မြန်မာ့နွားချေးဖြင့် ကမ္ဘာကိုကြီးစိုးမည်

ချင်းမိုင် ဆောင်းကား အနွေးထည် အသစ်ဖြင့် လမ်းသလားချင်သူတို့ အကြိုက် … အရက်သမားတို့ အကြိုက် အဝင်ကြမ်းသည်ဟု ဆိုရမည် ဖြစ်သည်။ နိုဝင်ဘာ နံနက် တခင်းတွင်တော့ တစုံ တဦးသည် ချင်းမိုင် တက္ကသိုလ် ဝင်းအတွင်းရှိ ရေကန်ကြီးနဘေးတွင် တစုံတရာကို သဲကြီးမဲကြီး အာရုံဝင်စား နေသောကြောင့် သူ့အနားသို့ လူ ၂ ဦးချဉ်းကပ် လာသည်ကိုပင် သတိထားမိဟန်မရှိ …။

ဖိုးရှုပ်။      ။ ဦးရုက္ခစိုးကြီး … ဘာလုပ်နေတာလဲဗျ။

ရုက္ခစိုး။       ။ အောင်မလေး သောက်ပလုတ်တုတ်။ လန့်လိုက်တာကွာ။ ကလူကလူ။

ကြွက်စုတ်။     ။ ခင်ဗျားက ဘာမဟုတ်တရုတ် လုပ်နေလို့ လန့်ရတာတုန်းဗျ။ နာမည်လေး ခေါ်ရုံ ရှိသေးတယ်။ နေပါဦး … ဘာဖတ်နေတာလဲ။ သြော လက်စသတ်တော့ မြန်မာ့အမှောင် သတင်းစာ ဖတ်နေတာကိုးဗျ။

ရုက္ခစိုး။        ။ ဟေ့ကောင် ကြွက်စုတ် မင်းဘာမှ သရော်နေစရာမလိုဘူး။ အရင်ကမှောင်ချင် မှောင်မယ်။ ခု လင်းပြီကွ။ ဒီမှာကြည့်။ တအိမ်ကို နွား ၅ ကောင်ကနေ ၇ ကောင်ရှိရုံနဲ့ တအိမ်သုံး လျှပ်စစ်ဓာတ်အား ထုတ်နိုင်ပြီတဲ့။ လင်းကုန်ကြပါပြီကွ။

ဖိုးရှုပ်။       ။ ဗျာ လာပြန်ပြီလား နွားနဲ့လျှပ်စစ်မီးထုတ်တာ။ အရင်တခါလို နွားကောင်ရေအားပဲလား။ နွားတွေ သနားဖို့ကောင်းနေပါပြီဗျာ။

ကြွက်စုတ်။       ။ အင်း နွားထဲကကို မထွက်တာပါလား။ နွား အသင်းထူထောင်ပြီး နွားအခွင့်အရေး လှုပ်ရှားမှုဆိုပြီး လုပ်ဦးမှပါပဲ။

ရုက္ခစိုး။        ။ ထင်ရာပြောနေပြန်ပြီ။ ဒီတခါ နွားတော့နွား။ ဒါပေမယ့် နွားချေးကွ၊ နွားချေး။

ဖိုးရှုပ်။        ။ ဟာ စိတ်ဝင်စားတယ်ဗျာ။ လုပ်ပါဦး ဦးရုက္ခစိုးရဲ့။

ကြွက်စုတ်။        ။ ဟုတ်တယ် ဦးရုက္ခစိုးရေ ပြောပြလိုက်ပါ။ ဖိုးရှုပ်က ချေးဆို ဘာချေးဖြစ်ဖြစ် စိတ်ဝင်စားတယ်။ အဲဒါ သူ့ဓာတ်စာပဲ။

ဖိုးရှုပ်။        ။ ဟေ့ကောင် ငါက တကယ် စိတ်ဝင်စားလို့ မေးတာကွ။ မင်းလို အနံ့လိုက်ရှူနေတဲ့ကောင်များ မှတ်နေလား။

ရုက္ခစိုး။        ။ မကိုက်ကြစမ်းနဲ့ကွာ။ ဒီမှာ ငါလည်း အဲဒါသိချင်လို့ ဖတ်နေတာ။ ဒီနေ့ သတင်းစာ မျက်နှာဖုံးမှာကို ပါတာကိုးကွ။ နွားချေးကနေ ဇီဝလျှပ်စစ်ထုတ်တာတဲ့။ တအိမ်သုံးလျှပ်စစ်ရဖို့ တနေ့ကို နွားချေးပိဿာချိန် ၆၀ လိုအပ်တယ်တဲ့ကွ။

ကြွက်စုတ်။       ။ ဟာ ဒါဆိုရင် နွားတွေဘဝကတော့ မတွေးရဲစရာပဲဗျာ။ နွားတွေခမျာ လိုအပ်ချက် ပြည့်မီအောင် မပါနိုင်ရင် တရားစွဲခံရနိုင်တယ်။

ဖိုးရှုပ်။          ။ ဟုတ်ပါ့ဗျာ လူတွေတောင် ဖောချင်းသောချင်း ထောင်ဒဏ်ပေးနေတာ၊ နွားလောက်ကတော့ အပျော့ ဖြစ်သွားဦးမယ်။

ရုက္ခစိုး။       ။ ငါစဉ်းစားတာက တမျိုးကွ။ ခုလိုကမ္ဘာ့စီးပွားပျက်ကပ်ကြီး နေရာအနှံ့ဖြစ်နေချိန်မှာ မြန်မာ နိုင်ငံပြန်ပြီး လုံးဝ မရှုံးမယ့် စီးပွားရေးလုပ်ငန်းတခု ထူထောင်ပါလားလို့ … မင်းတို့အတွက် ပြောတာပါ။

ဖိုးရှုပ်။             ။ ဘာလဲ နွားတွေမွေးပြီး ချေးရောင်းစားရမှာလား။

ရုက္ခစိုး။        ။ ခက်တာပဲ။ တွေးလိုက်ရင် ချေးပုံထဲကကို မတက်ပါလား။ ဒီလိုကွ နွားတွေချေးများများ ပါအောင် နွားဝမ်းနှုတ်ဆေး ဖော်ရောင်းပါလားလို့ ပြောမလို့။

ကြွက်စုတ်။           ။ အင်း ဦးရုက္ခစိုးကတော့ တရိစ္ဆာန်ညှင်းပမ်းမှုနဲ့ ၆၅ နှစ် ဖြစ်ဦးတော့မှာပဲ။ ဇီဝလျှပ်စစ် ဆိုတော့  အီလက်ထရွန်းနစ်ပုဒ်မနဲ့လည်း ညိနိုင်တယ်ဗျနော်။

ဖိုးရှုပ်။       ။ ဦးရုက္ခစိုး လုပ်တာနဲ့ ဒီမှာ အရေးကြီးတာပြောမလို့တောင် အစ ဘယ်ရောက်သွားလဲ မသိဘူး။

ရုက္ခစိုး။         ။ ပြောပါမောင်ရာ။ ငါက စီးပွားပျက်ကပ်ကြောင့် လူတွေအစား စိတ်ညစ်နေလို့ ဟာသလေး များ တွေ့မလားဆိုပြီး သတင်းစာ လှန်မိတာပါ။ ဟီဟိ။ ကဲ ဆိုပါဦး ဘာလဲ။

ဖိုးရှုပ်။        ။ ဘာပါလိမ့် သြော် သိပြီ … နွား လေးလပတ်စည်းဝေးကြီး။

ကြွက်စုတ်။            ။ ဘာ ဟေ့ကောင်။ မင်းတော့လား။ ၆၅ နှစ်နော် .. ဟင်း ဟင်း။

ဖိုးရှုပ်။         ။ ရောကုန်တာကွ။ လာကတည်းက ဦးရုက္ခစိုးကြီးက နွားကိစ္စနဲ့ စတာကိုး။

ရုက္ခစိုး။       ။ လူအမှု နတ်လာပတ်နေပြန်ပြီ။ မင်းပြောတာ ငါသိပါတယ်။ နအဖ လုပ်တဲ့ လေးလပတ် အစည်းအဝေး။ အဲဒါဘာဖြစ်လဲ။

ဖိုးရှုပ်။          ။ အင်း ကျနော်ကြားတာကတော့ …. ။

ကြွက်စုတ်။         ။ ဟေ့ကောင် ဟေ့ကောင် မင်းကြားတာလား ငါကြားတာလား။ မင်းတို့ သတင်းထောက် တွေကတော့ကွာ … သူများသတင်းကို ကိုယ့်သတင်း လုပ်ဖို့ဆို သိပ်မြန်တဲ့ ကောင်တွေ။

ဖိုးရှုပ်။       ။ ကဲပါ။ မင်းကြားတယ်ပဲ ထားပါတော့။ တကတည်း လိုရင်းကို မရောက်ဘူး။ ဒီလို ဦးရုက္ခစိုးကြီးရဲ့ နအဖရဲ့ လေးလပတ် အစည်းအဝေးကြီးမှာ ဘင်္ဂလားဒေ့ရှ် ကိစ္စနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စကြီးကို အလေးထား ဆွေးနွေးတယ်တဲ့ဗျ။

ရုက္ခစိုး။           ။ ဆွေးနွေးတော့ ဘာဖြစ်တုန်းကွာ။

ဦးရုက္ခစိုးကြီးက ကန့်လန့်တိုက်လိုက်သဖြင့် ဖိုးရှုပ်တယောက် ဘာပြောရမှန်းမသိ ဖြစ်သွားရာ ကြွက်စုတ်က တကယ့် နိုင်ငံရေး သုတေသီကြီး လေသံဖြင့် ဝင်ဖြေရှင်းပေးလိုက်၏။

ကြွက်စုတ်။       ။ ခက်တာပဲ ဖိုးရှုပ်ရာ မင်းက ဘာမှလည်းမသိ ပြောကလည်း ပြောချင်နဲ့။ ဒီလို ဦးရုက္ခစိုး ကြီးရဲ့။ အဲဒီလေးလပတ် စည်းဝေးလုပ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည် ထောင်ချတဲ့ ကိစ္စတွေကို တက်သုတ်ရိုက်လုပ်တယ်။ ပြီးတော့ အဲဒီစည်းဝေး အပြီးမှာ စစ်ဗိုလ် တချို့ ယူနီဖောင်း ချွတ်ကုန်တယ်။

ရုက္ခစိုး။        ။ ဒါကတော့ကွာ သူတို့လည်း ယူနီဖောင်းနဲ့ချည်း တသက်လုံးနေလာရတာ။ တခါတလေ ဖက်ရှင်ကျကျလေး ဝတ်ချင်မှာပေါ့ကွ။ ငါတောင် ဒီနတ်ယူနီဖောင်းကို လဲချင်နေတာကြာပြီ။ ဇာတ်ပျက် ဖြစ်မှာစိုးလို့။

ဖိုးရှုပ်။        ။ ခုလည်း ရုက္ခစိုးပျက် ဖြစ်နေပါပြီဗျာ … မထူးပါဘူး။ ကဲ ကိုကြွက်စုတ်ရယ် ဆက်လက် သုံးသပ်စမ်းပါဦး။ ကြွက်အမြင်လေး သိပါရစေ။

ဖိုးရှုပ်က သူ့ကိုတွယ်ထားသဖြင့် ကျွဲမြီးတိုနေသောကြောင့် ဦးရုက္ခစိုးကော ကြွက်စုတ်ကိုပါ တပြိုင်တည်း ပြန်နှက်လိုက်သည်။ ဖိုးရှုပ်စကားကို အမှုမထားဘဲ ကြွက်စုတ်က သူစိတ်ထင်ရာများကို ဆက်ပြောသည်။

ကြွက်။          ။ ဒါ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရှင်းစရာ ရှိတာတွေကို အပြတ်ရှင်းတာဗျ။ အဲဒီစည်းဝေး မှာပဲ ဘယ်သူတွေကို ထောင်ဘယ်နှနှစ်ချ ဆိုပြီး ဆုံးဖြတ်၊ ပြီးတော့ တချိန်တည်းမှာ ဘယ်သူတွေ ရွေးကောက်ပွဲကို လူဝတ်လဲပြီး ဝင်ဆိုပြီး မင်းအဘက သတ်မှတ်ပေးလိုက်တာကွဲ့ ဖိုးရှုပ်ရဲ့။ သိပြီလား။ ဒါပေမယ့် မပြီးသေးဘူး။ ကျနော့်အနေနဲ့ ခုနက ဦးရုက္ခစိုးပြောတဲ့ နွားကိစ္စ သိပ်မသင်္ကာဘူးဗျ။

ရုက္ခစိုး။           ။ ဟင် ဘယ်လိုများ မသင်္ကာတာပါလိမ့် လုပ်စမ်းပါဦး။

ကြွက်စုတ်။        ။ နျူကလီးယားနဲ့ စပ်ဆက်နေမယ်ထင်တယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ဟိုနေ့က သတင်းစာမှာ အဘပုံကြီးကို မျက်နှာဖုံးတင်တယ်။ ဒီနေ့ နွားကိစ္စကို မျက်နှာဖုံးတင်တယ်။ အရေးကြီးတာကို သတင်းစာ မျက်နှာဖုံးမှာ တင်တာ ဟုတ်တယ်မဟုတ်လား။ အရေးမကြီးဘဲနဲ့တော့ ဖော်ပြမှာ မဟုတ်ဘူး။

ရုက္ခစိုး။        ။ အတင်းကို ဆွဲချိတ်နေပါလားနော်။ နွားနဲ့ အဘ အင်း ဟုတ်တော့ ဟုတ်နေပြီ။ လုပ်စမ်းပါဦး။ နျူကလီးယားနဲ့ ဘာဆိုင်လို့လဲ။

ကြွက်စုတ်။       ။ နွားချေးကနေ နျူကလီးယား ထုတ်ဖို့ ကြံစည်နေတယ်လို့ ကျနော်တော့ ထင်တယ်။ ဒါကလည်း လေးလပတ်စည်းဝေး အပြီးမှာ လုပ်တာဆိုတော့ စပ်ဆက်မှုရှိလိမ့်မယ်ဗျ။ တော်ရုံကိစ္စတော့ မဖြစ်နိုင်ဘူး။

ဖိုးရှုပ်။         ။ အင်း ပေါက်ကရ ပြောတဲ့ နေရာမှာတော့ ကြွက်စုတ်တို့က ကမ္ဘာကျော်ဦးမယ်။ နွားချေး ကတောင် နျူကလီးယား ထုတ်ဦးမတဲ့။ မြောက်ကိုရီးယားနဲ့ ရုရှားကတောင် အဘခေါ်ရမယ့် ကိန်းပဲ။

ရုက္ခစိုး။        ။ ဒါဆိုရင် မြန်မာပြည်အဝင်မှာ ဆောင်ပုဒ်ကြီးတွေ မြင်ရဦးတော့မှာပဲ။ “မြန်မာ့နွားချေးဖြင့် ကမ္ဘာကိုကြီးစိုးမည်” ဆိုပြီးတော့လေ။

ဖိုးရှုပ်။         ။ မြန်မာ့ နွားချေးတော့ မသိဘူး မြန်မာ့နွားကြီးရဲ့ အပုပ်နံ့ကတော့ ကမ္ဘာကိုလွှမ်းနေတာ သေချာတယ်။ ခုတောင်နံလာသလိုပဲ။

ကြွက်စုတ်။     ။ အဲဒါတော့ သိဘူးဗျ။ ကျနော်လည်း စိတ်ထဲထင်တာ သုံးသပ်ကြည့်တာလေ။ ကျနော် ပြောတာ အဟုတ်မှတ်ပြီး ဖိုးရှုပ်က သတင်းထဲ ထည့်ရေးရင်တော့ မပြောတတ်ဘူး။ ကဲ ကဲ ဗိုက်လည်းဆာပြီ။ ချင်းမိုင် တက္ကသိုလ်ကျောင်းသူ အလှပဂေးလေးတွေ ငေးရတာ မျက်စိလည်း ညောင်း လှပြီ။ တဆိုင်ဆိုင်ကို လစ်ကြစို့ …။

စိတ်ထင်ရာများကို ပြောချင်သလို ပြောပြီး ဦးဆောင်ထွက်သွားသော ကြွက်စုတ်နောက်သို့ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့မှာ အူကြောင်ကြောင်နှင့် အပြေးလိုက်သွားရလေတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်