ကမ္ဘာ့ဖလား ဖွင့်ပွဲ မင်ဒဲလား မတက်နိုင်

တောင်အာဖရိက နိုင်ငံတွင် ယနေ့စတင် ကျင်းပသည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံ၏ အကြီးအကဲဖြစ်သူ နယ်လ်ဆင် မင်ဒဲလားသည် ၎င်း၏ မြေးမလေး သေဆုံးသွားသောကြောင့် တက်ရောက်နိုင်မည် မဟုတ် ကြောင်း သိရှိရသည်။

ဇီနာနီ မင်ဒဲလား အသက် ၁၃ နှစ်သည် ယမန်နေ့ညက ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဆူဝီတို အရပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား ကဇာတ်ပွဲမှ အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ ယင်း ကဇာတ်ပွဲတွင် နာမည်ကြီးအဆိုတော် Shakira နှင့် Black Eyed Peas တို့မှ အသီးသီး ဖျော်ဖြေခဲ့သည်။



ဂျိုဟန်နက်စ်ဘတ်မြို့ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အဒ်နာ မာမွန်ယိန်း က ယာဉ်တိုက်မှု ဖြစ်ချိန်တွင် ဇီနာနီ တို့၏ ကားကို မောင်းနှင်သော ယာဉ်မောင်းသည် အရက်မူးနေကြောင်း၊ အရက်သေစာ သောက်သုံးထား၍ မော်တော်ကားကို မထိန်းနိုင်ဘဲ အတားအဆီး တခုခုဖြင့် တိုက်မိခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြောကြား သွား သည်ဟု အေပီ သတင်းဌာနက ရေးသားသည်။

ယာဉ်တိုက်မှုတွင် ဇီနာနီ တဦးတည်းသာ သေဆုံးခဲ့ရပြီး အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

နယ်လ်ဆင် မင်ဒဲလား၏ ဇနီးဟောင်းဖြစ်သူ ဝင်နီ မာဒီကီဇဲလား မင်ဒဲလားသည် အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိတ်လန့်မှု ဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူရသည်ဟု မီဒီယာ အများစုက ဖော်ပြကြသော်လည်း နယ်လ်ဆင် မင်ဒဲလား ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆယ်လို ဟာတန် က“အဲဒီအချိန်မှာ သူမဟာ ကားထဲမှာ ရှိမနေပါဘူး”ဟု ငြင်းဆို လိုက်သည်။

သေဆုံးသွားသော ဇီနာနီ မင်ဒဲလားသည် အသက် ၁၃ ပြည့်ပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်