မြန်မာပြည်ရောက် ကမ္ဘာ့ဖလား ဗိုင်းရပ်စ်

“ဒီနေ့ ပထမပွဲ ဘယ်လို ပေါက်လဲ...၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်ကို အောက်ကနေ တရာ (ကျပ်ငွေ တသောင်း) လောက် ထည့်ပေးပါ”ဟု တယ်လီဖုန်းဖြင့် ဘောလုံးပွဲ လောင်းနေသူမှာ အနော်ရထာလမ်းမှ ဈေးသည် တဦး ဖြစ်သည်။

အသက်၂၅နှစ်အရွယ် ဈေးသည် ကိုညီညီနိုင်က ဘောလုံးပွဲ ဝါသနာ ကြီးသလို ဘောလုံး လောင်းကစားလည်း ဝါသနာထုံသဖြင့် ဘောလုံး သတင်းများကို မလွတ်တမ်း လေ့လာ တွက်ဆနေသူ ဖြစ်သည်။

ကိုညီညီနိုင် ကဲ့သို့သော ဘောလုံး ပရိသတ်များကို ရန်ကုန်မြို့ အနှံ့တွင် တွေ့နိုင်သည်။

အမျိုးသားများ သာမက အမျိုးသမီး များလည်း စိတ်ဝင် စားကြသည့် ကမ္ဘာ့ ဖလားကြောင့် လက်ရှိ ကျင်းပ နေသည့် မြန်မာ နေရှင်နယ်လိဂ် (MNL) ပွဲများ မျက်နှာငယ် နေရသည်။

“ကမ္ဘာ့ဖလားက တကမ္ဘာလုံးကို ဆွဲဆောင် နိုင်တယ်။ MNL ဆိုရင် ကြည့်မယ် သူတောင် မရှိဘူး။ အရင် ဌာန ဆိုင်ရာ ပြိုင်ပွဲတွေလို ဖြစ်သွားတယ်” ဟု မြန်မာ့လက်ရွေးစင်ဟောင်းတဦးက သုံးသပ်သည်။

ကမ္ဘာ့ဖလားကို ကြည့်ရှုသူ များသကဲ့သို့ အလောင်းအစားလုပ်သူလည်း သိသိသာသာ များပြားကြောင်း တွေ့ရ သည်။

မြန်မာပြည်မှာ ဘောလုံးပွဲ လောင်းသူများက ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ကျင်းပမည့် ကမ္ဘာ့ဖလားပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

“ဘောလုံးပွဲ စတဲ့နေ့ကတည်းက World Cup ဆိုတဲ့ အသံက နေရာ တိုင်း ကြားရတယ်။ လောင်းကြေး ဘယ်ဈေး ပေါက်လဲ၊  ပြားငါးဆယ်၊ ပြားတရာ စတဲ့ စကားတွေက ယောကျာ်းလေး၊ မိန်းကလေး ပါးစပ်ဖျားမှာ ပွက်လော ရိုက်နေတာပဲ” ဟု ကမ္ဘာ့ဖလား ပရိသတ်တဦးက ပြောသည်။

နိုင်ငံ ကိုယ်စားပြုအသင်း မပါသော်လည်း ဘောလုံး ဝါသနာအိုးများက စိတ်ကြိုက် အသင်းကို ရွေးချယ်ကာ လောင်းကစားပြုကြသည်။

မြန်မာနိုင်ငံတွင် ဘောလုံးပွဲလောင်းခြင်းမှာ တရားဝင် လောင်းကစား မဟုတ်သော်လည်း လူသိရှင်ကြား အလောင်းအစား ပြုလုပ်နေကြသည်။

ရန်ကုန်ရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် လောင်းကြေးမှာ ကျပ် ၂ဝဝဝ မှ ကျပ် ၂ သိန်းကျော် အထိ ရှိနေကြောင်း တွေ့ရသည်။

ဘောလုံးပွဲလောင်းသူများ လောင်းကစား အနိုင်ရရေးအတွက် တွက်ချက်ရာတွင် အခြေခံကြသည်မှာ အပတ်စဉ်ထုတ် အားကစားဂျာနယ်များ ဖြစ်သည်။

ဂျာနယ်တို့ကလည်း ကမ္ဘာ့ဖလား သတင်းများ သူ့ထက်ငါ အပြိုင်ထည့်၍ စောင်ရေ တက်လာစေရန် ကြိုးပမ်းနေကြသည်။

ဂျာနယ်တိုက်တချို့က အားကစား သတင်းလွှာများကို နေ့စဉ် သို့မဟုတ် တရက်ခြား ထုတ်ဝေခြင်းဖြင့် ပရိသတ်၏ အာသီသကို ဖြည့်ဆည်းနေသည်။

ဂျာနယ်များလည်း သိသိသာသာ အရောင်းသွက်နေသည်ဟု ဈေးသည်များက ဆိုသည်။

“ဥရောပပွဲတွေ နားကတည်းက အားကစားဂျာနယ်တွေ ရောင်းအား မရှိတာ။ ကမ္ဘာ့ဖလားပွဲကြောင့် ရောင်းအား တက်လာတယ်” ရွှေဂုံတိုင်မီးပွိုင့် အနီးတွင် ဂျာနယ်များ လက်ပွေ့ရောင်းချသူ ကိုအောင်မော်က ရှင်းပြသည်။

၃၂ သင်း ယှဉ်ပြိုင် ကစားသည့် ကမ္ဘာ့ဖလားပွဲကို ငွေကြေး အကုန်ကျခံ ကြည့်ရှုရန် နယ်လ်ဆင် မင်ဒဲလား၏ တောင်အာဖရိကနိုင်ငံသို့ ရောက်နေသော နိုင်ငံတကာ ပရိသတ်များစွာကို ရုပ်မြင်သံကြားတွင် တွေ့နေရသည်။  ဗူဗူဇီလာ ဟု ခေါ်သည့် တံပိုးမှုတ်သံများက နားကွဲမတတ် ပွက်လောရိုက်နေသည်။ ယခုနှစ် ကမ္ဘာ့ဖလား သီချင်း Waka Waka (This time for Africa) သံဖြင့် ပျော်မြူးနေကြသည်။ “ဇမ်မီနာ မီနာ အေး အေ ... ... ဝါကာ ဝါကာ အေး အေ” ဟူသော ထိုသီချင်းသံက  မြန်မာပြည် ဘောလုံးပရိသတ်၏ အာရုံကိုလည်း လှုံ့ဆော်နေသည်။

ကမ္ဘာ့ဖလားပွဲတွင် မြန်မာအသင်း မပါဝင်သော်လည်း မြန်မာပရိသတ်က တခဲနက် အားပေးကြသည်။
ညနေ ၆ နာရီ၊ ည ၈ နာရီခွဲ၊ မနက် ၁ နာရီ တို့တွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက် ရှိရာ ရန်ကုန်မှ လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ နှင့် ကန်တော်ကြီး မျှော်စင်ကျွန်း တို့တွင် ဘောလုံးပွဲ ကြည့်သူများဖြင့် ပြည့်ကျပ် ဆူညံလျက်ရှိသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် ၂ဝ၁ဝ ကမ္ဘာ့ဖလားပွဲကို မြန်မာပြည်သားများ၏ စိတ်ဝင်စားမှုမှာ အလွန် ကွာခြားလွန်းသည်ဟုပင် ရန်ကုန် အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက သုံးသပ်သည်။

အများစိတ်ဝင်စားသည့် ကမ္ဘာ့ဖလားက မြန်မာပြည်မှ လုပ်ငန်းရှင်များအတွက် အရောင်း မြှင့်တင်ရေး ပြုလုပ်သည့် ကာလလည်း ဖြစ်နေသည်။

“နေရာတိုင်းလိုလိုမှာ ပရိုမိုးရှင်းတွေ လုပ်ထားတယ်။ ညနေပိုင်း ဆိုင်တွေမှာ လိုက်ပြီး ဆေးလိပ်တို့၊ အရက်တို့ ပရိုမိုးရှင်း လိုက်လုပ်လာကြတယ်” ဟု ဘောလုံး ဝါသနာအိုး တဦးဖြစ်သူ ဦးမောင်မောင်က ဆိုသည်။

ရန်ကုန်မြို့ SONY အရောင်းပြခန်းမှ တာဝန်ခံတဦးကလည်း အီလက်ထရွန်နစ် ပစ္စည်းများကို ကမ္ဘာ့ဖလားပွဲ ကာလတလျှောက် ဈေးချ၍ အရောင်းမြှင့်တင်လျက် ရှိကြောင်း ပြောသည်။

“ဘောလုံးပွဲအတွက် လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့ကနေ လာဝယ်ကြတယ်။ ၃၂ လက်မ အရွယ်တွေ ပိုရောင်းရတယ်” ဟု သူက ရှင်းပြသည်။

ဘောလုံးပွဲများကို အမှီပြုပြီး စီးပွားရေးသမားများ အလုပ်ဖြစ်နေချိန်တွင် ဘောလုံးပွဲလောင်းသဖြင့် စီးပွားကျသူများက ဒုနဲ့ဒေး ဖြစ်သည်။

ဘောလုံးပွဲလောင်းခြင်းကြောင့် စီးပွားပျက်ဖူးသူများအနက် တဦးမှာ ဘောလုံး အသေးစားဒိုင် အဖြစ် လုပ်ကိုင်ခဲ့သူ ရန်ကုန်မြို့မှ ကိုဇော်မင်းဆိုသူ ဖြစ်သည်။

သူက ယခင် ဥရောပဘောလုံးပွဲစဉ်များအတွင်း ရန်ကုန်ရှိ လောင်းကစားဒိုင်ကြီး တဦးနှင့် ရင်းနှီးသွားသဖြင့် ဘောလုံး ပရိသတ်ဘဝမှ တစ်ဆင့်ခံ ဒိုင်အသေးစားလေး ဖြစ်လာသည်ဟု ဆိုသည်။

“ကျနော် အရင်တုန်းက အဆင်ပြေတာပေါ့။ ကော်မရှင်ခလေးတွေ အကုန် ပြန်လောင်းရင်း လောင်းရင်းနဲ့ ဒုက္ခ တော်တော် ရောက်ခဲ့ရတယ်။ ဘောလုံးပွဲတော့ တော်ပါပြီဗျ။  နောက် ဘယ်တော့မှ မလောင်းတော့ဘူး” ဟု ကိုဇော်မင်းက ပြောပြသည်။

ကိုဇော်မင်းလို ဘရိတ်အုပ်နိုင်သူမှာ ရှားပါးလွန်းလှသည်။ ကမ္ဘာ့ဖလား ကာလအတွင်း အများစုက အနော်ရထာလမ်းမှ ဈေးသည် ကိုညီညီနိုင် ကဲ့သို့ ပွဲစဉ်တိုင်းလိုလိုကို မလွတ်တမ်းကြည့်၊ သတင်းများ အဆက်မပြတ် ဖတ်ပြီး ဘောလုံးပွဲ လောင်းနေကြသူများသာ ဖြစ်လေသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်