ဝမ်ကျားပေါင် အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုက်တွန်းသင့်၊ တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆို

မြန်မာနိုင်ငံတွင် လာရောက်သည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် အနေဖြင့် စစ်အစိုးရကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသား နယ်မြေများ တည်ငြိမ်ရေးကို တိုက်တွန်းသင့်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြော သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး နှင့်နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ဒီမိုကရေစီအင်အားစုများ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် စစ်အစိုးရကို တိုက်တွန်းသင့်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာ အောင်က ဧရာဝတီသို့ ပြောသည်။

“ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပြည်သူတွေ မျက်နှာကို ထောက်ပြီး စစ်အစိုးရကို တတ်နိုင်သမျှပြောဖို့လိုမယ်”ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နိုင်ငံတကာအရေးတွင်လည်း မြန်မာနိုင်ငံဘက်မှ တက်တက်ကြွကြွ ကူညီနေသော နိုင်ငံ ဖြစ်သည့် အတွက် ၀န်ကြီးချုပ် ၀မ်ကျားပေါင် အနေဖြင့် စစ်အစိုးရကို တိုက်တွန်းရမည်ဟု ဦးအေးသာအောင်က ဆိုသည်။

တရုတ်နိုင်ငံသည် သူတပါးနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မရှိသည့် မူဝါဒကို ကျင့်သုံးသည်ဟု ပြောဆိုနေသော် လည်း မြန်မာစစ်အစိုးရနှင့် တချို့စီးပွားရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ဦးအေးသာအောင်က ဆက်လက် ပြောဆိုသည်။

ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် ယနေ့နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေးတင်းကျပ်စွာချ ထားကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ယခုခရီးစဉ် မတိုင်မီ မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီနှင့် မြန်မာနိုင်ငံ ကျောက်ဖြူသို့ ဆက်သွယ်မည့် တရုတ်-မြန်မာ စင်္ကြံ လမ်း စီမံချက် ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာကို ၂ နိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးများက လက်မှတ် ရေးထိုးခဲ့ကြ ကြောင်း အစိုးရပိုင် သတင်းစာများတွင် ရေးသားထားသည်။

ထို့အပြင် စွမ်းအင်ကဏ္ဍတွင်လည်း ရခိုင်ကမ်းလွန်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ရေ အားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကိုလည်း တရုတ် ကုမ္ပဏီများက ၀ယ်ယူနေသည်။

ကချင်ပြည်နည် မြစ်ဆုံရေကာတာစီမံကိန်းကို တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီး မြုပ်နှံမှုကော်ပိုရေးရှင်း (CPI)က တည်ဆောက်နေရာ ပြီးခဲ့သည့် ဧပြီလအတွင်း ယင်းစီမံကိန်း ဒေသပတ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

စီမံကိန်းဒေသအတွင်းရှိ ကချင်ကျေးရွာများ အတင်းအကျပ် ပြောင်းရွှေ့မှုကြောင့် ကချင်လူမှု ဖွံဖြိုးရေး ကွန်ယက်အဖွဲ့ က မကြာ သေးမီ ရက်ပိုင်းတွင် တရုတ် သမ္မတ ဟူကျင်တောင် ထံသို့ စာရေးသား ပေးပို့ခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို လာမည့် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့် တပ်ဖွဲ့စည်း ရေးနှင့် ပတ် သက်၍ ဖိအားပေးမှုများ ရှိနေသည့်အတွက် အင်အားသုံးပြီး စစ်ရေးအရ မဖြေရှင်းရန် တရုတ်နိုင်ငံက ပြောဆိုသင့်သည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ၏ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ် လွမ်းဒေါင်က လည်း ဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ငွေကျပ် ၁၀၀ တန် တံဆိပ်ခေါင်းသစ် တမျိုးကိုလည်း ထုတ်ဝေသည်။

စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်။

ပြီးခဲ့သည့်နှစ် ဇွန်လက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ် သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဒုတိယ သမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်