စပိန်အသင်း ဆွစ်ဇာလန်ကို လျှော့တွက်ခဲ့သလား

၂၀၁၀ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ်လို့ ရေပန်း စားနေတဲ့ အသင်းကြီး တွေထဲက စပိန်အသင်း မနေ့က တောင်အာဖရိက နိုင်ငံ ဒါဘန်း အားကစား ကွင်းမှာ ဆွစ်ဇာလန် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပါပြီ။

အုပ်စု (ဇ) မှာ ပါဝင်နေတဲ့ စပိန်အသင်းဟာ ၂၀၀၈ ခုနှစ် ဥရောပ ချန်ပီယံ ဖြစ်ပြီး လက်ရှိ အခြေအနေမှာ ကစားသမား စုဖွဲ့မှုအား အကောင်းဆုံး ဖြစ်ပြီး ကမ္ဘာ့ ဖလားမှာ ဗိုလ်စွဲမယ်လို့ တစ်ပေး ခံထားရတဲ့ အသင်း ဖြစ်ပါတယ်။

ကစားသမား အများစုဟာ နာမည်ကြီး စပိန်လာလီဂါ အမှတ်ပေး ပြိုင်ပွဲတွေမှာ ၀င်ရောက် ကစားနေသူတွေဖြစ်ပြီး ဂိုးသမား ကာဆီး လက်စ် ကလည်း အကောင်းဆုံး ဂိုးသမား တဦးဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ရှေ့တန်းတိုက်စစ်မှူးတွေ ဖြစ်တဲ့ ဒေဗစ် ဗီလာ၊ ဒေးဗစ်ဆေးလ်ဗား၊ အလယ်တန်းက ဇာဗီ ၊အင်နီယေစတာ၊ ဘတ်စကွစ်၊ အလွန်ဆို နဲ့ နောက်တန်းက ဆာဂျီ ရာမို့စ်၊ ပီကေး အထိ တိုက်စစ်ကို လိုက်ပါပြီး ဘောလုံး ပိုင်ဆိုင်မှုကို ၇၈ ရာခိုင်နှုန်း အထိ ထိန်းထားကာ ဆွစ်ဇာလန် အသင်းကို ထိုးဖောက်ခဲ့တာကို တွေ့ရတယ်။

ဒုတိယပိုင်း ပွဲစပြီး ၅၂ မိနစ်တွင် ဆွစ်ဇာလန်အသင်း အလယ်တန်းလူ ဖာနန်ဒက်စ် ရဲ့ တလုံးတည်းသော ဂိုးကြောင့် စပိန်တို့ ရှုံးနိမ့် သွားခဲ့ရပါတယ်။

ဆွစ်ဇာလန် အသင်းက စုဖွဲ့မှု အားကောင်းပြီး စပိန်အသင်းရဲ့ ထောင့်ဖြတ်ကန်တင် ဘောများကို ဖျက်ထုတ်နိုင်ခဲ့တဲ့ အပြင် အခွင့် အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားပါတယ်။

စပိန်အသင်းရဲ့အဓိက အားနည်းချက်ကတော့ အရပ်အမောင်း ခွန်အားမှာ ဆွစ်ဇာလန် အသင်းကို မမီခြင်း၊ နောက်တန်းလူများ တိုက်စစ်မှာ လိုက်ပါကစားလွန်းခြင်းတို့ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ စပိန်အသင်းကို ၁၉ ကြိမ်ရင်ဆိုင်ခဲ့ပြီး ဒီတကြိမ် ပထမဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

၎င်းအုပ်စုမှာတော့ ချီလီက ဟွန်ဒူးရပ်စ်ကို အနိုင်ကစားကာ ၃မှတ် ရယူထားပြီး ဆွစ်ဇာလန် အသင်းကလည်း ၃ မှတ်ရရှိထားပါ တယ်။

စပိန် အသင်း ဒုတိယ ပွဲစဉ်အဖြစ် လာမည့် တနလာင်္နေ့တွင် ဟွန်ဒူးရပ်စ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

နာမည်ကြီး ဘောလုံးအသင်း အာဂျင်တီးနား အသင်းဟာလည်း တောင်ကိုရီးယား အသင်း နဲ့ ဒီနေ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး
လက်ရှိအခြေအနေမှာ တောင်ကိုရီးယား အသင်းဟာ အာဂျင်တီးနား အသင်းနဲ့ အတူတူ တပွဲနိုင် ၃မှတ် ရရှိကာ ဂိုးကွာခြားချက် နဲ့ အုပ်စုထိပ်ဆုံးမှာ နေရာယူထားပါတယ်။

အာဂျင်တီးနား ကစားသမားအများစုဟာ ဥရောပရဲ့ နာမည်ကြီး ကလပ်အသင်းကြီးတွေမှာ လက်ရှိကစားနေပြီး ၀ါရင့် ကစားသမား ဗာရွန်ကို ကွင်းလယ်ကနေပြီး ရှေ့နောက် ထိန်းချုပ်ခိုင်းထားပါတယ်။

အခု ပွဲစဉ်ဟာ နှစ်သင်းစလုံး အုပ်စု ပထမနေရာ အတွက် အရေးပါတဲ့ ပွဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာလည်း လာမယ့် သောကြာနေ့မှာ အယ်လ်ဂျီးရီးယား အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာ အတွေ့အကြုံရှိတဲ့ ဂိုးသမားရှားပါးနေပြီး တိုက်စစ်မှူး ၀ိန်းရွန်နီ နဲ့ တွဲဖက်ကစားမယ့် ကစားသမားလည်း အင်္ဂလန်အသင်းမှာ မရှိ သလို ဖြစ်နေတယ်၊ အသင်းသား တော်တော်များများကလည်း မိမိကစားနေတဲ့ ကလပ်အသင်းတွေမှာ ဦးစားပေး ကစားသမား အဆင့်မှာ မပါဝင်ကြဘူး၊ နောက်ပြီး နောက်တန်းလူ ဖာဒီနန်နဲ့ ဘယ်ရီတို့ မပါဝင်နိုင်ခြင်းကလည်း အင်္ဂလန်အသင်း အားနည်း စေပါတယ်။

အင်္ဂလန်အသင်း နည်းပြ ကာပယ်လိုဟာ“ကန်တင်ပြေး” နည်းတွေကို သုံးနေတယ်လို့ ဂျာမနီရဲ့ ဂန္ထ၀င်ဘောလုံးသမားကြီး ဘက်ကင် ဘောင်ဝါက ဝေဖန်သွားခဲ့ပြီး အင်္ဂလန်အသင်း အုပ်စု ဒုတိယ နေရာသာ ရခဲ့ရင် ရှုံးထွက် အဆင့်မှာ အုပ်စု(ဃ) အုပ်စုဗိုလ် အဖြစ်တက်လာနိုင်တဲ့ ဂျာမနီအသင်းနဲ့ ကစားရမှာပါ။

ဒါကြောင့် ဂျာမနီအသင်းကို ရှောင်တဲ့ အနေနဲ့ မနက်ဖြန်မှာကန်မယ့် အယ်လ်ဂျီးရီးယားအသင်းနဲ့ ပွဲကို အင်္ဂလန် အနိုင်ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ အုပ်စု (ဂ)မှာ ဆလိုဗေးနီးယား က တပွဲနိုင် ၃မှတ် နဲ့ အုပ်စု ပထမ နေရာမှာ ရောက်ရှိနေပြီး အမေရိ ကန် နဲ့ အင်္ဂလန်အသင်း ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စု ဒုတိယ နေရာမှာရှိပါတယ်။

ကမ္ဘာ့နံပါတ် ၁ နေရာမှာ ရယူထားတဲ့ ဘရာဇီးဘောလုံးအသင်းကတော့ မြောက်ကိုရီးယား အသင်းကို အနိုင်ရရှိပြီး အုပ်စု ပထမ နေရာကို ရယူထားပေမယ့် မြောက်ကိုရီးယား အသင်းကို ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာတော့ မဟုတ်ပါဘူး။

ဘရာဇီးဟာ လာမယ့် စနေနေ့မှာ အာဖရိက အသင်းတသင်းဖြစ်တဲ့ အိုင်ဗရီကို့စ် ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်၊ အိုင်ဗရီကို့စ် တိုက်စစ်မှူး ကာလူးက ကတော့ ဘရာဇီးအသင်းကို ရင်ဆိုင်ရာမှာ မြောက်ကိုရီးယားရဲ့ခံစစ်လမ်းစဉ်ကို လိုက်မယ်လို့ မီဒီယာတွေ ကို ပြောကြားလိုက်ပါတယ်။

ဘရာဇီး အသင်း ရင်ဆိုင်ရမယ့် အိုင်ဗရီကို့စ် အသင်းမှာ အားကိုးရတဲ့ တိုက်စစ်မှူး ဒရော့ဘာ ဒဏ်ရာရနေပေမယ့် ပေါ်တူဂီနဲ့ ပွဲမှာ ဒုတိယပိုင်း ၀င်ရောက် ကစားသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ် အသင်းဟာ ခွန်အားသုံး ကစားတတ်တဲ့ အသင်းဖြစ်ပြီး ပေါ်တူဂီနဲ့ ပွဲမှာ နာမည်ကြီး ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒို ကို လှုပ်မရအောင် ထိန်းချုပ်ကစားသွားပါတယ်။ ဘရာဇီးအသင်းလည်း တိုက်စစ်ဆင်ကစားတတ်တဲ့ အသင်းဆိုတော့ အိုင်ဗရီကို့စ် အသင်းက ဘရာဇီးအသင်းကို ဘယ်လို ထိန်းချုပ်ကစားမယ် ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒါပေမယ့် ဘရာဇီးအသင်းနဲ့ အပြန်အလှန် တိုက်စစ်ဆင်မကစားဘဲ ခံစစ်သက်သက်ချည်း ကစားမယ်ဆိုရင်တော့ အိုင်ဗရီကို့စ် အသင်း တချိန်ချိန်မှာ ဂိုးသွင်းခံရမှာ မလွဲပါဘူး။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်