အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (အပိုင်း - ၂)

အုပ်စု (ဂ) မှာတော့  အင်္ဂလန်၊ အမေရိကန်၊ အယ်လ်ဂျီးရီးယား၊ ဆလိုဗေးနီးယားတို့ ပါဝင်ပြီး အင်္ဂလန် အသင်းကတော့ ကမ္ဘာ့ ဖလားပြိုင်ပွဲ တိုင်းမှာ ဗိုလ်စွဲနိုင်တယ်လို့ အမြဲ တစ်ပေးခံရတဲ့ အသင်းဖြစ်ပါတယ်။ ဘောလုံးဘိုးအေ နိုင်ငံဖြစ်သလို  ၀ိန်းရွန်နီ၊ လမ်းပတ်၊ စတီဗင်ဂျရတ်၊ ဂျွန်တယ်ရီ တို့လို လက်ရှိ ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ တည်ဆောက်ထားတဲ့ အင်္ဂလန်အသင်းကို အီတလီလူမျိုး နည်းပြ ကာပယ်လိုက ဗိုလ်လုပွဲ ရောက်အောင် ဘယ်လိုပို့ပေးမလဲ ဆိုတာလည်း စိတ်ဝင်စားစရာပါ။

အင်္ဂလန်အသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် တကြိမ်တခါမှ ဗိုလ်လုပွဲကို မရောက်တော့ပါဘူး။

လက်ရှိ အင်္ဂလန်အသင်း အုပ်စုဖွဲ့စည်းပုံကို ပြန်ကြည့်ရင် အုပ်စုချောင်တယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ အုပ်စုဗိုလ်ဖြစ်ခဲ့ရင် လည်း ဆီမီးဖိုင်နယ်ကိုတောင် ရောက်နိုင်တယ်လို့ နိုင်ငံတကာ အားကစားဝေဖန်သူတွေက ပြောဆိုကြပါတယ်။


ဒါပေမယ့် လက်ရှိ လူစာရင်းက အားရစရာတော့ မရှိလှပါဘူး။ နောက်တန်း အားထားရတဲ့ ဖာဒီနန်လည်း လေ့ကျင်ကွင်းမှာ ဒဏ်ရာရရှိသွားပြီး နုတ်ထွက်ထားရတယ်။ ရှေ့တန်းက တိုက်စစ်မှူး ရွန်နီနဲ့ တွဲကစားဖို့ အတွက် လူငယ်တိုက်စစ်မှူး သီယိုဝယ်လ် ကော့လည်း ရွေးချယ်မခံရဘဲ သူ့နေရာမှာ မန်စီးတီးအသင်းက ရိုက်ဖီးလစ်နဲ့ တော်တင်ဟမ် ဟော့စပါးအသင်းက လင်နွန်တို့ကို အစားထိုး ရွေးချယ်ထားပါတယ်။

အုပ်စုတွင်း ပွဲစဉ်တွေမှာတော့ ဖိဖိစီးစီးကစားရမယ့်ပွဲက အမေရိကန်နဲ့ပဲလို့ ပြောရပါလိမ့်မယ်။ အယ်လ်ဂျီရီးယားနဲ့ ဆလိုဗေးနီးယားတို့ကိုတော့ အသင်းလိုက် အားထုတ်လိုက်ရင် ဂိုးမပြတ်တောင် အနိုင်ရစေမှာဖြစ်ပါတယ်။

အမေရိကန်အသင်းကတော့ နည်းပြဟောင်း အရူနာလက်ထက်မှာ ၂၀၀၂ ကမ္ဘာ့ဖလားနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး အုပ်စုက ကျွတ်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။

ယခုအသင်းကို ကွင်းလယ်ကစားသမား ကလင့် ဒမ်ဆေး၊ လန်ဒိုနိုဗန်တို့နဲ့ တည်ဆောက် ထားပေမယ့် နည်းစနစ်၊ ဗျူဟာပိုင်းနဲ့ အဆုံးသတ်အတွက် တိုက်စစ်မှူးကောင်းတွေတော့ နည်းပါးပါတယ်။ အင်္ဂလန်ကို သရေကျအောင် ထိန်းကစားပြီး  ကျန် ၂ သင်းကို အနိုင်ကစားနိုင်ရင် အုပ်စုက ကျွတ်မှာပါ။ အုပ်စုတက်ဖို့ အခွင့်အလမ်းများပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၃၁ ရှိ အယ်လ်ဂျီးရီးယား အသင်းကတော့ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကိုလည်း ၂ ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အသင်းဖြစ်ပါတယ်။ ဘောလုံးသင်းတသင်းမှာ ရှိသင့်တဲ့ အသင်းစုစည်းမှု၊ နည်းစနစ်ကြွယ်ဝတဲ့ နည်းပြ၊ စွမ်းရည်ထက်မြက် ကျွမ်းကျင်တဲ့ ကစားသမားကောင်းတွေ မရှိသလောက်လို့ ဆိုရပါမယ်။ အစောဆုံးလေယာဉ်နဲ့ ပြန်ရမယ့် အသင်းတွေထဲမှာ စာရင်းတို့လို့ ရပါတယ်။ အမှတ်ပေးအသင်းအဖြစ် မှတ်တမ်းဝင်နိုင်ပါတယ်။

ဆလိုဗေးနီးယား အသင်းကတော့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အသင်းငယ်လေးဖြစ်ပါတယ်။ ဥရောပ အသင်းတသင်းအနေနဲ့ ဘောလုံး ကစားနည်းပိုင်းမှာတော့ ရင်းနှီးကျွမ်းကျင်မှု ရှိနိုင်ပေမယ့် အောင်ပွဲခံဖို့တော့ မလွယ်သေးပါဘူး။ အုပ်စုအဆင့်ကို ကျော်လွှားနိုင်ဖို့က အမေရိကန်ကို အနိုင်ကစားနိုင်မှ မျှော်လင့်လို့ရမှာပါ။

အယ်လ်ဂျီးရီးယားနဲ့ ဆလိုဗေးနီးယား ဘယ်သူက ဂိုးများများ မပေးရလဲဆိုတာပဲ စောင့်ကြည့်ရမှာပါ။ အုပ်စု (ဂ) မှာတော့ အင်္ဂလန်နဲ့ အမေရိကန်တို့ပဲ အုပ်စုက တက်နိုင်မှာပါ။


အင်္ဂလန်အသင်း

နည်းပြ - ဖေဘီယို ကာပယ်လို
ဂိုး - ဂျိုးဟတ်၊ ရောဘတ်ဂရင်း၊ ဒေးဗစ်ဂျိမ်း
နောက်တန်း - ဂလင်းဂျွန်ဆင်၊ ၀ါးလ်နော့၊ ဒေါဆန်၊ ကာရာဂါ၊ လက်ဒလေကင်း၊ ဂျွန်တယ်ရီ၊ မက်သရူး အပ်ဆန်၊ အက်ရှ်လေကိုး
အလယ်တန်း - လင်နွန်၊ ဂျိမ်းစ် မီလ်နာ၊ ရှောင်ရိုက်ဖီးလစ်၊ စတီဗင်ဂျရတ်၊ ဂျိုးလ်ကိုး၊ မိုက်ကယ် ကာရစ်၊ ဖရန့် လမ်းပတ်၊ ဂရတ်ဘယ်ရီ
ရှေ့တန်း -  ၀ိန်းရွန်နီ၊ ဂျာမိန်းဒီဖိုး၊ ဟပ်စကီး၊ ပီတာခရောက်ခ်ျ

အမေရိကန်အသင်း

နည်းပြ- ဘရက်ဒလေ
ဂိုး - ဘရက် ဂူဇန်၊ မားကပ် ဟန်းနီးမန်း၊ တမ်ဟောင်းဝပ်
နောက်တန်း - ဂွန်ဆွန်၊ ဘွန်စတိန်း၊ ဒီမဲရစ်၊ စပက်တာ၊ ဘိုကာနီဂရာ၊ အွန်ယီဝူ၊ ချီရန်ဒိုလို
အလယ်တန်း - တောရက်စ်၊ ဟိုလ်ဒန်၊ အီဒူး၊ ကလပ်ခ်၊ ဘရတ်ဒလေ၊ ဖီဟာဘာ၊ ဒမ့်ဆေးလ်၊ ဒိုနိုဗန်၊ ဘီယာစလေ
ရှေ့တန်း - ဂိုမက်ဇ်၊ ဖိုင်ဒလီ၊ အယ်တီဒိုရီ၊ ဘတ်ဒလီ

ဆလိုဗေးနီးယား အသင်း

နည်းပြ- မက်ဂျက်ဇ် ကတ်
ဂိုး - ဂျက်စမင် ဟန်ဒါနိုဗစ်၊ အာမီရာ ဟန်ဒါနိုဗစ်၊ ဆီလီဂါ
နောက်တန်း - ဇင်းနစ်၊ ဆူလာ၊ ဂျိုကစ်၊ ဖိုင်ကိုဗစ်၊ မာဗရစ်၊ ဘရက်ကို၊ အိုင်လစ်၊ ဆီဇာ
အလယ်တန်း - ရီနာ၊ ဆန်ဒါ၊ ပက်နစ်၊ ရာဒို ဆလပ်ဗ် ဂျီဗစ်၊ကီရင်၊ စတီဗန် နိုဗစ်၊ အန်ဒရေ ကိုမက်၊ ရောဘတ်ကိုရန်
ရှေ့တန်း - မာတက်ဗ်ဇ်၊ ဘီရာဆာ၊ နိုဗာကိုဗစ်၊ လွီဘီဂျန်ကစ်၊ ဒီဒစ်

အယ်လ်ဂျီးရီးယား အသင်း

နည်းပြ - ရာဘတ် ဆာဒင်း
ဂုိး - ခ်ာအူခ်ီ၊ ဂါအာ၀ီ၊ အမ္ဘုိဟလီ
နောက်တန်း - လိုင်ဖာအူဝီ၊ ဟာလီချီ၊ ဘူဂီရာ၊ ဘဲလ်ဟတ်ဂ်ျ၊ မက်ဂျီနီ၊ မက်ဖ်တက်ဟ်၊ဘဲလိတ်၊ ယာဟီယာ
အလယ်တန်း - ဂွီဒီယိုအူရာ၊ ဘူဒီဘော့ဇ်၊ ကာဒီယာ၊ ဇီယာနီ၊ လာဆန်၊ အပ်ဒွန်၊ ယက်ဘ်ဒါ၊ မတ်ဆူရီ
ရှေ့တန်း - ဂီဇယ်၊ မက်မိုအာ၊ ဂျက်ဘော၊ ဆိုင်ဖီ

-----------------------------------------------

အုပ်စု (ဃ) မှာတော့ ဂျာမနီ၊ သြစတြေးလျ၊၊ ဆားဘီးယားနဲ့ ဂါနာတို့ ပါဝင်ပါတယ်။ တချို့ကတော့ အုပ်စုကျပ်လို့ သတ်မှတ်ကြ တယ်။

ဂျာမနီလို အင်အား တောင့်တင်းတဲ့ အသင်းအတွက်တော့ ချောင်တယ်လို့ပဲ ပြောရမှာပါ။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပပွဲတွေမှာ နောက်ဆုံးဆန်ခါတင် ၄ သင်းမှာ ပါဝင်ခဲ့တာ ချည်းပါပဲ။ ကမ္ဘာ့ဖလားချန်ပီယံ ၃ ကြိမ် အောင်ပွဲခံနိုင်ခဲ့ပြီး  ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဒုတိယနဲ့  ၂၀၀၆ မှာ တတိယရှိခဲ့ပါတယ်။ ၂၀၀၈ ဥရောပ ချန်ပီယံပွဲမှာလည်း စပိန်ကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။


ဘောလုံးရသကို ဘရာဇီးတို့ ၊ အာဂျင်တီးနားတို့ ၊ အင်္ဂလန်တို့ ၊ အီတလီတို့လို မဖန်တီးနိုင်ပေမယ့် တည်ငြိမ်တဲ့ တည်ဆောက်ပုံ၊   တောင့်တင်းတဲ့ ကစားကွက်ပုံစံနဲ့ လိုက်လျောညီထွေ ကစားတဲ့ အသင်းပါ။ ခပ်ကြမ်းကြမ်း၊ ခပ်မာမာ ကစားကွက်ပုံစံနဲ့ ဂျာမနီတို့ရဲ့ စိတ်ဓာတ်ကို ပုံဖော်နိုင်ပါတယ်။

နည်းပြ ဖြစ်သူ ဂျိုအာချင်လိုးဟာလည်း ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂန္ထ၀င်တိုက်စစ်မှူး ကလင်း  စမန်းရဲ့ လက်ထောက်နည်းပြ တဦးပါ။ သို့ပေမယ့် နည်းပြအတွေ့ အကြုံနည်းပါးမှု၊ လူရွေးချယ်မှုနဲ့ ကစားသမား လဲလှယ်ရာမှာ အကြီးအကျယ် အဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ယူရို ၂၀၀၈ ပြိုင်ပွဲရလဒ်ကို ဂျာမနီ ဘောလုံးပရိသတ်က ယခုထက်ထိ ဝေဖန်နေဆဲပါပဲ၊။ ဂျာမနီအသင်းကို အဓိက ထိုးနှက်ချက် ဖြစ်သွားစေတာကတော့ အသင်းခေါင်းဆောင် မိုက်ကယ်ဘောလက် ဒဏ်ရာကြောင့် မပါဝင်နိုင်ခြင်းပါ။ ကွင်းလယ်ကစားကွက် အားပျော့သွားပြီး အသင်းကို ဦးဆောင်မှု အားနည်းသွားစေတယ်လို့ မှတ်ချက်ပြု ပြောဆိုကြပါတယ်။

ဂျာမနီအသင်းရဲ့ ကစားသမားစာရင်းကို ကြည့်ရင်လည်း ယူရို ၂၀၀၈ နဲ့ ကမ္ဘာ့ဖလား ၂၀၀၆ က ကစားသမား အများစုပါဝင် နေဆဲပါပဲ။

သြစတြေးလျအသင်းကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၂၀) ရှိတဲ့ အသင်းပါ။  ခြေစွမ်းထက်မြက်ပြီး ကြံရည်ဖန်ရည်ရှိတဲ့ ပါရမီ ရှင်ဘောလုံးသမားကို လက်ညှိုးထိုးပြရရင် ဗီဒူကာတို့၊ ဟယ်ရီ ကီးဝဲတို့ ပေါ်ထွန်းတဲ့နိုင်ငံပါ။ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ပေမယ့် အာရှတိုက် ပတ်ဝန်းကျင်မှာသာ ခြေစွာနိုင်တဲ့ အသင်းမျိုးပါ။

သြစတြေးလျအနေနဲ့ အုပ်စုက ကျော်လွန်နိုင်ဖို့ဆိုရင် အာဖရိကတိုက်က ဂါနာကို အနိုင်ရအောင်ကစားရမှာပါ။ အုပ်စုတွင်း အသင်း တသင်းဖြစ်တဲ့  ဆားဘီးယားကတော့ အသင်းလိုက်စုစည်းမှု၊ အားကစားစိတ်ဓာတ်၊ မာကျောကျစ်လစ်တဲ့ ခုခံကာကွယ်ကစား မှုကြောင့် သြစတြေးလျအသင်းရဲ့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ ဟယ်ရီ ကီးဝဲလ်တို့ ပြန်လည် ပါဝင်လာပေမယ့် အသက် အရွယ်အရ ခြေကျနေတဲ့အချိန်ပါ။ လူသစ်တန်းထဲကလည်း  ခြေစွမ်းရှိတဲ့လူငယ်တွေ ထွက်ပေါ်လာမှုလည်း နည်းပါးပါတယ်။

အုပ်စုတွင်း ပြိုင်ဘက် ဆားဘီးယားအသင်းမှာတော့ အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ရှိသလို အတွေ့အကြုံပိုင်းမှာလည်း အားကောင်း ရင့်ကျက်ပြီး  ဘောလုံးကျွမ်းကျင်မှုနဲ့ အသင်းလိုက်စုစည်းမှုက အုပ်စုဝင်ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။

မန်ယူအသင်းက နောက်ခံလူ ဗီဒစ်၊ အင်တာမီလန် ကွင်းလယ်ကစားသမား စတန်ကိုဗစ်၊ လီဗာပူးရဲ့ ဂျိုဗန်နိုဗစ် တို့နဲ့ အသင်းကို တည်ဆောက်ထားပါတယ်။

ခြေစစ်ပွဲ တလျှောက်မှာလည်း  ခံစစ်တည်ငြိမ်မှုကြောင့် ပြိုင်ဘက်အသင်းတွေ ခက်ခက်ခဲခဲ ကစားရတဲ့ အသင်းဆိုရင်မမှားပါဘူး။ အုပ်စုတွင်းမှာ ဂိုးကံ ကောင်းရင် ဂျာမနီကို သရေ ရအောင်ကစားပြီး အုပ်စု ကျော်လွန်နိုင်တဲ့အထိပါ မျှော်လင့်ထားတဲ့ အသင်းဖြစ် ပါတယ်။

အတွေ့အကြုံများတဲ့ နည်းပြ ရာဒိုမီရာ အန်တစ်ကြောင့် ဆားဘီးယားအသင်းဟာ မမျှော်လင့်ဘဲ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ခရိုအေးရှားအသင်းလို ဘောလုံးလောကကို အံ့အားသင့်သွားစေ မှာပါ။

အိမ်ရှင်တောင်အာဖရိက နိုင်ငံရဲ့ အိမ်နီးချင်း ဂါနာနိုင်ငံအသင်းကလည်း အာဖရိကတိုက်မှာ ဘောလုံးအစဉ်အလာရှိတဲ့ နိုင်ငံ အသင်း တခုပါ၊  ပြီးခဲ့တဲ့ ၂၀၀၆ တုန်းက ပထမအကြိမ် ၀င်ပြိုင်ခွင့်ရတဲ့ ဂါနာအသင်းဟာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး ခြေစွမ်းပြခဲ့ပါတယ်၊

ဂါနာအသင်းရဲ့ ပြဿနာကတော့ အဓိက ကစားသမားတွေ ဒဏ်ရာနဲ့ ရုန်းကန်နေရတာပါပဲ။ ပရီးမီးယားနဲ့ အက်ဖ်အေ ချန်ပီယံ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်တဲ့ အက်စီယန်ကလည်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတာ  ကြီးမားတဲ့ နစ်နာမှုတခုပါ။

အသင်းကို ၀ါရင့် ကစားသမားဖြစ်တဲ့ စတီဖင် အပီးယား၊ မွန်တာရီ၊ အဆာမိုတို့နဲ့ တည်ဆောက်ထားပါတယ်။

နောက်တန်းခံစစ် မာကျောပေမယ့် တိုက်စစ်ဂိုးသွင်းနိုင်မှု အနေအထားက အားနည်းနေလေတော့ ဂိုးရဖို့အခွင့်အရေးတွေ ဆုံးရှုံးစေနိုင်ပါတယ်။။ ဂါနာရဲ့ အားသာချက်ကတော့  အာဖရိကမှာ ကျင်းပတဲ့ ပြိုင်ပွဲဖြစ်လို့ အုပ်စုတွင်း အိမ်ရှင်ပုံစံမျိုး ကစားရနိုင်တာပါပဲ။

ဒီအုပ်စုမှာလည်း ဂျာမနီနဲ့ ဆားဘီးယားပဲ အုပ်စုက ကျွတ်နိုင်မယ့် အနေအထားပါ။

ဂျာမနီ အသင်း

နည်းပြ - ဂျိုးအာချင်လိုး
ဂိုး - နူအာ၊ ၀စ်စီ၊ ဂျော့ဘတ်
နောက်တန်း - ဘိုတန်၊ ဂျန်ဆန်၊ တက်စီ၊ ဖရိုင်းဒရစ်၊ ဖိလစ်လမ်း၊ မာတီဆက်ကာ
အလယ်တန်း - ဘတ်စတူဘာ၊ ခီဒီယာ၊ ရှဝိန်းစတိုင်ဂါ၊ အိုဇေးလ်၊ ထရိုချောစကီ၊ ခရိုးစ်၊ မာရင်း၊ အိုချို၊ မူလာ
ရှေ့တန်း -  ကီဘလင်း၊ ပိုလ်ဒေါလ်စကီး၊ ကလိုဆေး၊ကာကူး၊ ဂိုမက်စ်

သြစတြေးလျ အသင်း

နည်းပြ - ပင်ဘားဘိခ်
ဂိုး - ဖီဒါရီစီ၊ ဘရက်ဂျုံးစ်၊ ရှဝါဇာ
နောက်တန်း - လူးကပ်နေးလ်၊ မီလီဂန်၊ မိုက်ကယ် ဘီဂျွန်၊ ၀ီလ်ရှိုင်းယား၊ ကာနေး၊ ခရိတ်ခ်ျမိုး၊ ချစ်ပါဖီးလ်
အလယ်တန်း - ဘရက်စီယာနို၊ ကူလီနာ၊ အီမာတန်၊ ဂရေလာ၊ ကာဟေး၊ ဟိုလ်မန်း၊ ဗယ်လာရီ၊ ဂျီဒီနက်၊ ဗီဒိုဆစ်၊ ဂျာဆီယာ၊
ရှေ့တန်း - ရူကာဗက်စရာ၊ ကီးဝဲလ်၊ ကနေဒီ

ဆားဘီးယား အသင်း

နည်းပြ - ရာဒိုမာအန်းတစ်
ဂိုး - ဂျူရီဆစ်၊ အိုက်ဆာလိုဗစ်၊ စတော့ဂ်ျ ကိုဗစ်
နောက်တန်း - ဗီဒစ်၊ ရူကာဗီနာ၊ ကိုလာရောဗ်၊ အိုင်ဗန်နိုဗစ်၊ လူကိုဗစ်၊  အိုဘရာဒိုဗစ်၊ ဆူဗိုတစ်
အလယ်တန်း - မီလီဂျက်၊ ခါကာ၊ ပက်ထရိုဗစ်၊ စတန်ကိုဗစ်၊ ကရာဆစ်၊ နင်ကိုဗစ်၊ ကတ်ဇ်မန်နိုဗစ်၊ တိုဆစ်
ရှေ့တန်း - ဂျိုဗန်နိုဗစ်၊ လာဇိုဗစ်၊ ပန်တီလစ်၊ ဇီဂျစ် ၊  မာဒါ

ဂါနာ အသင်း

နည်းပြ – မီလိုဗန် ရာဂျီဗစ်ခ်ျ
ဂိုး - အာဟာလူ၊ အဒီဂျီ၊ ကင်းဆွန်
နောက်တန်း - ဆာပိုင်၊ ပန့်ဆေးလ်၊ ဂျိုနာသန် မန်ဆက်၊ ဂျွန် မန်ဆက်၊ အင်ခွန်း၊ ဗော်ဆက်၊ လီအာဒီ
အလယ်တန်း -  မွန်တာရီ၊ ကီဗင်ပရင့်ဘိုတန်၊ အပီယာ၊ အန်နန်၊ ဘိုတန်၊ အာယူး၊ အဆာမို
ရှေ့တန်း - အာမိုယာ၊ အဒီယာ၊ တဂိုး၊ ဂျီယန်း၊ ရာဟင်အာယူး၊ အဘီယေး
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်