အာဂျင်တီးနားက တောင်ကိုရီးယားကို ဂိုးပြတ်နိုင်

တောင်ကိုရီးယား အသင်းကို အနိုင်ယူခဲ့တဲ့ နည်းဗျူဟာ အတိုင်း ရှေ့လာမည့် ပွဲစဉ်များတွင် အသုံးပြု သွားမည်ဟု အာဂျင်တီးနား နည်းပြ မာရာဒိုနာက ပြောဆို လိုက်သည်ဟု AFP သတင်းတွင် ယနေ့ ဖော်ပြ ထားသည်။

အာဂျင်တီးနား အသင်းသည် တောင်ကိုရီးယား ကို ၄ ဂိုး ၁ ဂိုးဖြင့် ယမန်နေ့က ဂျိုဟန်နက်စ်ဘတ်မြို့ ဆော်ကာ စီးတီးကွင်းတွင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

မာရာဒိုနာက “တောင်ကိုရီးယား အသင်းက ကျနော်တို့ အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ ပါဘူး၊ သူတို့ အသင်းဟာ ဘောလုံး ကစား နေပေမယ့် ပွဲကို တကြိမ်မှ မထိန်းချုပ် နိုင်ပါဘူးဟု”ဆိုသည်။

ရှေ့တွင် ဆက်တွေ့ရမည့် ပြိုင်ဘက် အသင်းများနှင့် ပတ်သက်၍ လေ့လာနေ သော်လည်း အများကြီး အာရုံစိုက်၍ မစဉ်းစားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်း ပွဲစဉ်တွင် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ ဂိုးမသွင်းနိုင်သော်လည်း တိုက်စစ်မှူး ဟီဂူအင်က ၃ ဂိုးသွင်းယူပြီး ဟတ်ထရစ် ရယူနိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းသည် သမ္ဘာနဲ့ တဦးချင်းစွမ်းရည်ကို အသုံးပြုပြီး တောင်ကိုရီးယား အသင်းကို အနိုင်ယူသွားခြင်းဖြစ်ပြီး ၀ါရင့် ကစား သမားကြီး ဗာရွန်အစား လူငယ်ကစားသမား ရိုဒရီဂွက်ဇ်ကို ထည့်သွင်းကာ မာကျောသည့် တောင်ကိုရီးယား အသင်းကို တုံ့ပြန်ကစားခဲ့သည်။

အဆိုပါ ပွဲတွင် တောင်ကိုရီးယား အသင်းက အာဂျင်တီးနားအသင်း၏ တိုက်စစ်ကို ပိတ်ဆို့ခုခံသည့် ကစားနည်းကို မသုံးဘဲ အပြန် အလှန် တိုက်စစ်ဆင် ကစားခဲ့ခြင်းကြောင့် ပွဲကောင်းတခုဖြစ်ခဲ့သည်။

ပွဲစတင်ကတည်းက အာဂျင်တီးနား အသင်းမှ ဖိကစားထားပြီး တောင်ကိုရီးယား နောက်တန်းကလည်း တိုက်စစ်မှူး မက်ဆီကို မလှုပ်နိုင်ရန် လူကပ်ကစားထားသည့်အတွက် ပထမပိုင်း ၁၀မိနစ်တွင် တောင်ကိုရီးယားကစားသမား ဟောင်ကီဟွန်း အ၀ါ ကတ် ပြခံခဲ့ရသည်။

၁၆ မိနစ်တွင် အာဂျင်တီးနားအသင်း ရရှိသည့် ပြစ်ဒဏ်ဘောကို မက်ဆီကန်တင်ရာ တောင်ကိုရီးယား တိုက်စစ်မှူး ပတ်ချူယောင် နှင့် ထိပြီး အာဂျင်တီးနား အဖွင့်ဂိုး စရသွားသည်။

အဖွင့်ဂိုး ရရှိပြီးနောက်ပိုင်း တောင်ကိုရီးယား နောက်တန်း ပြိုဆင်းသွားရာ ၃၃မိနစ်တွင် တိုက်စစ်မှူး ဟီဂူအင်က ဒုတိယဂိုးကို ခေါင်းတိုက် သွင်းယူခဲ့သည်။

ပထမပိုင်း ပွဲပြီးခါနီးတွင် အာဂျင်တီးနား နောက်တန်းလူ ဒီမစ်ချယ်လီ၏ ပေါ့ဆစွာ ဖျက်ထုတ်သည့် ဘောလုံးကို တောင်ကိုရီးယား အလယ်လူ လီချောင်ယောင်က ကန်သွင်းပြီး ချေပဂိုး ရယူခဲ့သည်။

အဆိုပါ သွင်းဂိုးနှင့် ပတ်သက်၍ နောက်တန်းလူ ဒီမစ်ချယ်လီ၏ မှားယွင်းမှုသည် သာမန်မှားယွင်းမှုသာ ဖြစ်ကြောင်း၊ ယင်းအမှား ကြောင့် အသင်း၏ အင်အား ပိုမိုအားကောင်းသွားစေသည်ဟု နည်းပြမာရာဒိုနာက ပြောသည်။

ဒုတိယပိုင်းတွင်  အာဂျင်တီးနားအသင်းက တီဗက်စ် အစား အဂူရိုကို ထည့်သွင်းခဲ့သည်။ ထိုနောက် တိုက်စစ်ပိုမို အသက်ဝင် လာပြီး ၇၇ မိနစ်နဲ့ မိနစ် ၈၀ မှာ တိုက်စစ်မှူး ဟီဂူအင်က နှစ်ဂိုး ဆက်တိုက်သွင်းယူကာ အနိုင်ရရှိရန် ပိုမိုသေချာစေခဲ့သည်။

ယခုပွဲတွင် တိုက်စစ်မှူး မက်ဆီ ကို တောင်ကိုရီးယား နောက်တန်းက ထိန်းချုပ်ထားသောကြောင့် ဂိုးမသွင်းနိုင်သော်လည်း  ဟီဂူအင် ဂိုးရရှိစေရန် နေရာလွတ်များ ဖန်တီးပေးနိုင်ခဲ့သည်။

တောင်ကိုရီးယား အသင်းသည် အသင်းလိုက် ကစားအား၊ စုစည်းမှု ကောင်းသော်လည်း အရေးကြုံလျှင် ပွဲအဖြေကို ပြောင်းလဲ ပေးနိုင်သော ကစားသမားမရှိသည့်အတွက် ရှုံးနိမ့်သွားခြင်းဖြစ်သည်။

အုပ်စု (ခ) တွင်ပါဝင်သည့် ဂရိ အသင်းနှင့် နိုင်ဂျီးရီးယား အသင်းတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားရာ ဂရိအသင်းက ၂ ဂိုး ၁ဂိုး ဂိုးနှင့်  အနိုင်ရသွားသည်။

ထို အုပ်စုတွင် အာဂျင်တီးနားက နှစ်ပွဲနိုင် ၆ မှတ်ရရှိပြီး သွင်းဂိုး ၅ ဂိုး ပေးဂိုး ၁ ဂိုးဖြင့် အုပ်စု ထိပ်ဆုံးနေရာကို ရယူထားသည်။

ယမန်နေ့က အုပ်စု (က) လက်ကျန်ပွဲစဉ်အဖြစ် မက္ကဆီကို အသင်းနှင့် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းတို့ ပို့လော့ဝိန်း မြို့ ပီတာမိုခါဘာ ကစားကွင်းတွင် ယှဉ်ပြိုင်ကစားရာ ပြင်သစ်အသင်း ၂ ဂိုး ဂိုးမရှိနှင့် ရှုံးနိမ့်သွားသည်။

မက္ကဆီကို အသင်းအတွက် မန်ချက်စတာယူနိုက်တက် ကလပ်အသင်းမှ ပေါင် ၁၀ သန်းဖြင့် ၀ယ်ယူထားသည့် တိုက်စစ်မှူး ဂျာဗီး ယား ဟာနန်ဒက်စ်က ၆၄ မိနစ်တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၀ါရင့်တိုက်စစ်မှူး ဘလန်ကိုက ၇၉ မိနစ်တွင် သွင်းယူခဲ့သည်။

ထိုရှုံးနိမ့်မှုကြောင့် ပြင်သစ်အသင်းနည်းပြ ဒိုမီနက်ခ်ျ ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေသကဲ့သို့ ပြင်သစ်အသင်းလည်း အုပ်စု တက်ရန် မသေချာသလောက် ဖြစ်သွားသည်။

ပြင်သစ်အသင်း ရှုံးနိမ့်မှုအတွက် ပြင်သစ်တနိုင်ငံလုံး ၀မ်းနည်းလျက်ရှိပြီး ပြင်သစ်မီဒီယာများကလည်း ဒေါသတကြီး ဝေဖန်ရေး သားနေကြသည်ဟု ယနေ့ထုတ် AP သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်အသင်းသည် တပွဲ သရေ၊ တပွဲရှုံး ၁မှတ်နှင့် ဇယားအောက်တွင် အိမ်ရှင် တောင်အာဖရိက အသင်းနှင့်အတူရှိနေသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်