ဒေါ်အောင်ဆန်းစုကြည်ကို နှောင်တည်းထားသည့် ရှုံ့ချည်နှပ်ချည် သားရေပင်ဥပဒေ

စစ်အစိုးရက နောက်ဆုံးတွင် ကိုယ့်လုပ်ရပ်ကြောင့် မည်သည့် အကျိုးဆက်ဖြစ်မှန်း မသိနိုင်သော အမေရိကန် လူမျိုးတဦး ထံမှနေ၍ ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အလိုရှိနေသော ဆင်ခြေအကြောင်းပြချက် ကောင်း ရစေခဲ့သည်။ ဒေါ်စုကို အိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးရတော့မည့် မေလ ၂၇ ရက် မတိုင်မီ ရက်အနည်းငယ် အလိုတွင်မှ ဤသို့ဖြစ်ပေါ်လာခဲ့သည်။

အသက် ၆၃-နှစ် အရွယ်ရှိပြီဖြစ်သူ ဒီမိုကရေစီခေါင်းဆောင်ကို အင်းစိန်ထောင်အတွင်းသို့ ပြီးခဲ့သည့် ကြာသပတေးနေ့ အစောပိုင်းက ခေါ်ဆောင်သွားခဲ့ပြီး၊ သူ့ကို ချုပ်နှောင်ထားသည့် ကန့်သတ်ချက်များ ချိုးဖောက်မှုရှိသည်ဟုဆိုကာ နိုင်ငံ တော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်တားဆီးရေးဥပဒေ ပုဒ်မ-၂၂ ဖြင့် စွပ်စွဲခုံရုံးတင်ခဲ့သည်။

အသက် ၅၃ နှစ်အရွယ်ရှိ အမေရိကန်လူမျိုးတဦးဖြစ်သူ ဂျွန် ၀ီလီယံ ယက်တော ဆိုသူက အင်းလျားကန်ကို ဖြတ်ကူး၍ ဒေါ်စု၏အိမ်တွင်းသို့ ခိုးဝင်ခဲ့သည်၊ ရပ်အနည်းငယ်ကြာ နေထိုင်ခဲ့သည် ဟူသော အကြောင်းပြချက်ဖြင့် သူ့ကို ခုံရုံးတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့က အင်းစိန်ထောင်အတွင်း တရားခွင်စတင်ကြားနာရာ၌ ဒေါ်စုကို တွေ့ကြရသည်။ ဤစွဲဆိုထားသောပြစ်မှု အတွက် သူ့ကို အများဆုံး ၅-နှစ်တိုင် ထောင်ချနိုင်သည်ဟုလည်း ဆိုကြသည်။

မစ္စတာ ယက်တောကို ကြာသပတေးနေ့တွင် အင်းစိန်ထောင်တွင်ပင် ခုံရုံးတင်ခဲ့ပြီး လုံခြုံရေးဥပဒေများ ချိုးဖောက်မှု၊ လူဝင် မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုတို့နှင့် တရားစွဲဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက "လူတိုင်းက ဒီလိုမိုက်မိုက်မဲမဲလုပ်တဲ့ အမေရိကန်ကို ဒေါသထွက်နေကြတယ်။ သူက အခုဖြစ်ရတဲ့ပြဿနာအားလုံး အတွက် အခြေခံပဲ" ဟု ပြောခဲ့သည်။

သူပြောသည့်အတိုင်းလည်း မှန်သည်။ သို့သော် တစိတ်တပိုင်းသာ မှန်ပေသည်။ ပြန်ကြည့်လျှင် မစ္စတာယက်တောသည် စစ်အစိုးရ ရှာနေသည့် အကြောင်းပြချက်ကို သွားပေးခဲ့ခြင်းသာ ဖြစ်သည်။ ၂၀၀၃ ခုနှစ်၊ မေလမှစ၍ ၆- နှစ်ကြာ ချုပ်နှောင် ထိန်းသိမ်းထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂၇ ရက်နေ့တွင် စစ်အစိုးရဥပဒေအရပင် အချုပ်ကာလ သက်တန်းကုန်ဆုံးနေပြီ ဖြစ်သည်။ အထက်မြန်မာနိုင်ငံသို့ ဒေါ်စုသွားသော ခရီးစဉ်တွင် စစ်အစိုးရကျော ထောက်နောက်ခံပြုထားသော လူအုပ်စုများက ဒေါ်စုနှင့် သူ့ကို လိုလားထောက်ခံသူများ၏ ယာဉ်တန်းကို တိုက်ခိုက်မှုဖြစ် ပွားပြီးချိန်ကတည်းက စ၍ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ပြီး၊ စစ်အစိုးရက ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆင်ခြေရှာနေချိန်လည်း ဖြစ်သည်။ ၎င်းအချိန်က ဒေါ်စုအိမ်အကျယ်ချုပ်ကျသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၁၉-နှစ်တာ ကာလတွင် ဒေါ်စု သည် ၁၃ နှစ်ကျော်ကာလကို အိမ်အချုပ်များအတွင်း၌သာ နေထိုင်ခဲ့ရသည်။

လွန်ခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောဆိုခဲ့ရာတွင် မြန်မာနိုင်ငံရှိ ဥပဒေများအရဆိုလျှင် မေလ ၂၇ ရက်နေ့ကို သူ့ကို ပြန်လွှတ်ပေးရတော့မည် ဖြစ်သည်။ သူပြောသည်မှာ နည်းနာပိုင်းအရတော့မှန်သည်။ သို့သော်လည်း စစ် ဗိုလ်ချုပ်များက သူတို့၏ဥပဒေများကို ရော်ဘာသားရေကွင်းသဖွယ် လိုသလို ကျုံ့၍ချဲ့၍ ပြင်ဆင်ပြဌာန်းနိုင်ပါသေးသည်။

ဥပမာဖော်ပြရလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်တွင် ပထမအကြိမ် ထိန်းသိမ်းစဉ်က နိုင်ငံတော်လုံခြုံရေး အက် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းခဲ့ပြီး၊ ဤဥပဒေအရဆိုလျှင် အများဆုံး ၃ နှစ်တိုင် ထိန်းသိမ်းထားနိုင်သည်။ သို့သော် လည်း ထိန်းသိမ်းပြီး တနှစ်အကြာတွင် စစ်အစိုးရက ဥပဒေကို ပြင်ဆင်၍ အများဆုံးထိန်းသိမ်းထားနိုင်သည့်ကာလကို ၅- နှစ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ သူ့ကို ၁၉၉၅ ခုနှစ်တိုင် ထိန်းသိမ်းထားခဲ့ပြီး၊ စုစုပေါင်း ၆-နှစ်တိုင် အကျယ်ချုပ်ကျခံခဲ့ရ သည်။

ယခုအချိန်သည်လည်း စစ်ဗိုလ်ချုပ်များအတွက် သေရေးရှင်ရေး အရေးကြီးနေသည့် အချိန် ဖြစ်နေပြန်သည်။ သူတို့က ၂၀၁၀ ခုနှစ်တွင် တနိုင်ငံလုံး၌ ရွေးကောက်ပွဲများ ကျင်းပမည်ဟု စီစဉ်ထားပြီး၊ ဒေါ်စုလွတ်မြောက်ပါက သူတို့၏ အစီ အစဉ်များတွင် များစွာ ခက်ခဲ ရှုပ်ထွေးသွားဖွယ် ရှိနေသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတုန်းကလည်း ဒေါ်စု အိမ်အကျယ်ချုပ်ကျနေစဉ် စစ်အစိုးရက ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ စစ်အစိုးရက သူတို့ကျောထောက် နောက်ခံပေးထားသည့်၊ ယခင်အာဏာရှင်ကြီး ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လည်း တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က အနိုင်ရလိမ့်မည်ဟု ယူဆထားခဲ့ကြသည်။ သူတို့ မျှော်လင့်မထားခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရခဲ့သည်။

အကယ်၍ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင်လည်း သူ့ကို လိုလားထောက်ခံကြသူများနှင့် လူထုများ နိုင်ငံရေးနိုးကြားတက်ကြွလာပြီး၊ ၁၉၉၅ ခုနှစ်၊ ၂၀၀၂ ခုနှစ်များသဖွယ် နိုင်ငံရေးလှုပ်ရှားမှုများ ပြန်လည် မြင့်တက်လာဖို့ ရှိ နေသည်။ သူ၏ ပါတီကိုလည်း တက်တက်ကြွကြွ ပြန်ဦးဆောင်လိမ့်မည် ဖြစ်သည်။

သို့အတွက်ကြောင့်လည်း စစ်ဗိုလ်ချုပ်များက သူ့ကို မလွတ်မြောက်နိုင်စေရေးအတွက် အကြောင်းရှာနေကြသည်။ သူတို့၏ ဥပဒေက မည်သို့ဆိုသည်ဖြစ်စေ အခြားနည်းများ ကြံဆနေကြသည်။ ရုတ်ချည်းဆိုသလိုပင် စစ်ဗိုလ်ချုပ်များအတွက် ရွှေ အခွင့်အရေးကြီး ပေါ်လာခဲ့သည်။ မစ္စတာယက်တောက တလွဲတချော် ဒေါ်စုအိမ်တွင်းသို့ ခိုးဝင်သည့်ကိစ္စ ဖြစ်ပွားလာခဲ့ သည်။

ဤသို့ဖြင့် ဇာတ်လမ်းနိဂုံးချုပ်သွားပြီ မဟုတ်ပါ။ ရေရှည်တွင် ဒီမိုကရေစီ လှုပ်ရှားမှုတခုလုံးတွင် သူမ၏ ခေါင်းဆောင်မှုကို ထိခိုက်လာမည့် ပြဿနာ ဖြစ်နေသည်။ မည်သို့သက်ဆိုင်ပါသနည်းဟု မေးဖွယ် ရှိနေသည်။ ပြဿနာမှာ စစ်အစိုးရက ၎င်း ဖြစ်ရပ်များကို အသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝအကြောင်းတရားများကြောင့် သူ့အလိုလို သေဆုံးသွားစေရန် ကြံစည်နေခြင်း ဖြစ်ပါသည်။ ဤသို့ ဒေါ်စုသေဆုံးခဲ့လျှင်သော်မှ သွေးရိုးသားရိုး သေဆုံးခြင်း မဖြစ်နိုင်တော့ပါ။  

မဖြစ်နိုင်တာဟု သင်က ဆိုကောင်းဆိုလိမ့်မည်။ နေပြည်တော်ရှိ နိုင်ငံကို အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များက ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို "နိုင်ငံတော်ရန်သူ" အဖြစ် သတ်မှတ်ထားကြပြီး၊ သူတို့က ဒေါ်အောင် ဆန်းစုကြည်ကို နံပတ်-၁ ရန်သူအဖြစ် ယုံကြည်နေကြပါသည်။ "အဖျက်အမှောက် အင်အားစုများ" ၏ ခေါင်းဆောင်ကြီး ဖြစ်ပြီး၊ "နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး" နှောင့်ယှက်ဖျက်ဆီး နေသည်၊ သူတို့၏ အာဏာကို ခြိမ်းခြောက်နေ သည်ဟုလည်း မြင်ထားကြပါသည်။

အကယ်၍ သဘာဝအကြောင်းတရားဖြင့် ဒေါ်စု မတော်တဆ သေဆုံးခဲ့ပါက စစ်ဗိုလ်ချုပ်များက အလွန်အမင်းဝမ်းသာ ကြမည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးမဆောင်နိုင်တော့လောက်အောင် ကိုယ်လက် အင်္ဂါ မသန်မစွမ်း ဖြစ်သွားပါကလည်း ၀မ်းမြောက်ကြလိမ့်မည် ဖြစ်သည်။ နိုင်ငံတကာက ပြစ်တင်တုံ့ပြန်လာကြမည့် အရေးကြောင့် စစ်ဗိုလ်ချုပ်များက ဒေါ်စုကို လုပ်ကြံရန်လည်း မဖြစ်နိုင်ပါ။ စစ်အစိုးရနှင့် အနီးဆုံး မဟာမိတ်ဖြစ်နေသည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ အစိုးရများကပင် ဤသို့ဆိုလျှင် ပြစ်တင် ဝေဖန်လာကြမည် ဖြစ်သည်။ သို့သော်လည်း ကျန်းမာ ရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရရှိအောင်၊ အနိမ့်ဆုံး အနေအထားသာ ရရှိအောင်တော့ သူတို့က ကြံဖန် တတ်နိုင်ကြသေးသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဒေါ်စုနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်-၅၄ တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ် အပျက်များမှနေ၍ သင်ကိုယ်တိုင် ချင့်ချိန်နိုင်ပါသည်။ အမှန်တွင် ယခုသူနေထိုင်ရာအိမ်မှာလည်း အိမ်ဟု မမည်တော့ပေ။ သူ့အတွက် အကျဉ်းထောင်တခုသဖွယ် ဖြစ်နေခြေပြီ။

ဒေါ်စုက သွေးပေါင်ချိန်ကျသည့် ဝေဒနာခံစားနေရပြီး၊ ရေဓါတ်ဆုံးရှုံးမှုလည်း ရှိနေသည်ဟု ဆိုသည်။ အစားအသောက် လည်း မ၀င်ဟု ဆိုပါသည်။ ချုပ်ပြောရလျှင် ဒေါ်စု နာမကျန်းဖြစ်နေသည်။ သို့သော်လည်း သူ့ထံ ပုံမှန်လစဉ် သွားရောက် စစ်ဆေးရန်အတွက် ဆရာဝန်သွားကြည့်မည့်နေ့တွင် ဆရာဝန်ကို တားမြစ်ခဲ့ပြီး၊ မေးခွန်းများ မေးမြန်းရန်အတွက်လည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ နောက်တနေ့တွင် အခြားဆရာဝန်တဦးက ဒေါ်စုကို အကြောအတွင်း ဆေးသွင်း၍ ကုသ ပေးခဲ့ရသည်။

"ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်ပါတယ်" ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က လွန်ခဲ့သည့်အပတ်က ပြောဆိုခဲ့သည်။
"အာဏာပိုင်တွေက သူ့ကျန်းမာရေးကို ကြည့်ရှုပေးနိုင်ဖို့ ဆရာဝန်နဲ့တွေ့ခွင့် လွတ်လွတ်လပ်လပ်ပြုသင့်ပါတယ်" ဟုလည်း တောင်းဆိုခဲ့သည်။

ဤဖြစ်ရပ်နှင့် အလားတူ ဖြစ်ရပ်များကို ပြန်ကြည့်လျှင် အခြေခံဥပဒေသဘောနှင့် လူ့အခွင့်အရေးအရ စစ်ဗိုလ်ချုပ်များက တမင်သက်သက် မည်မျှလျစ်လျူရှု ချိုးဖောက်နေကြောင်း သိသာနိုင်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ၁၄ နှစ်တိုင်တိုင် တရားမဲ့ ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။ ချုပ်နှောင်ထားရန် မည်သည့် အကြောင်းမျှ မရှိဘဲ၊ ယခု သင့်လျော်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးရန်ကိုပင် ငြင်းဆန်နေပြန်သည်။ သို့ ဆိုလျှင်ဖြင့် စောစီးစွာ အသက်ဆုံးရဖွယ် ရှိနေပြီး၊ ကိုယ်ခန္ဓာ ချိနဲ့မသန်မစွမ်းမှုများလည်း ဖြစ်လာနိုင်သည်။

ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ မရခြင်းသည် ကြီးလေးသော ပြဿနာဖြစ်သည်။ သို့သော်လည်း ဤအချက်က ယခုပို၍ အရေးပါလာသည့် သူ့ကို လုပ်ကြံခုံရုံးတင်တရားစွဲဆိုမှုများနှင့် စွပ်စွဲထားသော ပြစ်မှုများထက်စာလျှင် အရေးမပါ သကဲ့သို့ ဖြစ်နေတော့မည်။

စစ်အစိုးရ၏ သားရေပင်သဖွယ် လိုသလိုဆွဲဆန့်၍ ကျင့်သုံးနေသော ဥပဒေများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ က ဆက်လက်ထိန်းသိမ်းထားမည့်အရေးမှာ သံသယရှိစရာ မလိုပါ။ ၂၀၁၀- ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် မပါဝင်နိုင်စေရေးအတွက်ကိုလည်း စစ်အစိုးရက ပိတ်ဆို့လိုနေသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များက ယခုအခါ ဒေါ်စုကို ခုံရုံးတင် တရားစွဲဆိုနိုင်မှုအတွက်ကြောင့် ပျော် တပြုံးပြုံး ဖြစ်နေကြပါလိမ့်မည်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအဖို့ကား နောက်ထပ်ကြီးလေးပြင်းထန်သည့် ထိုးနှက်ချက်တခု ခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

ကျော်စွာမိုး ရေးသားသည့် Burmese Junta’s Rubber-band Laws Trap Suu Kyi ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်