မရဏ အုပ်စု အပေါ် ဝေဖန်သုံးသပ်ချက်

“မရဏ အုပ်စု” လို့ အမည် တွင်နေတဲ့ ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ်နဲ့ မြောက်ကိုရီးယား အသင်းတို့ မနေ့ညက ပထမ အကြိမ် တွေ့ဆုံ ယှဉ်ပြိုင် ခဲ့ပြီးပါပြီ။

ရလဒ် အဖြေကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၁ နေရာ ရယူထားတဲ့ ဘရာဇီးအသင်းက ကမ္ဘာ့ အဆင့် ၁၀၅ ရှိတဲ့  မြောက်ကိုရီးယားကို ၂ ဂိုး ၁ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲမစခင်က ဘရာဇီးအသင်းဟာ မြောက်ကိုရီးယားအသင်းကို တဖက်သတ် အသာစီးယူပြီး ကစားသွားမယ်လို့ အားလုံးမျော်လင့် ထားကြပေမယ့် တကယ်ပွဲစတော့ မြောက်ကိုရီးယား အသင်းက ဘရာဇီးအသင်းကို အပြန်အလှန်ထိုးဖောက် ကစားသွားတာ တွေ့ ရပါတယ်။

ဘရာဇီး တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်ဘင်ဟို၊ ဖေဘီယာနို နဲ့ နောက်ချန် တိုက်စစ်မှူး ကာကာတို့ ရဲ့ အကောင်းဆုံး ကန်ချက်တွေ အလဟဿ ဖြုန်းတီးပစ်နေချိန်မှာ မြောက်ကိုရီးယား တိုက်စစ်မှူး ဂျောင်တေးဆီ ကတော့ ရှားရှားပါးပါး ရရှိတဲ့ အခွင့်အရေးကို အသုံးပြုပြီး ဘရာဇီး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဂျောင်တေးဆီ ဟာ ပြိုင်ပွဲမစတင်ခင် သူ့နိုင်ငံတော်သီချင်းကို သီဆိုခံစားရင်း ငိုကြွေးခဲ့သူဖြစ်ပြီး ပရိသတ်ရဲ့အာရုံ စိုက်ခြင်းကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် ၁ ဘရာဇီးအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး တိုက်စစ်ဆင်နေချိန်မှာ မြောက်ကိုရီး ယား အသင်း နောက်တန်းကလည်း အ၀ါကတ် အပြမခံရအောင် သန့်သန့်ရှင်းရှင်း တည်တည်ငြိမ်ငြိမ်နဲ့ ခံစစ်ကို လုံအောင် ကာနိုင်ခဲ့ပါတယ်။

နည်းပြဒွန်ဂါ အထင်ကြီး အားကိုးတဲ့ ရော်ဘင်ဟိုလည်း မြောက်ကိုရီးယား နောက်တန်းကို တိုးမရဖြစ်နေသလို၊ ဖေဘီယာနိုရဲ့ ဖြစ်သလို ကန်ချက်တွေကလည်း မြောက်ကိုရီးယား ဂိုးအပေါ်နဲ့ ဘေးကသာ လျှံထွက်နေခဲ့ပါတယ်။

ကွင်းလယ်နဲ့ နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားနေတဲ့ ကာကာရဲ့ ဘောလုံးအပေးအယူ မမှန်ကန်မှု ဟာလည်း အသင်းကို ပိုမို အားနည်းစေပါတယ်။

ဘရာဇီးအသင်းဟာ တိုက်စစ်ဆင်နေပေမယ့်လည်း  တခါတခါမှာ မြောက်ကိုရီးယားအသင်းရဲ့ကျွံထွက်လာတဲ့ တန်ပြန်တိုက်စစ် ကိုလည်း ပထမပိုင်းမှာ အသည်းအသန် ခုခံကာကွယ်နေရပါတယ်။

ဒုတိယပိုင်း ပြန်စလို့ ၁၀ မိနစ်အကြာမှာတော့ ဘရာဇီးအသင်းက ဂိုးစတင်ရရှိခဲ့ပါတယ် ၊ ဒီဂိုးကို ဘရာဇီး ရှေ့တန်းက အများ မျှော် လင့်ထားတဲ့ တိုက်စစ်မှူးတွေက သွင်းယူခဲ့တာမဟုတ်ဘဲ နောက်တန်းလူ မိုင်ကွန်က နိုင်ငံတကာအတွေ့အကြုံ နည်းသေးတဲ့ မြောက် ကိုရီးယား ဂိုးသမားရဲ့ဘေးကနေ အမှတ်မထင်ကန်သွင်းပြီး ဂိုးရယူခဲ့တာပါ။

မိုင်ကွန်ဟာ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးက ခန့်မှန်းထားတဲ့ ကမ္ဘာ့ဖလားမှာ စောင့်ကြည့်ရမယ့် ဘောလုံးသမား ၇ ဦး အနက် တဦး အပါအ၀င် ဖြစ်ပြီး သူ့ရဲ့သွင်းဂိုးဟာ ကမ္ဘာ့နံပါတ် ၁  ဘရာဇီးအသင်းရဲ့ အရှက်ကို အကာအကွယ်ပေးလိုက်တဲ့ ဂိုးဆိုတာကို ဂိုးသွင်းခဲ့တဲ့ မိုင်ကွန် ၀မ်းပမ်း တနည်း အောင်ပွဲခံပုံက သက်သေပြနေပါတယ်။

ဘရာဇီးအသင်းဟာ ဆက်လက်တိုက်စစ်ဆင်ရင်းနဲ့ ၇၂ မိနစ်မှာ အီလာနိုက ဒုတိယဂိုးကို သွင်းယူပြီးတော့ ပိုမိုသေချာစေခဲ့ပါတယ်။

ဒါပေမယ့် ၂ ဂိုးသွင်းခံထားရတဲ့ မြောက်ကိုးရီးယားက စိတ်ဓာတ်လုံးဝ ကျမသွားဘဲ ပွဲပြီးဖို့ တမိနစ်အလို ၈၉ မိနစ်မှာ ဂျီယန်နမ်  က ပရိသတ်ရှေ့ မှာ ကမ္ဘာ့ဖလားကို ငါးကြိမ်ရရှိထားတဲ့ ဘရာဇီး ဂိုးပေါက်ထဲကို ချေပဂိုးကို သွင်းယူပြီး မြောက်ကိုရီးယားတို့ရဲ့သံမဏိ စိတ်ဓာတ်ကို ပြခဲ့ပါတယ်။

မြောက်ကိုရီးယား အသင်းဟာ ၁၉၆၆ ခုနှစ် အင်္ဂလန် ကမ္ဘာ့ဖလားမှာ အီတလီကို ပြိုင်ပွဲက မောင်းထုတ်ခဲ့သလို အခုလည်း ပေါ်တူဂီ၊ အိုင်ဗရီကို့စ် တို့ကို ဖယ်ရှားပြီး အုပ်စု ဒုတိယ နေရာကို ကြိုးစားသွားလိမ့်ဦးမယ် ထင်ပါတယ်။

“ကျနော်တို့ အနိုင်မရခဲ့ပါဘူး၊ ဒါပေမယ့် ဘရာဇီးအသင်းကို ဂိုရအောင်သွင်းခဲ့လို့ ယုံကြည်မှု ပိုရှိလာတယ်၊ ဘရာဇီး အသင်းရဲ့ လျှင် မြန်လှတဲ့ တောင်ပံတွေကို မထိန်းချုပ်နိုင်ခဲ့လို့ ဂိုး ပေးလိုက်ရတာပါ၊ နောက်ပွဲ ၂ ပွဲကိုလည်း အသေအချာကစားသွားမယ်” လို့ မြောက်ကိုရီးယား နည်းပြ ကင်ဂျောင်ဟွန်းက ပွဲအပြီး မီဒီယာများကို ပြောခဲ့တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။

ဘရာဇီးလို ဘောလုံးအသင်းကြီးကို ဂိုး သွင်းပြနိုင်ခဲ့တဲ့ မြောက်ကိုရီးယား ခြေစွမ်းက ပေါ်တူဂီအသင်း နဲ့ အိုင်ဗရီကို့စ် အသင်းကို သတိပေးလိုက်သလို ဖြစ်နေပါတယ်။

ဘရာဇီးနည်းပြ ဒွန်ဂါကတော့“ပထမဆုံးဘောလုံးပွဲဆိုတာ ဒီလိုပါပဲ၊ ဂိုးသွင်းပြီး ဂိုးမပေးရတာကို ပိုကြိုက်တာပေါ့၊ ဒါပေမယ့် ဂိုးပေး ရတာဟာ အသင်းတိုင်းအတွက် ဓမ္မတာပါပဲ”လို့ ဆိုပြီး သူ့ရဲ့ နည်းဗျူဟာကို ကာကွယ်ပြောကြားသွားပါတယ်။

တကယ်တော့ လက်ရှိ ဘရာဇီးအသင်းအတွက် အလိုအပ်ဆုံးကတော့ ကွင်းလယ်ကနေ ဘောလုံးကို ဖြန့်ဖြူးပေးပြီး လိုအပ်ရင် တဘက်နောက် တန်းကို ဖရိုဖရဲဖြစ်ပြီး ပြိုဆင်းသွားအောင်ကစားတတ်တဲ့ ရော်နယ် ဒင်ဟိုလို လူမျိုးပါ။

၂၀၀၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ပြိုင်ပွဲကနေ ထွက်သွားအောင်၊ ဂျာမနီအသင်းကို ဒုတိယနေရာရောက်သွားအောင် လုပ်ခဲ့ တဲ့ ရော်နယ်ဒင်ဟို ကို ဘောလုံးဝါသနာရှင်တိုင်း အမှတ်ရနေမှာပါ။

အိုင်ဗရီကို့စ် နဲ့ ပေါ်တူဂီ ပွဲစဉ်မှာလည်း ကမ္ဘာ့ဘောလုံးမင်းသား ခရစ်တီယာနို ရော်နယ်ဒို ခြေစွမ်းမပြနိုင်ခဲ့သလို လက်မှာ ဒဏ်ရာရ နေတဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာ လည်း ဒုတိယပိုင်း ၀င်ရောက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ သရေကျကာ အမှတ် ၁ မှတ် စီခွဲယူခဲ့ရပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုကို  အိုင်ဗရီကို့စ် နောက်တန်းက မလှုပ်နိုင်အောင် ထိန်းချုပ်ထားတဲ့အတွက် ဒေါသထွက်နေတဲ့ စီ ရော်နယ်ဒို နဲ့ အိုင်ဗရီကို့စ် နောက်တန်းလူ ဒါးလ်မယ် တို့ ၂ ဦးကို ကွင်းလယ်ဒိုင်က အ၀ါကတ်ပြခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ အမှတ်မပေးရရေးအတွက် တိုက်စစ်မဖွင့်ဘဲ ထိန်းကစားနေတာကြောင့် သရေကျခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ပေါ်တူဂီနဲ့ မြောက်ကိုရီးယား၊ ဘရာဇီးနဲ့ အိုင်ဗရီကို့စ်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု ဒုတိယနေရာ အတွက် လည်း အဖြေပေါ်မှာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်း ကလည်း မြောက်ကိုရီးယားကို အနိုင်ကန်ရမှာ ဖြစ်သလို အိုင်ဗရီကို့စ် အသင်း ကလည်း ဘရာဇီးကို သူတင် ကိုယ်တင် ယှဉ်ပြိုင်ရမှာပါ။ ဘရာဇီး အသင်း အနေနဲ့လည်း အိုင်ဗရီကို့စ် အသင်းကို အနိုင်ရမှ အုပ်စု ပထမ နေရာကို စိတ်ချရမှာ ဖြစ်ပါတယ်။

ဝါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ ကန်ပြီးသမျှ ပွဲစဉ်တွေ ထဲမှာတော့ ဂျာမနီနဲ့ သြစတြေးလျ အသင်း ကန်တဲ့ ပွဲပြီးရင် အိုင်ဗရီကို့စ်နဲ့ ပေါ်တူဂီ ယှဉ်ပြိုင်တဲ့ ပွဲစဉ်ကတော့ အကောင်း ဆုံးပဲလို့ ပြောဆို ပါတယ်။

“ဒုတိယအကျော့မှာတော့ မြောက်ကိုရီးယား အသင်း ဘရာဇီးကို ကန်သွားတဲ့ ခြေမျိုးဆိုရင်တော့ ပေါ်တူဂီမလွယ်ဘူး၊ ပေါ်တူဂီ အသင်းအနေ အထားကလည်း စီရော်နယ်ဒိုမှ ဂိုးမသွင်းရင် ဘာမှမလုပ်နိုင်ဘူး၊ အိုင်ဗရီကို့စ် အသင်းကတော့ အသင်းလိုက်စုစည်း မှု ရှိတယ်၊ အုပ်စု ဒုတိယနေရာကတော့ အိုင်ဗရီကို့စ်အတွက် ဖြစ်မယ်ထင်တယ်”လို့ ဦးခင်မောင်ထွေးက သုံးသပ်သွားပါတယ်။

ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် ဘစောတင် ပူးပေါင်းရေးသားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်