အမျိုးသား ဘောလုံး သူရဲကောင်းတို့ရဲ့ စီးချင်းထိုးပွဲများ (၃)

အုပ်စု (င) မှာတော့  နယ်သာလန်၊ ဒိန်းမတ်၊ ဂျပန်၊ ကင်မရွန်းတို့ ပါဝင်ပြီး ဥရောပတိုက်မှ ၂ သင်း၊ အာဖရိက နဲ့ အာရှ တိုက်က တသင်းစီ ဖြစ်ပါတယ်။

ယေဘုယျ ကြည့်ရင် နယ်သာလန် အသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ် အင်အားကောင်းနေတာက ပြိုင်ဘက်အသင်းတွေထက် ခေါင်း တလုံးမြင့်နေသလို ဖြစ်နေတာ တွေ့ရမှာပါ။

အာဖရိက ခြင်္သေ့တွေလို့  တင်စားထားတဲ့ ကင်မရွန်း အသင်းရဲ့ ဘောလုံး စွမ်းရည်နဲ့ ကမ္ဘာ့ဖလား အတွေ့ အကြုံတွေ ကလည်း နယ်သာလန်နဲ့ ဒိန်းမတ်ကို သတိပေးနေ သလိုပါပဲ။ ၁၉၉၀ ခုနှစ်နောက်ပိုင်း အာဖရိက ပြိုင်ပွဲတွေနဲ့ ကမ္ဘာ့ဖလား ပွဲတွေမှာ ကင်မရွန်း အသင်းရဲ့ ခြေစွမ်းက တိုးတက် မလာဘဲ ကျဆင်း သွားတယ်လို့ အားကစား သတင်းဌာန တွေက ဝေဖန် ထောက်ပြ ကြပါတယ်။

အာရှတိုက်ရဲ့ ထိပ်တန်း ၄ သင်းစာရင်းဝင် ဂျပန်အသင်းကတော့ အာရှခြေစစ်ပွဲတွေ အောင်မြင်ပြီး ကမ္ဘာ့ ဖလားပွဲတွေမှာ ယှဉ်ပြိုင် ခွင့်ရပေမယ့် အုပ်စုအဆင့်ကနေပဲ လှည့်ပြန်နေရတဲ့ အနေအထားမျိုးပါ။ နာတာကာလို ကစားသမားမျိုး ထပ်မံပေါ်ထွန်းတာက လည်း ဂျပန်အသင်းရဲ့ လက်ရှိ အနေအထားကို ပြသနေတာပါပဲ။

အုပ်စု (င) ကို သုံးသပ်ကြည့်ကြရအောင်ပါ။

အခုလက်ရှိအခြေအနေမှာ နယ်သာလန်အသင်းကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၃) နေရာမှာရှိနေပြီး ၁၉၇၄ ခုနှစ်နဲ့ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို (၈)ကြိမ်တိတိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံ မှာ ကျင်းပတဲ့ ကမ္ဘာ့ ဖလားပြိုင် ပွဲမှာတော့ စတုတ္ထအထိ တက်လှမ်းခဲ့ဖူးပါတယ်၊ ဘောလုံးလောကမှာ လေးစားခံရတဲ့ ထိပ်တန်း အသင်း တသင်း ဖြစ်ပေမယ့် ကြီးကြီးမားမား အောင်မြင်မှုတွေကိုတော့ မရရှိသေးပါဘူး။

ညီနောင်သုံးဖော်လို့ နာမည်ကြီးခဲ့တဲ့ ဗန်ဘက်စတန်၊ ဖရန့်ရီကတ်၊ ရုဒ်ဂူးလစ်မှအစ ဘားကမ့်၊ အက်ဂါဒေးဗစ်၊ ကလွိုက်ပက်၊ အိုဗားမား၊ ဗန်ရုဒ် နစ်စတယ်ရိုင်းနဲ့ နောက်တန်းလူ ဂျပ်စတန်းတို့ ကို မွေးထုတ်ပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။

သူတို့ရဲ့တသင်းလုံး တိုက်စစ်ရော ခံစစ်ပါကစားတဲ့ Total Football ကစားနည်းနဲ့ ခြေစစ်ပွဲတိုင်းကို အနိုင် ကစားခဲ့ပါတယ်။ အင်တာမီလန် ကွင်းလယ်ဖန်တီးရှင် ရှနိုက်ဒါ၊ ဗန်ဒါဗတ်၊ ကူရစ် စတဲ့ ဘောလုံးသမား ကောင်းတွေနဲ့ တည်ဆောက်ထားပြီး  ဗိုလ်လုပွဲမှာလည်း ပြိုင်ဘက်အသင်းတိုင်းကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ရတဲ့အသင်းပါ။ လက်ရှိခြေစွမ်းအရ အကြိုဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဒိန်းမတ်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၃ ကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းပါ။ တဦးချင်းထူးချွန်သူတွေ နည်းပါးပေမယ့် အသင်းလိုက်စုစည်းမှုနဲ့ တည်တည်ငြိမ်ငြိမ် ကစားသွားတတ်တဲ့ အသင်းတသင်းပါ။ အသင်းလိုက် ကစားအား ကောင်းတာ ကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ ဥရောပအသင်းကောင်းတသင်းလို့ ပြောရင်ရပါတယ်။

ပေါ်တူဂီ၊ ဆွီဒင်၊ ဟန်ဂေရီ အစရှိတဲ့အသင်းတွေကို အသာစီးနဲ့ ကျော်ဖြတ်ပြီး အုပ်စုပထမနဲ့ တိုက်ရိုက် ခြေ စစ်ပွဲအောင်လာ ခဲ့တဲ့ အသင်းပါ၊ နည်းပြကြီး အိုးလ်ဆင်ရဲ့ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာနဲ့ ၀ါရင့် တိုက်စစ်မှူး တိုမာဆင်၊ ခရစ်တီယန် ပိုလ်ဆင်၊ လာဆင်၊ ရွန်းမဲလ်ဒါး တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်ကောင်းရနိုင်တယ်လို့ ခန့် မှန်းတွက်ချက် ပြောဆို နေကြတာပါ။

လက်ရှိ လူ အခင်းအကျင်း၊ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်အရတော့ အုပ်စု အဆင့်က လွတ်နိုင်ဖို့ရှိပြီး ဂိုးကံကောင်းရင် ကွာတား ဖိုင်နယ် အဆင့်ထိ တက်နိုင်ပါတယ်။ ဒါပေမယ့် တောင်အာဖရိကအသင်းနဲ့ ခြေစမ်းပွဲ ကစားရာမှာ ၁ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်သွားခဲ့တယ်။

ဂျပန်အသင်းနည်းပြ အိုတာဒါက ဆီမီးဖိုင်နယ်အထိ ဂျပန်အသင်းဟာ တက်ရောက်နိုင်လိမ့်မယ်လို့ ကြွေးကြော်ထားပါတယ်။ နာကာမူရာ၊ ဟွန်ဒါတို့ နှစ်ဦးသာ ဥရောပအဆင့်မီ ကစားသမားပါဝင်ပြီး ပြည်တွင်းလိဂ် ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထား တယ်။

နယ်သာလန်၊ ဒိန်းမတ်အသင်းတို့ကို နိုင်ဖို့မလွယ်ကူသလို အာဖရိက ခြင်္သေ့ ကင်မရွန်းကိုလည်း နိုင်ဖို့မလွယ်ကူပါဘူး။

ကင်မရွန်း အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်၊ အာဖရိကဖလားပြိုင်ပွဲတွေမှာ ၄ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ဖူးပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတား ဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အုပ်စု ဒုတိယ နေရာရရှိနိုင်ဖို့ အခွင့်အလမ်းရှိပေမယ့် ဒိန်းမတ်အသင်းကို ခြေရည်တူ ကစားနိုင်မှ မျှော်လင့်လို့ ရမှာပါ။

အသင်းရဲ့ အားကိုးလောက်တဲ့ ကစားသမားတွေကတော့ အင်တာမီလန် တိုက်စစ်မှူး အီတိုး၊ တော့တင်ဟန် စပါးစ် အသင်း ရဲ့ ဘတ်ဆောင်း၊ အီကော်တို၊ ပြင်သစ်လိဂ်နဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါ မှာ ကစားနေတဲ့ ကစားသမားတွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အာဖရိကတိုက်မှာ ကစားမှာဖြစ်လို့ ရေမြေရာသီဥတုကလည်း ကင်မရွန်းအသင်းကို အထောက်အကူဖြစ်စေပါတယ်။

ခြေစစ်ပွဲတလျှောက် တပွဲသာရှုံးနိမ့်ခဲ့လေတော့ အသင်းကြီးတွေကို အနှောင့်အယှက် ပေးနိုင်တဲ့ဖျက်မြင်း ဖြစ်နိုင်တယ်လို့  ကောက်ချက်ချကြပါတယ်။

နယ်သာလန် အသင်း

နည်းပြ - ဗန်မာဝစ်

ဂိုး - စတီကယ်လန်ဘတ်၊ မီချယ် ဗွန်း၊ ဘော့ခ်ျနာ

နောက်တန်း - ဟိုင်တင်ဂါ၊ ဗန်ဒါဝီးလ်၊ မက်သစ်ဂ်ျဆန်၊ ဘူလာရုဇ်၊ အိုဂျာ၊ ဘရက်ဟီး

အလယ်တန်း - ဒီးဇူး၊ အဖယ်လိုင်၊ ရော်ဘင်၊ ဒီဂျောင်း၊ စတင်ရှချားစ်၊ ဗန်ဘွန်းမဲလ်၊ ရှနိုက်ဒါ၊ ဗန်ဒါဗတ်၊ ဗန်ဘွန်ခရော့စ်

ရှေ့တန်း - ဘာဘယ်၊ အီလီယာ၊ ဟန်တယ်လာ၊ ဒါကောက်၊ ဗန်ပါစီ

ဒိန်းမတ်အသင်း

ဂိုး - စတီဖင် အင်ဒါဆန်၊ ခရစ္စတီယန်ဆန်၊ ဆိုရန်ဆင်

နောက်တန်း - ဆိုင်မွန်ဂျား၊ တီလိုက်ဂါ၊ အဂ္ဂါ၊ ခရော့ဒရပ်၊ ဂျာကော့ဘ်ဆင်၊

အလယ်တန်း - အဲရစ္စဆင်၊ အန်နီဗိုလ်ဆင်၊ ဆိုင်မွန်ပိုလ်ဆန်၊ ဂျက်ကော့ဘ် ပိုလ်ဆင်၊ ၀ီလျံကာဗစ်၊ ကာလန်ဘတ်၊ ဒန်နီယယ် ဂျန်ဆင်၊ မာတင်ဂျော်ဂျင်ဆင်၊ ခရစ်တီယန်ပိုလ်ဆင်၊ ဂရွန်ဂျား

ရှေ့တန်း - ဘန်တနာ၊ ဘက်ခ်မန်း၊ ဆိုရင်လော်ဆန်၊ တိုမာဆန်၊ ရွန်းမဲလ်ဒါး

ဂျပန်အသင်း

နည်းပြ - တာကေရှီ အိုကာဒါ

ဂိုး - ကာဝါရှီမာ၊ နာရာဇာကီ၊ ကာဝါဂူချီ

နောက်တန်း - ကိုမာနို၊ တာနာကာ၊ နာဂါမိုတို၊ အူရှီဒါ၊ အိုင်ဝါမာဆာ၊ ကွန်နို၊ နာကာဇာဝါ

အလယ်တန်း - အာဘေး၊ အန်ဒို၊ မတ်ဆူအီ၊ နာကာမူရာ၊ ကန်ဂို နာကာမူရာ၊ ဟာဆီဘေး၊ ဟွန်ဒါ

ရှေ့တန်း - အိုကာဇာကီ၊ တာမာဒါ၊ ယာနို၊ အိုကူဘို၊ မိုရီမိုတို

ကင်မရွန်း အသင်း

နည်းပြ - ပေါ်လီ အန်ဂူလီ

ဂုိး - ဟာမီဒူ၊ အက္ဆမ္ဘီ၊ ကာမီနီ

နောက်တန်း - အန်ကူလူ၊ ချတ်ဒ်ဂျူး၊ ဆောင်း၊ ဆီဘက်ရှန် ဘတ်ဆောင်း၊ အလက်ဇန္ဒားဆောင်း၊ အိုကော်တို၊ ရောဘတ်ဆောင်း၊ ဂျီရီမီ

ရှေ့တန်း - ဗင်းဆင့် အဘူဘက်ကာ၊ ချူပိုမိုတင်၊ ၀ီဘို၊ အီတိုး၊ အိုင်ဒရစ်ဆူ

အုပ်စု (စ) မှာတော့ အီတလီ၊ ပါရာဂွေး၊ နယူးဇီလန်၊ ဆလိုဗက်ကီးယားတို့ ပါဝင်ပြီး လက်ရှိချန်ပီယန် အီတလီအတွက် ပွဲချောင်တယ်လို့ ပြောလို့ ရပါတယ်။ အထူးသဖြင့် နယူးဇီလန်လို အိမ်ဖြည့် အသင်းကလည်း ပါဝင်နေလို့ ဖြစ်ပါတယ်။ အီတလီအသင်းဟာ အုပ်စုဗိုလ်အနေအထားနဲ့ တက်နိုင်ပါတယ်။

အုပ်စုဒုတိယနေရာကို ပါရာဂွေးနဲ့ ဆလိုဗက်ကီယား ၂ သင်းထဲက တသင်းသင်း ပဲရှိပါတယ်။

လက်ရှိ ချန်ပီယံ အီတလီအသင်းဟာ အစဉ်အလာကြီးတဲ့ ဘောလုံးအသင်းပါ။ ကမ္ဘာ့ဘောလုံး အဆင့် သတ်မှတ်ချက် ၅ မှာရှိနေ တဲ့အသင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၆)ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၁၉၃၄)၊ ပြင် သစ် မှာ ကျင်းပတဲ့ (၁၉၃၈)၊ စပိန်မှာ ကျင်းပတဲ့ (၁၉၈၂)၊ ဂျာမနီမှာ ကျင်းပတဲ့ (၂၀၀၆) ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား (၄)ကြိမ် ဆွတ်ခူးဖူးတဲ့ အီတလီအသင်းဟာ ဘရာဇီးပြီးရင် ဒုတိယ အအောင်မြင်ဆုံး အသင်းအဖြစ့်
သတ်မှတ်လို့ ရပါတယ်။

လက်ရှိချန်ပီယံအဖြစ်နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်မယ့် အီတလီအသင်းဟာ ဥရောပ ဘောလုံးလောကမှာ အောင်မြင်တဲ့ အသင်းဖြစ်တဲ့အတွက် ထပ်ဆင့် နှစ်ကြိမ်ဆက် ချန်ပီယံ အတွက် ရေပန်းမစားပေမယ့် တချို့  အားကစား သတင်း ဌာနတွေက ချန်ပီယံ ကာကွယ်နိုင်လိမ့်မယ်လို့ ရေးသားကြသလို တချို့အားကစားဝေဖန်သူတွေကတော့ လက်ရှိ ချန်ပီယံဘွဲ့ ကို လက်လွှဲပေးရနိုင်တယ်လို့ ဝေဖန်သူတွေလည်းရှိနေပြန်ပါတယ်။

ဥရောပဘောလုံးလောကမှာ ထိပ်တန်းဘောလုံးအသင်း ဖြစ်တာနဲ့ အညီ အနည်းဆုံးအဆင့် ကွာတားဖိုင်နယ်တော့ ရောက်ရှိနိုင် ပါလိမ့်မယ်။ အီတလီအသင်းဟာ အစောပိုင်းပွဲတွေမှာ ကစားကွက် လေးလေးပင်ပင် ရှိတတ်ပြီး တဆင့်ပြီးတဆင့်တက်လာမှသာ ခြေမှန် ရလာတတ်တဲ့ အသင်းမျိုးပါ။

အီတလီ နောက်တန်းက တောင့်တင်းပေမယ့် တိုက်စစ် အားနည်း နေမှုတော့ ရှိနေပါတယ်။ သို့ပေမယ့် ဂိုး အကျော်အမော် ဘူဖွန်၊ ကင်မာဗာရို၊ ဂတ်တူဆို၊ ဇမ်ဘရော့တာ တို့လို အထာသိ သဘာရှိတဲ့ ရင့်ကျက်တဲ့ ကစားသမားတွေ ကျန်ရှိနေသေးတဲ့အတွက် အောင်မြင်မှု ရနိုင်တဲ့ အသင်းလို့ ပြောရင်လည်းရပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀ါရင့်၊ သမ္ဘာရင့် အားကစားသမားတွေ နည်း ပြီး လူသစ်အများစုနဲ့ ဖွဲ့ထားပေမယ့် ကစားသမားကောင်းတွေ ရှိနေသေးတာကြောင့် အုပ်စုကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။

ပါရာဂွေးကတော့ ကမ္ဘာ့ ဘောလုံး အဆင့်(၃၀) ဖြစ်ပြီး ပါရာဂွေးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင် ကျင်းပကတည်းက ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတသင်း ဖြစ်ပေမယ့် အောင်မြင်မှုအရတော့ မြင့်မြင့်မားမား မရှိခဲ့ပါဘူး။

ကမ္ဘာ့ဖလားပြိုင်ပွဲ (၇) ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လက်တင်အမေရိကမှာ အစဉ်အလာရှိတဲ့ ဘောလုံးနိုင်ငံတခုဖြစ်ပြီး ဘရာဇီး၊ အာဂျင်တီးနား တို့လို ထိပ်တန်းအသင်းတွေကို ခြေစစ်ပွဲမှာ အားကြိုးမာန်တက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပါတယ်။

အသင်းရဲ့ အားထုတ်မှု ရလဒ်တွေအရ အနည်းဆုံး ကွာတားဖိုင်နယ် အဆင့်ထိ မျှော်မှန်းလို့ရနိုင်ပါတယ်။ ၁၉၈၆ ခုနှစ်၊ ၁၉၉၈ ခုနှစ် ကာလတွေမှာတော့ တောင့်တင်းမြန်ဆန်တဲ့ ကစားကွက်တွေနဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှု တစုံတရာရရှိခဲ့ပါတယ်။

နည်းပြကတော့ မာတီနို ဖြစ်ပြီး ပါရာဂွေး ပြည်တွင်းလိဂ် ကလပ်အသင်းတွေသာ ကိုင်တွယ်ဖူးသူ ဖြစ်ပေမယ့် သူ့ရဲ့နည်းဗျူဟာပိုင်း နဲ့ဆုံးဖြတ်ချက် မှန်ကန်မှုတွေက အသင်းအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အသင်းရဲ့အဓိက အားသာချက်ကတော့ အသင်းအတွင်း နားလည်မှု ခိုင်မာနေတာပဲဖြစ်ပြီး ခြေစစ်ပွဲကာလ တလျှောက်လုံး သူတို့ရဲ့ ကျစ်လျစ်တဲ့ စိတ်ဓာတ်ပိုင်းပါပဲ။ အုပ်စုဒုတိယနေရာကို ဆလိုဗက်ကီးယားနဲ့ အဓိက အားပြိုင်ကစားရမှာပါ။
နယူးဇီလန် ကတော့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် (၇၈) နေရာမှာရှိပြီး ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တကြိမ်သာဝင် ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အသင်းတသင်းဖြစ်ပါတယ်။ အိမ်ဖြည့်အသင်းအဖြစ်သာ သတ်မှတ်ထားခံရတဲ့အသင်းပါ။

သမုဒ္ဒရာပိုင်းဇုန်မှာ ဗိုလ်စွဲအောင် ကြိုးပမ်းခဲ့ရကာ အာရှက ဘာရိန်းကို ခြေစစ်ပွဲမှာ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် အခုလို ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

နယူးဇီလန် အသင်းရဲ့ ရလဒ်ကောင်းတွေရအောင် အသင်းနည်းပြ ရစ်ကီဟားဘတ် စွမ်းဆောင်ပေးခဲ့ပေမယ့် အတွေ့ကြုံပိုင်းမှာ ရော ခြေစွမ်းပိုင်းမှာပါ အားနည်းတဲ့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ယှဉ်ပြိုင် ကစားရမယ့် အသင်းငယ်တခုဖြစ်ပါတယ်။ အုပ်စုကနေ အစောဆုံး လှည့်ပြန်သွားရမယ့် စာရင်းထဲမှာ နယူးဇီလန်အသင်းပါဝင်မှာ သေချာပါတယ်။

ဆလိုဗက်ကီးယားအသင်းအတွက်ကတော့ ကမ္ဘာ့ ဖလားဗိုလ်လုပွဲကို ပထမ ဦးဆုံး ၀င်ရောက်ယှည်ပြိုင်ခွင့်ရတာလည်း ဖြစ်ပါ တယ်။ ခြေစစ်ပွဲတွေ ကစားခဲ့ရာမှာတော့ တည်ငြိမ်ထက်မြက်တဲ့ ခြေစွမ်းတွေနဲ့ နာမည်ကြီး ချက်၊ ပိုလန် အစရှိတဲ့ အသင်းမျိုး တွေကို ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်လာခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပါရာဂွေးကို ကျော်ဖြတ်နိုင်ရင် အီတလီအသင်းပါ အံ့အားသင့်သွားစေမှာပါပဲ။

အီတလီ အသင်း

နည်းပြ - မာဆယ်လိုလစ်ပီ

ဂိုး - မာချက်တီ၊ ဒီဆန်းတစ်၊ ဘတ်ဖွန်

နောက်တန်း - ဘိုချက်တီ၊ ဘိုနူဆီ၊ ခရစ်ဆီတို၊ မက်ဂီယို၊ ချီလီနီ၊ ဇမ်ဘရော့တာ၊ ကန်နာဗာရို

အလယ်တန်း - မာခီစီယို၊ ပီပီ၊ မွန်တိုလီဗို၊ ပီယာလို၊ ဂတ်တူဆို၊ ဒီရော့ဆီ၊ ကာမိုရာနက်စီ၊ ပါလွန်ဘို

ရှေ့တန်း - အကွီလာနီ၊ ပက်ဇီနီ၊ ဂီလာဒီနို၊ အာကွင်တာ၊ ဒီနာတာလီ

ပါရာဂွေး အသင်း

နည်းပြ - ဂါရာဒိုမာတီနို

ဂိုး - ဘိုဘာဒီလာ၊ ဘရက်တို၊ ၀ီလ်မာဗီလာ၊ ဗီဗာရောစ့်

နောက်တန်း - ကာလိုစ့် ဘိုနက်၊ ဆေးလ်ဗား၊ ကန်နီဆာ၊ ကာဆာရက်၊ အယ်ကာရက်ဇ်၊ ရိုဒီရီဂွက်ဇ်၊ ဗာရွန်

အလယ်တန်း - အော်တီ ရိုဇာ၊ ဗီရာ၊ ကာဆီးရက်၊ တောရက်စ်၊ ဆန်တာနာ၊ ရီဗာရောစ့်၊ ဘာရက်တို

ရှေ့တန်း - ဂါမာရာ၊ ဘာရက်၊ ဘင်နီတက်ဇ်၊ ကာဒိုဇို၊ ဆန်တာခရုဇ်၊ ဗဲလ်ဒက်စ်

နယူးဇီလန် အသင်း

နည်းပြ - ရစ်ကီဟားဘတ်

ဂိုး - ဂလင်းမို့စ်၊ ပက်စ်တွန်၊ ဘန်နာတန်နီ

နောက်တန်း - ဆစ်ဂ်မန်၊ လော့ဟဒ်၊ ၀င်စတန်ရိဒ်၊ ဗိုစ်လင့်ခ်ျ၊ နယ်လ်ဆင်၊ ဘိုရန်စ်၊ တွမ်မီစမစ်သ်

အလယ်တန်း - အီလော့တ်၊ တင်မ်ဘရောင်း၊ ဘားတိုစ်၊ ဘာရွန်၊ မက်ကလင့်ချီ၊ ကလက်ဖမ်၊ မူလီဂန်၊ ခရစ္စတီး၊ ဘရော့ကီး

ရှေ့တန်း - ခရစ္စ၀ုဒ်၊ ခရစ္စ ကေးလန်း၊ ဘရော့ခ်ကီး၊ စမဲလတ်ဇ်၊ ဖယ်လွန်

ဆလိုဗက်ကီးယား အသင်း

နည်းပြ – ဗလာဒီမာဝစ်စ်

ဂိုး - ကူစီယက်၊ ပါနစ်၊ မူချာ

နောက်တန်း - ပက်ခ်ရစ်၊ စကာတယ်၊ မာရက်ဆက်ခ်ျ၊ ဇာဘာဗ်နစ်၊ ဒူရီကာ၊ စလာတာ၊ ပီထရက်စ်

အလယ်တန်း - စတာဘာ၊ ဗလာဒီမာဝစ်၊ ကိုဇက်၊ ဆာပါရာ၊ စတော့ခ်ျ၊ ဟမ်ဆစ်ခ်၊ ဂျာရာကူရာ၊ ကိုပူနက်ခ်
ရှေ့တန်း - ဆီစတက်ခ်၊ ဗစ်တက်ခ်၊ ဟိုလိုစ်ကို၊ ဂျာကပ်ဘို၊ ဂျန်ဒရီဆက်ခ်
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်