲ့ချုပ်က အစည်းအဝေးကြီး နှစ်ကြိမ် ခေါ်ယူနိုင်ခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်မှာ ၉ဝ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်တွေ တက်ရောက်တဲ့ အထူး အစည်းအဝေး တရပ် ပြုလုပ်ခဲ့တယ်။ ၁၉၉၇ မှာလည်းပဲ နိုင်ငံတဝန်းလုံးမှာ ရှိတဲ့ ခေါင်းဆောင် အဆင့်ဆင့် ပါဝင်တဲ့ အစည်းအဝေးကြီး တခု ခေါ်ယူနိုင်ခဲ့ပါတယ်” ဟု ဦးဟံသာမြင့်က ရှင်းပြသည်။

၁၉၉၈ ခုနှစ်တွင် အဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအဝေးကြီး တခု ပြုလုပ်ရန် ကြိုးပမ်းခဲ့ရာ အထမမြောက်ခဲ့ပေ။ အာဏာပိုင်တို့က အဖွဲ့ချုပ် အဖွဲ့ဝင် ရာပေါင်းများစွာကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး၊ တချို့ကို ခရီး သွားလာခွင့် ကန့်သတ်လိုက်သည်။

လကုန်ပိုင်းတွင် ပြုလုပ်မည့် ပြည်နယ် တိုင်း အဆင့် ကိုယ်စားလှယ်များ တက်ရောက်မည့် ဆွေးနွေးပွဲကို ပြင်ဆင်နေစဉ် ယခုအချိန်အထိ အာဏာပိုင်များထံမှ အရေးယူ ဆောင်ရွက်ချက် တစုံတရာ ပြုလုပ်ခြင်းကို မတွေ့ရသေးဟု ဦးဟံသာမြင့်က ပြောသည်။

အကဲခတ် တချို့က အဖွဲ့ချုပ် ခေါင်းဆောင်များ အသက်အရွယ် အလွန်အမင်း ကြီးရင့်လာခြင်းကို ထောက်ပြကြပြီး၊ အနှစ် ၂ဝ အတွင်း ပြုပြင် ပြောင်းလဲမှု မရှိခြင်းကို ဝေဖန် အပြစ်တင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးခင်မောင်ဆွေမှလွဲ၍ ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်သူများမှာ အသက် ၈ဝ ဝန်းကျင်များသာ ဖြစ်သည်။

အဖွဲ့ချုပ် သတင်းရပ်ကွက်များ၏ အဆိုအရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှု မရှိခြင်းမှာ အာဏာပိုင်တို့၏ ကန့်သတ်မှုများ၊ ဖိနှိပ်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

လာမည့် ဆွေးနွေးပွဲတွင် ရှေ့လုပ်ငန်းစဉ်များ အကြောင်း ပြောဆိုကြမည်၊ သို့သော်လည်း အဖွဲ့ အတွင်း ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲမဟုတ်ဟု ဦးဟံသာမြင့်က ဆိုသည်။

ဤအတောအတွင်း အဖွဲ့ချုပ်က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ရေးနှင့် ပတ်သက်ပြီး တရားဝင် ကြေညာခြင်း မရှိသေးပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေးကို ပြီးခဲ့သည့် နှစ်က စတင်ပြီး တောင်းဆိုခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြီးခဲ့သည့်လက ပြုလုပ်သည့် အခမ်းအနားတခုတွင် အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေးကို ပြုလုပ်မည် မဟုတ်ကြောင်း အဓိပ္ပာယ် သက်ရောက်သည့် မိန့်ခွန်းကို ပြောကြားခဲ့သည်။

အခြေခံ ဥပဒေ အရ လွှတ်တော်တွင် တပ်မတော်၏ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလို အလျောက် ပါဝင်ရမည် ဖြစ်ပြီး၊ နိုင်ငံ၏ ဦးဆောင်မှု အပိုင်းတွင်လည်း တပ်မတော်က တာဝန်ယူမည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်