ကိုဆန်းတင့်နှင့် လူမှုထူးချွန်ဆု

ချင်းမိုင် ရုက္ခစိုး အကြောင်းက နှစ်သစ်ကူးကာလ မြန်မာ့သတင်း လောကတွင် ထိပ်ဆုံး ရောက်နေသည်။ ရုက္ခစိုးကြီးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာ့အရေး လှုပ်ရှားသူ နိုင်ငံခြားသားများကို ဆုပေးမည်ဟူသော သတင်းဖြစ်သည်။

ယနေ့ ချင်းမိုင်ရုက္ခစိုးထံသို့ ဧည့်သည်တယောက် ရောက်လာသည်။ ဧည့်သည်၏အမည်မှာ ကိုဆန်းတင့် ဖြစ်သည်။ ကိုဆန်းတင့် ဟု ဆိုသော်လည်း မြန်မာပြည်သားမဟုတ်ပေ။ ဧည့်သည်က မြန်မာ့အရေးကို အလွန် စေတနာထားကြောင်း၊ သူ၏အလုပ်အကိုင်မှာ consultant ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ရာ ရုက္ခစိုးက မြန်မာဆန်ဆန် ကိုဆန်းတင့်ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။

ကိုဆန်းတင့်က ချင်းမိုင်မြို့နှင့် စိမ်းသူမဟုတ်။ သို့သော်လည်း ချင်းမိုင်နှင့် ဝေးနေသည်မှာ ကာလအတော်ကြာပေပြီ။ လူမှုထူးချွန်ဆုများ ချီးမြှင့်မည် ဟူသော သတင်းကြောင့် ဆုရလိုသည့် အနှီ ကိုဆန်းတင့်က ချင်းမိုင်သို့ အမောတကော ရောက်ရှိလာခြင်းဖြစ်သည်။

ကိုဆန်းတင့်က လိုရင်းကို စတင်ပြောဆိုသည်။

ကိုဆန်းတင့်။     ။ ဦးရုက္ခစိုးက မြန်မာ့အရေး စွမ်းစွမ်းတမံ လှုပ်ရှားသူတွေကို ဆုပေးမယ်လို့ ကြားတယ်။

ရုက္ခစိုး။     ။ အင်း … ဟုတ်တယ်။ ပေးမယ်၊ ပေးမှာပေါ့။ ဒီညပဲ ဆုတွေကို ကြေညာတော့မှာ။

ကိုဆန်းတင့်။     ။ ကျနော်တို့လို အနောက်တိုင်းသားတွေကိုပဲ ပေးမှာဆို။

ရုက္ခစိုး။     ။ ဟုတ်တယ်။ မှန်တယ်။ အဖြူတွေ အဲ - အနောက်တိုင်းသားတွေကိုပဲ ပေးမှာ။

ကိုဆန်းတင့်က ၀မ်းသာအားရဖြင့် …

ကိုဆန်းတင့်။     ။ ဟဲဟဲ …  ဦးရုက္ခစိုးက အဲသလို အစီအစဉ်တွေရှိတယ် ဆိုတော့ ကျနော်က အကြံဥာဏ်တွေ ပေးလို့ရပါတယ်။ ဟဲဟဲ … ။

ရုက္ခစိုး။     ။ အင်း … အကြံပေးတာတော့ ဟုတ်ပါပြီ၊ မင်းအတွက် ဥာဏ်ပူဇော်ခ ၁ ရက် ဒေါ်လာ တထောင် ပေးဖို့ကတော့  …
ကိုဆန်းတင့်။     ။ ဟာ … ကျနော်က အခမဲ့ လုပ်စား အဲ … လုပ်ပေးမှာပါ။ အကြံဥာဏ်တွေ၊ သုံးသပ်ချက်တွေပေးတယ် ဆိုတာ ကျနော်ကျွမ်းကျင်တဲ့အလုပ်ပဲ။ မြန်မာပြည်ထဲအထိ သွားပြီးတော့ လက်တွေ့ကွင်းဆင်း လုပ်ကိုင်နေတာ ကြာပြီ။ မြန်မာပြည်အပြင်ဘက်မှာရှိတဲ့ ပြည်ပြေးတွေနဲ့ ကျနော် မတွေ့တော့ဘူး ဟဲဟဲ… ။

ရုက္ခစိုး။     ။ အင်း … ပြည်ပြေးတွေနဲ့ပဲတွေ့ရတဲ့အလုပ် ဆက်လုပ်ရင် ၀င်ငွေနည်းတယ်မဟုတ်လား။

ကိုဆန်းတင့် မျက်နှာတချက်ပျက်သွားသည်။ သို့သော်လည်း ကြိုးစားပြီး ပြန်ပြုံးကာ ဆက်ပြောသည်။

ကိုဆန်းတင့်။     ။ အဲဒီပြည်ပြေးတွေအကြောင်း မပြောစမ်းပါနဲ့ဗျာ။ ဒီလူတွေ ဒီမိုကရေစီ အော်နေတာ အနှစ် ၂၀ ရှိပြီ။ ဘာမှလည်း အဖြစ်မရှိဘူး။ မြန်မာ့အရေးဟာ ဒီကောင်တွေကြောင့် အခြေအနေ ဆိုးနေတာ။ ဒီကောင်တွေ မရှိရင် ပဋိပက္ခတွေ မရှိတော့ဘူး။ အဲ … ကျနော် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို အဲဒီလို သုံးသပ်ပြတော့ သူတို့ လက်ခံကြတယ်ဗျ။

ရုက္ခစိုး။     ။ သြော် … ဟုတ်လား။ အင်း … ပြည်ပြေးတွေ မရှိရင် မြန်မာပြည် အခြေအနေ ပိုကောင်းသွားမယ် ဆိုတော့ ဗိုလ်ချုပ်ကြီးတွေ မရှိရင်ရော ဘယ်လိုဖြစ်လာမလဲ။

ကိုဆန်းတင့်။     ။ ကျနော်က ဗိုလ်ချုပ်ကြီးတွေနဲ့ အဆင်ပြေနေလို့ ပြောတာတော့ မဟုတ်ဘူးနော်၊ သူတို့တော့ ရှိမှ ဖြစ်မယ်။ သူတို့မှာက အုပ်ချုပ်ရေး အတွေ့အကြုံ ရှိတယ်လေဗျာ။ နိုင်ငံတခုကို အုပ်ချုပ်ရတာ လွယ်တာမှတ်လို့။

ရုက္ခစိုး။     ။ သြော် … မစ္စတာကိုဆန်းတင့်က မြန်မာပြည်ကို မြန်မာတွေထက် ပိုချစ်၊ ပိုပြီး စေတနာထား၊ မြန်မာပြည်အကြောင်းကို မြန်မာတွေထက် ပိုသိနေသလိုပဲနော်။

ကိုဆန်းတင့်။     ။ ဒါပေါ့ဗျာ၊ နိုင်ငံခေါင်းဆောင်တွေကအစ၊ ကုလသမဂ္ဂခေါင်းဆောင်တွေ အဆုံး ကျနော်က အကြံပေး သုံးသပ်ပြနေရတော့ ပိုသိနေတာပေါ့။

ကိုဆန်းတင့် ပုံကြီးချဲ့ပြောနေခြင်းလား၊ အမှန်ပြောနေခြင်းလား ရုက္ခစိုးကြီး ခန့်မှန်းရခက်သွားသည်။ ကိုဆန်းတင့် ပြောပုံကိုကြည့်ပြီး ရုက္ခစိုး စိတ်ညစ်သွားသော်လည်း သိလိုသည်များကို ဆက်မေးလိုက်သည်။

ရုက္ခစိုး။     ။ ကုလသမဂ္ဂဆိုလို့ ဂန်ဘာရီကြီးရော ဘယ်လိုလဲ။ ဗိုလ်ချုပ်ကြီးတွေက သူ့ကို မြန်မာပြည်ခေါ်ပြီး မီးနေသည်လုံခြည်စုတ်နဲ့ နာမ်နှိမ်လိုက်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ လုပ်လိုက်တယ်ဆို။

ကိုဆန်းတင့်။     ။ ကျနော်ကတော့ ဒါမျိုးတွေ မယုံပါဘူး။ ယုံတဲ့သူတွေကတော့ ဓာတ်ရိုက်ဓာတ်ဆင်တာ အစွမ်းထက်တယ်လို့ ပြောတော့မှာပဲ၊ အခု မစ္စတာဂန်ဘာရီကြီးက နယူးယောက်ကနေပြီး နေပြည်တော်ကို အရမ်း လွမ်းနေတာ။ ကျနော့်ရဲ့ “ဗိုလ်ချုပ်ကြီးများကို ချော့ပေါင်းနည်း” စာအုပ်မှာတောင် သူ့ကို အမှာစာ ရေးဖို့ ပြောရဦးမယ်။

ရုက္ခစိုး။     ။ ဟဲဟဲဟဲ … အဲဒီစာအုပ်အမှာစာအတွက်ဆိုရင်တော့ သူ့ကိုချဉ်းကပ်တာ အကောင်းဆုံးပဲ။ ငါ့ဆီလာနေတဲ့ သတင်းထောက်တယောက် အပြောအရဆို ဂန်ဘာရီက သန်းရွှေကို သိပ်ချစ်တာဆိုပဲ။ အင်းလေ … သန်းရွှေက အပေးကောင်းတာကိုး။

ကိုဆန်းတင့်။     ။ ဘာလဲဗျ၊ ဘာတွေလဲဗျ၊ ဘာတွေအပေးကောင်းတာလဲ။ ဗိုလ်ချုပ်မှူးကြီးက ဒီလိုမဟုတ်ပါဘူး။

ရုက္ခစိုး။     ။ လက်ဆောင်ပေးတာကို ပြောတာပါ။ ဂန်ဘာရီကြီးကို ကျောက်စိမ်းတုံး ဆိုလား လက်ဆောင် ပေးလိုက်တယ်လို့ သတင်းထောက်တယောက်က ပြောတာပဲ။

ကိုဆန်းတင့်။     ။ အင်း … မိတ်ဖြစ်ဆွေဖြစ် ပေးတာလို့ ထင်တာပဲ။ ကျနော်တို့လည်း ကြားပါတယ်။ ဒါနဲ့ ဦးရုက္ခစိုး ဆုပေးမယ့် စာရင်းထဲမှာ မစ္စတာ ဂန်ဘာရီ ပါတယ်မဟုတ်လား။

ရုက္ခစိုး။     ။ ပါတာပေါ့။ နာမည်ကြီးတဲ့သူတွေကို ဆုပေးမှ ငါလည်းနာမည်ကြီးမှာ ဆိုတော့ သူ့ကို ချန်ထားလို့ ဘယ်ဖြစ်မလဲ။ ဟဲဟဲဟဲ …။

ကိုဆန်းတင့်။     ။ ဟို … ဆုရတဲ့သူစာရင်းထဲမှာ ကျနော့် … ကျနော့်နာမည်လည်း ပါမယ်လို့ ယူဆပါတယ်။

ရုက္ခစိုး။     ။ ပါတာပေါ့၊ ကိုဆန်းတင့်ကို ချန်ထားလို့ ဘယ်ဖြစ်မလဲ။ ကိုဆန်းတင့်နာမည်ကို ဂန်ဘာရီရဲ့ နာမည်ဘေးမှာ ထည့်ထားတယ်။ ဒါပေမယ့် ပထမဆုတော့ မဟုတ်ဘူးနော်။ အဆင့် ၅ ဆင့် ခွဲထားတယ်။

ကိုဆန်းတင့်။     ။ ပထမဆု မရလည်း ကျေနပ်ပါတယ်။ မြန်မာ့အရေး လုပ်ဆောင်တာကို အသိအမှတ်ပြုရင် ကျေနပ်ပါပြီ။ ဆုတွေက ဘာဆုတွေလဲဗျ။ ကြိုပြောလို့ရရင် ပြောပါဦး။

ရုက္ခစိုး။     ။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူမှုထူးချွန်ဆု ဆိုပြီး အဆင့် ၅ ခု ခွဲထားတယ်။

၁။ မြန်မာပြည်အရေးကို စေတနာ ရှိသူများ။ ဒီအဆင့်မှာတော့ လူနည်းတယ်။

၂။ မြန်မာ့အရေးကို စေတနာရှိဟန် ဆောင်သူများ။ ဟန်ဆောင်ကောင်းသူတွေပေါ့ကွာ။

၃။ မြန်မာ့အရေးကို နားမလည်ဘဲ လှုပ်ရှားနေသူများ။ ဒီအဆင့်ရတဲ့သူက များတယ်။ ဒီပုဂ္ဂိုလ်တွေက မြန်မာပြည်အကြောင်း သူတို့ပဲ အသိဆုံးလို့ ထင်နေကြတာ။ ပြီးတော့ …

၎။ မြန်မာပြည်အခက်အခဲကို ဗန်းပြပြီး အခွင့်အရေးယူနေသူများ။ ဒီအင်အားကလည်း မသေးဘူးကွဲ့။

၅။ နှစ်ဘက်ပေါင်းစည်းလိုဟန်နဲ့ လုပ်စားနေသူများ ဆိုပြီး ၅ ဆင့် ခွဲထားတယ်။

ရုက္ခစိုး၏ ရှင်းလင်းချက်အပြီးတွင် မစ္စတာကိုဆန်းတင့် ပက်လက်လန်သွားလေသည်။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်