စောင့်ကြည့်ရမည့် ကစားသမား ၇ ဦးနှင့် အသင်း ၇ သင်း

ယခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ၌ စောင့်ကြည့်ရမည့် ကစား သမား ၇ ဦး နှင့် အသင်း ၇ သင်းကို ဇွန်လ   ၁၄ -၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော တိုင်းမ် မဂ္ဂဇင်းက ရွေးချယ် ထားသည်ကို ဖော်ပြလိုက်ပါသည်။

စောင့်ကြည့်ရမည့် ကစား သမား ၇ ဦး

ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

ကမ္ဘာကျော် ရီးရဲမက်ဒရစ်အသင်းကြီး၏ တောင်ပံကစားသမားဖြစ်သည်။
အသင်း ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ ၁၃၂ သန်း ရှိသည်။

လျင်မြန်မှုဖြင့် တဖက်အသင်း နောက်ခံလူများကို လှည့်ပတ်ကစားလေ့ရှိသော ကစားဟန်က ပေါ်တူဂီ အသင်း၏ ကမ္ဘာ့ဖလား ရယူရေး အိမ်မက်ကို ဖြည့်ဆည်းပေးနိုင်မပေးနိုင် စောင့်ကြည့်ရမည်ဖြစ်သည်ဟု ဆိုသည်။
လိုင်ယွန်နယ် မက်ဆီ (အာဂျင်တီးနား)

ပြိုင်ပွဲတွင် သွက်လက်သည့် ကစားဟန်၊ အံ့သြဖွယ်ရာ ဘောလုံးစွမ်းရည်တို့က ဘောလုံးချစ်သူများကို စိတ်လှုပ်ရှားမှုရသ အပေးနိုင်ဆုံး ကစားသမားအဖြစ် အသိအမှတ် ပြုခံထားရသည်။

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ၂ ကြိမ်ရယူထားသည့် တောင်ပံတိုက်စစ်မှူး မက်ဆီ၏  အရည်သွေးကို နည်းပြဖြစ်သူ မာရာဒိုနာက၏ နည်းဗျူဟာနှင့် ပေါင်းစပ်နိုင်မလား ဆိုသည့် အချက်ကိုမှု စောင့်ကြည့်ရမည် ဖြစ်သည်။
မိုင်ကွန် (ဘရာဇီး)

လတ်တလော ဥရောပ ချန်ပီယံလိဂ် ဖလား ရယူထားသည့် အင်တာမီလန်အသင်း နောက်ခံလူတဦးဖြစ်သည်။ နောက်တန်း ခံစစ် တွင် သာမက တိုက်စစ်တွင်လည်း လိုက်ပါကစားနိုင်ပြီး တဖက်အသင်းကို ဒုက္ခပေးနိုင်သည့် ဘရာဇီး အသင်း၏ မျက်နှာသစ် ကစားသမား တဦးဖြစ်သည်။

မိုင်ကွန်၏ သွက်လက်သည့် ဘောလုံးစွမ်းရည်ကို သိလိုလျှင်  ပြီးခဲ့သည့် အီတလီစီးရီး အေ ပွဲစဉ်ဖြစ်သည့် အင်တာမီလန် နှင့် ဂျူဗင်တပ်စ် ပွဲစဉ်ကို You Tube အင်တာနက် စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။
ဝိန်းရွန်နီ (အင်္ဂလန်)

၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားတွင် အနီကတ်ဖြင့် ထွက်ခဲ့ရသည့် အင်္ဂလန် အသင်း၏ အဓိက ရှေ့တန်း တိုက်စစ်မှူး ရွန်နီ၏ ဂိုးသွင်း စွမ်းရည်မှာ ယခုအခါ ပို၍ တိုးတက်လာသည်။ ယခင်က ခေါင်းတိုက်ဂိုးများ သွင်းယူနိုင်ခြင်းမရှိသော်လည်း ၂၀၀၉ ခုနှစ် တွင်မှု  ၉ ဂိုးအထိ သွင်းယူထားသည်။ ၂၀၀၉-၁၀ အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ် ကလပ်အသင်း ဘောလုံးပြိုင်ပွဲတွင် ၂၆ ဂိုး သွင်းယူခဲ့ကာ ပြိုင်ပွဲတွင် ဒုတိယ ဂိုးအများဆုံးသွင်းယူသူ တဦးဖြစ်လာသည်။
အီတိုး (ကင်မရွန်း)

အာဖရိကတိုက်၏ အကောင်းဆုံး ဘောလုံးသမားဆုကို သုံးကြိမ် ရရှိထားသူ အာဖရိကတိုက်၏ သူရဲကောင်း တဦး ဖြစ်သည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကင်မရွန်း အသင်းအတွက် ၉ ဂိုးတိတိ သွင်းယူပေးခဲ့သည်။

ကမ္ဘာကျော်ကလပ် အသင်းကြီး ၂ သင်းတွင် ကစားခဲ့ပြီး ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် သုံးကြိမ် ပါဝင် ကစားခဲ့သူဖြစ်သည်။
ကား ဆီးလက်စ် (စပိန်)

၄၄ နှစ်ကြာ ဝေးကွာနေသည့် ၂၀၀၈ ခုနှစ် ဥရောပ ဖလား ရယူရာတွင် စပိန်ဘောလုံးအသင်းအတွက် အဓိက နေရာမှ ပါဝင်ကစား ပေးခဲ့သည့် ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တဦး ဖြစ်သည်။ ကစားကွင်း အတွင်း ထက်သန်သော ပုံရိပ်က သူ့ နိုင်ငံအတွက် ဆုဖလား ရယူရာတွင် အရေးပါသူ တဦးဖြစ်မည်လားဟူသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဒမ်ဆေး (အမေရိကန်)

တိုက်စစ်မှူးများ ဂိုးသွင်းယူနိုင်ရန်အတွက် အကောင်းဆုံး ဖန်တီးပေးနိုင်သည့် ကွင်းလယ် ကစားသမား ဒမ်ဆေးကို နည်းပြဖြစ်သူ ဘရက်ဒလေ က ၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် အသင်း၏ အဓိက ခံစစ်ကစားသမားတဦး အဖြစ် မျှော်လင့်ထားသည်။

စောင့်ကြည့်ရမည့် အသင်း ၇ သင်း

ဘရာဇီးအသင်း

တိုက်စစ်မှူး ဒရော့ဘာ ၏ အိုင်ဗရီကို့စ်အသင်း၊ ဥရောပ၏ ဘရာဇီးအသင်းဟု တင်စားခေါ်ဝေါ်နေသည့် စီရော်နယ်ဒို၏ ပေါ်တူဂီ အသင်းနှင့် တအုပ်စုတည်း ကျရောက်နေသည်။

၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ၁ ဂိုး ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

လက်ရှိအသင်းသည် ဘရာဇီး ကစားဟန်ဟု ခေါ်ဆိုရမည့် တိုက်စစ် ဦးစားပေး ကစားဟန်ထက် ခံစစ်ကို ဦးစားပေးထားသည်ဟု တိုင်းမ် မဂ္ဂဇင်းက သုံးသပ်ထားသည်။

စပိန်အသင်း

ဘာစီလိုနာ ကစားသမား ဇာဗီအလွန်၊ လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၊ ဒေးဗစ်ဗီလာ တို့ကဲ့သို့ စောင့်ကြည့်ရမည့် ကစား သမားများနှင့် အသင်းကို တည်ဆောက်ထားပြီး၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားပွဲ နောက်ပိုင်း နိုင်ငံတကာပွဲ ၃၅ ပွဲ ရှုံးပွဲမရှိ စံချိန်တင် ထားသည်။

အာဂျင်တီးနား အသင်း

“ဘုရားပေးသောလက်ပိုင်ရှင်”နည်းပြ မာရာဒိုနာ ကိုင်တွယ်နေသည့် အသင်းဖြစ်ပြီး၊ အသင်းကို မက်ဆီ၊ တီဗက်စ်၊ အဂူရို စသည့် ကစားသမားကောင်းများနှင့် တည်ဆောက်ထားသည်။ သို့သော် ခြေစစ်ပွဲတွင် စိတ်ပျက်ဖွယ် ခြေစွမ်းဖြစ်ခဲ့သည်။

အင်္ဂလန် အသင်း

ပွဲတပွဲ၏ အဓိကအပြောင်းအလဲကို ကစားသမား ၀ိန်းရွန်နီ အပေါ်တွင် ကျရောက်နေသည်။ ဒေးဗစ် ဘက်ဟမ်း ကဲ့သို့ ဖြတ်တင် ဘောများ တင်ပေးမည့် ကစားသမား မပါဝင်ပေ။ ဂိုးသမားနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

နယ်သာလန် အသင်း

ယူရို ၂၀၀၈ ပြိုင်ပွဲတွင် ပြင်သစ်နှင့် အီတလီအသင်း တို့ကို အံသြဖွယ်ကောင်းလောက်အောင် ဂိုးပြတ် အနိုင်ယူခဲ့သည်။ ထို့နောက် ခြေစွမ်းပြန်ကျသွားပြီး ယခု ကမ္ဘာ့ဖလားတွင်မူ ပရိသတ်ကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မည်ဟု ခန့်မှန်းနိုင်သည်။

အီတလီ အသင်း

ပြီးခဲ့သည့် ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့်အတွက် နည်းပြ မာဆယ်လို လစ်ပီ တယောက် သူရဲ ကောင်းဖြစ်ခဲ့သည်။ 

ခံစစ်ကို ဦးစားပေးသည့် ကစားဟန်သည် ပျင်းရိဖွယ်ကောင်းသော်လည်း ဂိုးသမား ဂီယန်လူဂီ ဘတ်ဖွန်က ချန်ပီယံဆု အတွက် ကာကွယ်မည်ဟု ကြွေးကြော်ထားသည်။

အမေရိကန် အသင်း

အင်္ဂလန်အသင်းနှင့် အုပ်စုတစုတည်း ကျရောက်နေသော်လည်း အုပ်စုချောင်ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည်။ အာဂျင်တီးနား၊ ဆားဘီးယား တို့နှင့် တွေ့ကောင်းတွေ့နိုင်သည်။ အမေရိကန်အသင်း အနေဖြင့် အံ့သြဖွယ်ရာများ လုပ်ပြနိုင်မည် လား ဆိုသည့် မေးခွန်းကိုမူ ယခုနှစ် ကမ္ဘာ့ဖလားတွင် စောင့်ကြည့်ရမည်ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်