ရှုံးနိမ့်မှု အတွက် မိမိသာတာဝန်ရှိဟု အီတလီနည်းပြ ပြောဆို

လက်ရှိချန်ပီယံ အီတလီအသင်းက ဆလိုဗက်ကီးယား အသင်းကို ရှုံးနိမ့်ရ၍ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ရခြင်းတွင် မိမိသာ တာဝန် အပြည့် ရှိကြောင်း အီတလီနည်းပြ မာဆယ်လိုလစ်ပီက ပြောသည်။

ယမန်နေ့ညက ဂျိုဟန်နက်စ်ဘတ်မြို့ အီလစ်ပတ်ခ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲတွင် ဆလိုဗက်ကီးယား အသင်းကို ၃ ဂိုး၂ ဂိုး ဖြင့် ရှုံးနိမ့်ခြင်းဖြစ်သည်။

“အီတလီ အသင်း အခုလို အုပ်စုအဆင့်က အိမ်ပြန်သွားရတာဟာ ကောင်းမွန်စွာ သင်ကြား လေ့ကျင့်ခြင်း မပြုနိုင်ခဲ့ လို့ပါ ကျနော့်မှာ တာဝန် အပြည့် ရှိပါတယ်”ဟု အင်္ဂလန် နိုင်ငံထုတ် Telegraph သတင်းစာတွင် ရေးသားထားသည်။

ထိုသို့ ကောင်းမွန်စွာ လေ့ကျင့်မပေးခဲ့ နိုင်သည့် အတွက် အရေးကြီးသည့် ပြိုင်ပွဲများတွင် ကစားသမား များသည် အဆင်သင့် ဖြစ်မနေကြောင်း၊ ဒုတိယပိုင်း ကျော်လွန် လာလျှင်ပင် ကစားအား ကျဆင်း သွားကြောင်း ၎င်းကဆိုသည်။

အကြောင်းပြချက် ဆင်ခြေများ ပေးစရာမရှိကြောင်း၊ တောင်းပန်စရာလည်း မလိုပါကြောင်း၊ ကစားသမားများသည် အရေးကြီးသည့်ပွဲတွင် ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ဖိအားများနှင့် ပွဲထွက်လာကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ နည်းပြလုပ်သူက မှန်မှန်ကန်ကန် သင်ပြမပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နည်းပြက ပြောဆိုခဲ့သည်။

အသက် ၆၅ နှစ်အရွယ်ရှိ အီတလီနည်းပြသည် ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလားကို အီတလီမြေသို့ သယ်ဆောင်ပေးနိုင် ခဲ့သော အမျိုးသား သူရဲကောင်းနည်းပြကြီးလည်း ဖြစ်ပြီး အီတလီအသင်းကို ဒုတိယအကြိမ် ပြန်လည်နည်းပြခြင်း ဖြစ်သည်။

ယင်းနည်းပြသည် ယခုကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက ကမ္ဘာ့ဖလားပွဲ ပြီးလျှင် နုတ်ထွက်မည်ဟု ပြောဆိုထားပြီး အီတလီ ဘောလုံးအဖွဲ့ချုပ်က ၎င်းနေရာတွင် ဖီအိုရင်တီးနား ကလပ်အသင်းနည်းပြ ပရန်ဒယ်လီနှင့် အစားထိုးမည်ဖြစ် ကြောင်း သိရသည်။

နည်းပြကြီး နုတ်ထွက်ပြီးနောက် လက်ရွေးစင်အဖြစ်မှ ၀ါရင့်ကစားသမားများ ဖြစ်ကြသော အသင်းခေါင်းဆောင် ကန် နာဗားရိုးနှင့် ကွင်းလယ်ကစားသမား ဂတ်တူဆိုတို့လည်း အသင်းမှ အနားယူမည်ဖြစ်သည်။

အီတလီအသင်း ရှုံးနိမ့်ရခြင်းမှာ ကစားသမားများ၏ နိုင်ငံတကာ အတွေ့အကြုံနုနယ်ခြင်း၊ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ ဆုရယူပေးခဲ့သည့် ကစားသမားများကဲ့သို့ ကစားသမားကောင်းများ မထွက်ရှိတော့ခြင်း၊ ၂၀၀၆ ကမ္ဘာ့ဖလားတွင် အဓိ ကနေရာမှ ကစားခဲ့သည့် ကစားသမားများ မပါဝင်တော့ခြင်းတို့ကြောင့် ဖြစ်သည်။

ထို့အပြင် နည်းပြ၏ လူထုတ်ပုံမှာ ကွင်းလယ်တွင် ဒီရောဆီ တဦးကိုသာ ကွင်းလယ်အဓိက ကစားသမားအဖြစ် ကစား စေခဲ့ပြီး ပီယာလိုကဲ့သို့ ပွဲကို အပြောင်းအလဲဖြစ်စေသည့် ကစားသမားကို ပွဲအစကတည်းက မသုံးခဲ့ပေ၊ ထို့ကြောင့် ကွင်းလယ် ကစားကွက်တွင် ဆလိုဗက်ကီးယားကို အသာစီးမယူနိုင်ခဲ့ပေ။

အီတလီအသင်း၏ ပထမ ဦးစားပေး ဂိုးသမား ဘတ်ဖွန် မှာလည်း နောက်ကျော ဒဏ်ရာရနေသည့်အတွက် ၀င်ရောက် ကစားနိုင်ခြင်းမရှိပေ။

ဂိုးသမား ဘတ်ဖွန်က“ စိတ်ပျက်ဖို့ကောင်းပါတယ်၊ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အသင်းနဲ့တော့ တခြားစီပဲ၊ အသင်း မှာ တော်တီတို့ ဒဲလ်ပီယာ တို့လိုမျိုး ကစားပွဲကို အဖြေပြောင်းပေးနိုင်မယ့်သူ မပါဘူး”ဟု ဆိုသည်။

ဂိုးသမား ဘတ်ဖွန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုရရှိထား သူဖြစ်ပြီး ၂၀၀၆ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတွင်  ပြင်သစ်အသင်း၏ တိုက်စစ်မှူး ထရေဇီဂေး၏ ပင်နယ်တီကို လွဲချော်စေရန် ဟန့်တားနိုင်ခဲ့သူဖြစ်သည်။

အီတလီအသင်းသည် ကမ္ဘာဖလားသမိုင်းတွင် ဘရာဇီးအသင်းပြီးလျှင် ကမ္ဘာဖလားကို ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆ ခုနှစ်တို့တွင် လေးကြိမ် ဆွတ်ခူးထားပြီးဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်