အိုဘားမားက အမေရိကန် အသင်းသားများကို ချီးကျူးစကားပြော

သမ္မတ အိုဘားမားက အယ်လ်ဂျီးရီးယား အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ရှုံးထွက်အဆင့်သို့ တက်ရောက် သွားသော အမေရိကန် အသင်း ဘောလုံး သမားများကို တယ်လီဖုန်းဖြင့် ချီကျူး ဂုဏ်ပြု စကား ပြောခဲ့သည်။

အယ်လ်ဂျီးရီးယား အသင်းကို အနိုင်ရပြီး နောက်တနေ့ အသင်းသားများ ညနေစာ စားပြီးချိန်တွင် သမ္မတ ထံမှ ဖုန်းဝင်လာခြင်း ဖြစ်ပြီး သမ္မတ၏ အသံကို ကြားရစေရန် ထမင်းစားပွဲ ပတ်လည်တွင် အသင်းသားများက နေရာယူ ထားသည်ဟု Goal.com  အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သမ္မတက “ကျနော်တို့ အသင်းသားတွေဟာ အုပ်စုပြိုင်ပွဲ ရှုံးနိမ့်နိုင်တဲ့ အနေအထားမှာ ချေမှုန်းမခံရအောင် ကစားခဲ့ကြတယ်၊ မယုံကြည် လောက်အောင် စုစည်းတဲ့ အသင်း စိတ်ဓာတ်တွေကို ပြခဲ့တယ်”ဟု ချီးကျူးစကားပြောခဲ့သည်။

အမေရိကန်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဗိုလ်စွဲမည်ဟု တစ်ပေးခံရသည့် နာမည်ကြီး အင်္ဂလန်ကို သရေကစားခဲ့ပြီး ဆလိုဗေးနီးယားအသင်းကို ပထမပိုင်း ၂ ဂိုး ရှုံးနေရာမှ ချေပဂိုး ၂ ဂိုးသွင်းယူကာ အဖိုးတန် အမှတ် တမှတ် ရယူနိုင်ခဲ့သည်။

နောက်ဆုံးကစားခဲ့သည့် အယ်လ်ဂျီးရီးယား နှင့် ပွဲစဉ်တွင် နှစ်ဘက်စလုံး ဂိုးမသွင်းနိုင်ဘဲ ရှိနေရာမှ ပွဲပြီးခါနီး နောက်ဆုံးအချိန်ပို တွင် လန်ဒန် ဒိုနိုဗန်က အမေရိကန်တို့ အတွက် အနိုင် ဂိုး တဂိုး ကို သွင်းယူပေးခဲ့သည်။

ဒိုနိုဗန်၏ အနိုင်ဂိုးသွင်းလိုက်သည့် အချိန်တွင် သမ္မတ အိုဘားမားသည် အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်းအတွင်း၌ အာဖဂန်နစ္စတန် စစ် မြေပြင် အတွက် အသစ်ခန့် အပ်လိုက်သော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Petraeus နှင့် တွေဆုံစကား ပြောနေချိန်ဖြစ်ကြောင်း သိရ သည်။

သမ္မတ က ဂိုးသမားကြီး တင်မ်ဟောင်းဝပ်၊ ကွင်းလယ်ကစားသမား ဒမ်ဆေး နှင့် ဒိုနိုဗန် တို့ကိုလည်း အားပေးစကားပြော ခဲ့သည်။

အမေရိကန်အသင်းသည် အုပ်စု(ဂ)တွင် အုပ်စု ပထမ ရရှိထားပြီး ရှုံးထွက်အဆင့်တွင် အုပ်စု(ဃ)မှ အုပ်စု ဒုတိယရရှိထားသည့် ဂါနာအသင်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ဂိုးသမား တင်မ်ဟောင်းဝပ်သည် အင်္ဂလန်ကစားသမား ဟက်စ် ကီးနှင့် ထိခိုက်မိသည့်အတွက် ဒဏ်ရာရနေပြီး ဒမ်ဆေးမှာလည်း အယ်လ်ဂျီးရီးယားနှင့်ပွဲတွင် ထိခိုက်ဒဏ်ရာ ရထားသည်။

လာမည့် စနေနေ့တွင် ယှဉ်ပြိုင်ရမည့် ဂါနာအသင်းနှင့် ပွဲတွင် အမေရိကန်အသင်း ကံကောင်းပါစေဟု ဆုတောင်းကြောင်း၊ အမေရိကန် တပြည်လုံး ပျော်ရွှင်နေသကဲ့သို့ အမေရိကန်ဘောလုံးအသင်း၏ နောက်တွင် ရပ်တည်လျှက်ရှိကြောင်း အားပေး စကား ပြောကြားခဲ့သည်။

တောင်အာဖရိက ကမ္ဘာ့ဖလားတွင် အမေရိကန်အသင်းကို သမ္မတဟောင်း ကလင်တန်လာရောက်အားပေးခဲ့ပြီး အိုဘားမားလည်း အမေရိကန်အသင်း ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့လျှင် လာရောက်အားပေးမည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်