RFA က ဧရာဝတီ စကားဝိုင်း (စက်တင်ဘာ ၁၀၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.09.10.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.09.10.10.mp3 name='အသံဖိုင်ရယူရန်'}
အခုတပတ်မှာ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ရဲ့ စီးချင်းထိုးပွဲ ဖြစ်လာနိုင်သလို ပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေရဲ့ စိန်ခေါ်မှုကို ကြံ့ဖွံ့နဲ့ တစညတို့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲ့ အတူဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ဧရာဝတီရဲ့ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ ရွေးကောက်ပွဲနည်းလာလေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပုံဖော်လာလို့ ရလေပေါ့လေ။ အခုဆို ကျနော်တို့ သိထားသလောက်ကတော့ ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်နေရာပေါင်း တနိုင်ငံလုံးမှာ ဆိုရင် ၁၁၆၃ နေရာရှိတယ်ပေါ့လေ။ ဒါပေမယ့် အဲဒီ ၁၁၆၃ နေရာကို ဝင်ရွေးမယ့်သူက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကြံ့ဖွံ့ကပေါ့နော်၊ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ဝင်ရွေးမယ်လို့ သိရတယ်။ ပြီးတော့ မဆလ ကနေ ပြောင်းလာတဲ့ တစည၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက နေရာပေါင်း ၉၈၀ ဝင်ရွေးမှာလို့ သိနေရတယ်ပေါ့လေ။ တခြား ဒီမိုကရေစီ အင်အားစုနဲ့ တခြား တိုင်းရင်းသားပါတီတွေကို တွက်ကြည့်တဲ့အခါမှာ အားလုံးပေါင်းမှ ဝင်ရွေးနိုင်မယ့်နေရာကမှ ၇၀၀ လောက်ပဲရှိတယ်။

ဒီနေရာမှာဆိုရင် NLD က ခွဲထွက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ဆိုရင် ၁၆၁ နေရာ၊ တိုင်းရင်းသားပါတီထဲက အင်အားအကြီးဆုံးလို့ ပြောလို့ရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုရင်လည်း ၁၅၇ နေရာပဲရှိတယ်။ ဆိုတဲ့အခါကျတော့ ကြံ့ဖွံ့အဖွဲ့နဲ့ တစည ပါတီ ၂ ခုသာလျှင် လာမယ့်ရွေးကောက်ပွဲမှာ အကြီးအကျယ် ယှဉ်ပြိုင်မယ့် ပါတီ ၂ ခုလို့ တွေ့နေရတယ်ဗျ။ ဒီပါတီ ၂ ခုက တကယ့်ကိုပဲ ပြိုင်ဘက်တွေ ဖြစ်လာတာပေါ့လေ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဆိုရင်တော့ စစ်အစိုးရနဲ့ တစည ပါတီဆိုတာက အတူတူပဲကိုး။ ဒီမှာကျတော့ တစညနဲ့ နအဖဟာ ပြိုင်ဘက်တွေ ဖြစ်လာနိုင်မယ့် သဘောတွေ တွေ့နေရတယ်။

ကိုထက်အောင် ။     ။ ကိုကျော်စွာပြောတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတလျှောက်လုံးပေါ့ဗျာ။ ကျနော် ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်ဖို့ အနေအထားတွေကို လေ့လာကြည့်တယ်ဗျ။ ပါတီ ၂၀ လောက်ရဲ့ အခြေအနေကို ကျနော်တို့ သိရတယ်ပေါ့ဗျာ။ ခုနက ကိုကျော်စွာပြောသလိုပဲ၊ ကြံ့ဖွံ့နဲ့ တစည က အင်အားအကြီးဆုံး ဖြစ်ပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော် သုံးရပ်စလုံးမှာ နေရာတိုင်း ဝင်ပြိုင်နိုင်မယ့် အနေအထား ရှိတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီ ပါတီဘက်ကတော့ အရမ်းတော့ အားနည်းတာပေါ့ဗျာ။ အများဆုံးမှ ၁၆၀ ဝန်းကျင်လောက် ပြိုင်နိုင်တဲ့ပါတီက ၂ ပါတီပဲ ရှိတယ်။ ဆိုတဲ့အခါကျတော့ ၁၆၀ ဆိုတာတောင်မှပဲ သူတို့က တိုင်းနှစ်တိုင်းလောက်မှာပဲ ပြိုင်နိုင်တယ်ဆိုတော့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းအများစုက တစညနဲ့ ကြံ့ဖွံ့တို့ကို လွတ်လွတ်ကျွတ်ကျွတ် ယှဉ်ပြိုင်ခိုင်းနေသလို ဖြစ်တယ်။

သို့ပေမယ့်လည်း တိုင်းရင်းသားပါတီကို ပြန်လေ့လာကြည့်လိုက်တဲ့အခါမှာ ရှမ်း၊ ရခိုင်၊ ချင်းနဲ့ မွန် ပြည်နယ် ၄ ခုမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေက သူတို့ပြည်နယ်မှာရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ရော၊ ပြည်နယ်လွှတ်တော် အတွက်ပါ ကိုယ်စားလှယ်လောင်းကို တင်သွင်းနိုင်တဲ့ အနေအထားက တော်တော်လေး အားကောင်းနေတာ တွေ့ရတယ်ဗျ။ သုံးပုံနှစ်ပုံကနေ တချို့နေရာမှာဆိုရင် ၉၀ ရာခိုင်းနူန်း အထိလောက်ကို တင်သွင်းနိုင်တဲ့ အနေအထားဖြစ်နေတော့ ဒီပါတီကြီး နှစ်ပါတီက ပြည်နယ်လေးခုမှာတော့ တိုင်းရင်းသားပါတီ ပြည်နယ်လေးခုရဲ့ စိန်ခေါ်မှုကိုတော့ ခံရဖို့ရှိတယ်လို့ တွက်ဆလို့ ရတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ကိုရဲနည်၊ စစ်အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကနေပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အဖွဲ့ဝင်တချို့ကို သူတို့မဲဆွယ်စည်းရုံး ကိစ္စတွေမှာ အနှောက်အယှက်ပေးတာတွေ ကျနော်တို့ ကြားနေရတယ်။ တိုက်ခိုက်တာတွေပေါ့လေ။ ဆိုတဲ့အခါကျတော့ သူတို့ နှစ်ယောက်ဟာ တနည်းအားဖြင့် ရန်သူလို ဖြစ်လာတဲ့သဘော ရှိတယ်ဗျ။

ကိုရဲနည် ။     ။ ဟုတ်တယ်ဗျ။ အခုရထားတဲ့ သတင်း အချက်အလက်တွေကို ခြုံငုံကြည့်မယ်ဆိုရင်တော့ အဲဒီပုံစံမျိုးဖြစ်လာနိုင်မယ့် အလားအလာ ရှိတာပေါ့ဗျာ။ နောက်တခုက ဒီလာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူဘက်က ကြည့်မယ်ဆိုလို့ ရှိရင်ပေါ့လေ၊ ဘာတွေရွေးစရာ ရှိလာမှာလဲဆိုတဲ့ ဥစ္စာကို အခုဟာကတော့ နည်းနည်း ထင်သာမြင်သာ ရှိလာပြီပေါ့လေ။ နံပတ်တစ်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတဲ့ အခါမှာကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ မဲဆန္ဒရှင်တွေကတော့ မဲပေးမှာမဟုတ်ဘူးဆိုတဲ့ အနေအထားပေါ့ဗျာ။ ကျနော်တို့ တွက်ဆလို့ ရတယ်။ ဥပမာ ကျနော်တို့ရတဲ့ သတင်း အချက်အလက်တချို့ပေါ့နော်၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ secret survey ကောက်တဲ့ အခါကျတော့ ရန်ကုန်တိုင်းမှာ အများစုကတော့ မဲရုံမှာ မဲမပေးဘူးဆိုပြီးတော့ ဒီ survey အရ တွေ့ရှိရတာကိုး။ အဲဒီအထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက ခုနက ကိုထက်အောင် ပြောသလိုမျိုးပဲ သူတို့က ရှမ်းပြည်နယ်ကို survey လုပ်တဲ့အခါကျတော့ ရှမ်းပြည်နယ်မှာ ရှိတဲ့ မဲဆန္ဒရှင်လူထု အများစုက သူတို့ပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေပဲ မဲထည့်မယ်လို့ တွေ့ပြန်တယ်ဗျ။

ဆိုတဲ့အခါကျတော့ မဲဆန္ဒရှင် ပြည်သူအနေနဲ့ နှစ်လမ်းပေါ့၊ boycott လုပ်မယ်ဗျာ တပိုင်းက။ နောက်တပိုင်းကတော့ မဲထည့်မယ်။ မဲထည့်တဲ့အခါမှာ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိုယ့်လူမျိုး ကောင်းကျိုးအတွက်ကို လုပ်မယ့်ပါတီမျိုးကို မဲထည့်မယ်ဆိုတဲ့ ဆန္ဒတွေ ရှိတဲ့အခါမှာကျတော့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီကို မဲထည့်မှာဖြစ်သလို ကျနော်တို့ မြေပြန့်ဒေသမှာရှိတဲ့ တိုင်းဒေသကြီးတွေမှာ ဆိုလို့ရှိရင်လည်း ဒီမိုကရေစီပါတီကို မဲထည့်မယ့် မဲဆန္ဒရှင်တွေလည်း ရှိမယ်ဆိုတာ သေချာတယ်။ နောက်တခုကျတော့ အခုမှ တတိယလမ်းကြောင်း ပေါ်လာတာပေါ့ဗျ။ အဲဒါကဘာလဲဆို စစ်တပ်ထောက်ခံအားပေးထားတဲ့ ကြံ့ဖွံ့ပါတီနဲ့ မဆလ တဖြစ်လဲ တစညပါတီ။

ကိုကျော်စွာမိုး ။     ။ ဟုတ်ကဲ့၊ အဲဒီမှာ တစညပါတီကလည်း ဦးနေဝင်းက ၂၆ နှစ် အုပ်ချုပ်လို့ မုန်းတီးခံခဲ့ရတဲ့ မဆလ ပါတီကနေ ပြောင်းလဲလာတဲ့ ပါတီကိုး။ ၁၉၉၀ တုန်းကဆိုလည်း သူ့ကို ဘယ်သူမှ ကြိုက်ကြတာ မဟုတ်ဘူးလေ။ USDP ဆိုရင် ပြောစရာတောင် မရှိတော့ဘူး၊ စစ်တပ်ရဲ့ပါတီဆို။ ပြည်သူလူထုအတွက် ရွေးချယ်စရာက ကျနော်ထင်တာက ကုလားကြီးနဲ့ အရာကြီးပေါ့လေ၊ ဗမာလိုဆိုရင်တော့။ အနောက်နိုင်ငံက ပြောမယ်ဆိုရင်လည်း  pepsi  နဲ့ coke ပေါ့ဗျာ။ သူတို့မှာ ရွေးချယ်စရာ အဲဒီနှစ်ခုပဲ ရှိနေသလို ဖြစ်နေတယ်လေ။ ဒါပေမယ့် တပြိုင်နက်ထဲမှာ ခုနက ကိုရဲနည်ပြောတဲ့အတိုင်း NLD က ရွေးကောက်ပွဲကို မဲမထည့်ဖို့ သပိတ်မှောက်ဖို့ ဆော်ဩ နေတယ် ဆိုတဲ့အခါကျတော့ ပြည်သူတွေက ဘယ်လိုရွေးချယ်မလဲပေါ့လေ။ တကယ်လို့များ သူတို့ကို အတင်းအဓမ္မ ရွေးချယ်ခိုင်းမယ်ဆိုရင် တစညနဲ့ ကြံ့ဖွံ့ကို သူတို့ စဉ်းစားမှာလား၊ မကြိုက်တဲ့ကြားထဲက တခုကိုပေါ့လေ။ ဘယ်သူ့ကို ရွေးမလဲဆိုတာ နည်းနည်း စိတ်ဝင်းစားဖို့ကောင်းတယ်ဗျ။ 

ကိုထက်အောင် ။     ။ ကြံ့ဖွံ့နဲ့ တစညရဲ့ကြားက အားပြိုင်မှုကတော့ ရှေ့လာမယ့်ကာလတွေမှာ မဲဆွယ်စည်းရုံးရေးကို ပီပီပြင်ပြင် ရောက်လာပြီဆိုတဲ့ အခါကျရင် ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ ထင်တယ်။ အခုတောင်မှ ကျနော်တို့ လက်ခံရရှိထားတဲ့ တစညကထုတ်ဝေတဲ့ စာစောင်လေးတွေပေါ့နော်။ အဲဒီထဲကဆိုရင် သိသိသာသာပဲ သုံးထားတဲ့ အသုံးအနူန်းတွေက ကြံ့ဖွံ့ကို တိုက်ရိုက်ဝေဖန်ထားတဲ့ အသုံးအနူန်းတွေ တွေ့ရတယ်။ ဥပမာ တစညက ဘာပြောလဲဆိုတော့ သူတို့ပါတီက ဝါဒရှိတယ်၊ လမ်းစဉ်ရှိတယ်၊ ကျင့်စဉ်လည်းရှိတယ်၊ စည်းနဲ့ကမ်းနဲ့ ဖွဲ့ထားတယ်။ လူများရင်ပြီးရောဆို အုပ်ရောရော ကျောက်ရောရော မြှုပ်နှံဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ဘူးဆို ပြောထားတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ပြောချင်တာကတော့ ကြံ့ဖွံ့ပါတီကို ပေါ်တင်ကြီး တိုက်ခိုက်ထားတာပေါ့။

ကိုထက်အောင် ။     ။ ဒါပေါ့ဗျာ။ ကြံ့ဖွံ့ပါတီဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကနေပြီးတော့ အမွေခံထားတဲ့ ပါတီဆိုတော့ ဒါအားလုံးသိထားတဲ့အတိုင်းပဲ၊ လူဆိုးလည်း စည်းရုံးတယ်။ ဟိုတလောတုန်းကဆို ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်စည်းရုံးရေး မဟာဗျူဟာတွေအရဆို ဒါလူဆိုးတွေကို စည်းရုံးရမယ်ဆိုတာကို အတိအလင်း ပြောထားတယ်ဗျာ။ ဆိုတဲ့အခါကျတော့ ဒါတွေက စာပေါ်မှာ တိုက်ပွဲတွေကတော့ ဖြစ်နေတဲ့သဘောရှိတယ်။ လက်တွေ့မှာ တစည ခေါင်းဆောင်တွေက သူတို့လည်း စစ်တပ်မှာတုန်းက ရာထူးကြီးကြီးတွေ ယူခဲ့တဲ့လူတွေ ဆိုတဲ့အခါကျတော့ သူတို့က တပ်တပ်ချင်းဆိုတော့ ထိန်းထိန်းသိမ်းသိမ်းပဲ မဲဆွယ်စည်းရုံးမလားဆိုတာတော့ မပြောတတ်ဘူးပေါ့ဗျာ။

ကိုရဲနည် ။     ။ ထိန်းထိန်းသိမ်းသိမ်းပေါ့ဗျာ။ မဲဆွယ်စည်းရုံးရမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ထားတယ်ဗျာ။ ခင်ဗျားတို့လည်း မှတ်မိမှာပေါ့ဗျာ။ ရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေ ဖြစ်ဖို့လိုတယ်ဆိုပြီး ပြောတယ်မဟုတ်လား။ အဲဒီဟာကို ထောက်ခြင်းအားဖြင့် ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ သဘောသကန်တွေဖြစ်တဲ့ ကျယ်ကျယ်လောင်လောင် မဲဆန္ဒရှင်တွေရှေ့မှာ ငြင်းခုန် ဝေဖန်ပြောဆိုနေကြတာတွေဟာ ဖြစ်လာလိမ့်မယ် မထင်ဘူးဗျ။ ဒါပေမယ့်လည်း အောက်ခြေပိုင်းမှာ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ တွန်းနေတာတော့  ရှိတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ ပြီးခဲ့တပတ်က ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်မဲ့ ဗိုလ်မှူးကြီးဟောင်း ဦးဝင်းမောင်ဆိုလို့ရှိရင် တစညပါတီကို စပြီးတော့ ပါတီအတွင်း တိုက်ခိုက်မှုတွေ ရှိတယ်ပေါ့ဗျာ။ ဒီပါတီမကောင်းလို့ တိုင်းပြည် နစ်နာခဲ့ရတာပေါ့ဗျာ။ ဆိုတော့ တစညကို မဲမပေးဖို့ကို ပြည်သူတွေကြားထဲမှာ စည်းရုံးရမယ်ဆိုပြီးတော့ ပြောတဲ့ဟာကို ထောက်ကြည့်ခြင်းအားဖြင့် တစည က ကြံ့ဖွံ့ပါတီရဲ့ အဓိက ယှဉ်ပြိုင်ဖက် ပါတီဖြစ်လာမယ် ဆိုတဲ့ဟာကို သူတို့က တသဝေမတိမ်း ခံယူထားပြီးပြီလို့ ကျနော်ကတော့ ထင်တယ်။

ကိုကျော်စွာမိုး ။     ။ ဟုတ်ကဲ့။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ ဒါဆို ဒီလိုစဉ်းစားကြည့်ရအောင်ဗျာ။ တစညပါတီက ကြံ့ဖွံ့ပါတီရဲ့ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်လာမယ်။ နေရာပေါင်း ၉၈၀ မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြလိမ့်မယ်။ တချို့နေရာမှာ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ၂ နေရာပဲ ရှိတဲ့နေရာတွေ ရှိတယ်။ အဲဒီလိုနေရာတွေမှာ မဲဆန္ဒရှင်တွေက မဖြစ်မနေ မဲပေးရမယ်ဆိုရင် တစညကို မဲပေးပြီဆိုပါစို့။ တစညနဲ့ ဒီဘက်က NDF တို့၊ ဒီမိုကရေစီပါတီဘက်က၊ တိုင်းရင်းသားပါတီဘက်က အများစု နိုင်သွားမယ်ဆိုရင် မြန်မာပြည်နိုင်ငံရေး ပုံသဏ္ဍန်ကရော အနည်းနဲ့အများ ပြောင်းသွားမလားပေါ့လေ။

ကိုရဲနည် ။     ။ ကိုကျော်စွာရေ။ အဲဒီမှာ တချက်ကြားဖြတ် ဝင်ရောက် ဆွေးနွေးချင်တာကတော့ တစညကတော့ သူတို့ နိုင်မှာဆိုပြီးတော့ တထစ်ချ မဟုတ်ရင်တောင်မှ အဲလိုမျှော်လင့်ချက်ရှိတယ်။ အဲဒါကတော့ ကျနော် သုံးသပ်ချက်အရ ဆိုရင်လည်း  နှစ်ပါတီထဲ ရှိမယ်ဆိုလို့ရှိရင် မဲဆန္ဒရှင်က တစညကိုပဲ မဲပေးလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရွေးကောက်ပွဲသမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲမှာဆိုလည်း တစညက သင်ခန်းစာ ကြီးကြီမားမား ရခဲ့တာ။ ဒုတိယ အများဆုံးနိုင်တယ်ဆိုပေမယ့် NLD ကို လူထုက မဲပုံပေးခဲ့တာကို ခံခဲ့ရတယ်။ အဲတုန်းကလည်းအခု ကြံ့ဖွံ့ပါတီလိုပဲ အာဏာရပါတီအလား သူတို့က ငွေအားလူအား အကုန်လုံးသုံးပြီးတော့ကို စည်းရုံးရေးဆင်းတာပဲ။ ဒါပေမယ့် နောက်ဆုံး မဲဆန္ဒရှင်လူထုတွေက သူတို့ပေးတာကိုယူတယ် သူတို့ကြွေးတာကို မဲရုံအရှေ့မှာပဲ စားပြီးတော့ နောက်ဆုံး မဲပုံးထဲမှာ မဲထည့်တဲ့ အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်လိုက်တာ ဆိုတဲ့အခါမှာ ကျတော့ မဲဆန္ဒရှင်တွေရဲ့ သဘောသကန်ကို သူတို့ သဘောပေါက်တယ် ထင်တယ်ဗျ။ အဲဒါကြောင့်ပဲလားတော့ မသိဘူး၊ သူတို့ အနိုင်ရမယ်ဆိုပြီးတော့ ပြောတယ်။

ကိုကျော်စွာမိုး ။     ။ မဲဆန္ဒရှင်တွေကတော့ တနည်းအားဖြင့် ပါးနပ်ပြီးသားပေါ့ဗျာ။ ဆိုတော့ အဲဒါကြောင့် ကျနော် မေးခွန်းထုတ်ကြည့်တာ၊ တကယ်လို့များ တစညနဲ့ ကြံ့ဖွံ့  ပြိုင်ရမယ့်နေရာတွေမှာ တစညသာ နိုင်ခဲ့မယ်၊ ဒီမိုကရေစီ အင်အားစုကလည်း သူတို့ပြိုင်တဲ့နေရာမှာ နိုင်မယ်ဆိုရင် ဒီဘက်က အုပ်စုတစု ဖြစ်သွားပြီးတော့ ကြံ့ဖွံ့က တအုပ်စု ဖြစ်သွားမလား။ အဲဒီ နိုင်ငံရေးအခင်းအကျင်းက မထင်မှတ်တဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်တယ်ဗျ။

ကိုထက်အောင် ။     ။ ဖြစ်နိုင်ခြေရှိတဲ့ နောက်တခု ရှိသေးတယ်။ တစညနဲ့ ကြံ့ဖွံ့ကို ခဏထားလိုက်ပြီးတော့ ဒီဘက်က အမျိုးသား ဒီမိုကရေစီ အင်အားစုပေါ့ဗျာ။ NLD က ခွဲထွက်ခဲ့တဲ့ပါတီရယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရယ်၊ ဦးသုဝေတို့ရဲ့ ဒီမိုကရက်တစ် ပါတီရယ်၊ ဒီဘက်က ပါတီတွေက ရွေးကောက်ပွဲမှာ တစုံတရာ အတိုင်းအတာ တခုအထိကို နိုင်ခဲ့မယ်။ ပြီးတော့ သူတို့တွေအားလုံး လွှတ်တော်ထဲမှာ ညွှန်ပေါင်းဖွဲ့နိုင်မယ်ဆိုရင် လွှတ်တော်နိုင်ငံရေးက ဘယ်လိုဖြစ် လာနိုင်သလဲ ဆိုတဲ့အခါကျတော့ သူတို့သာ မဟာမိတ်ပြုလိုက်နိုင်မယ်ဆိုရင် လူနည်းစုပါဝါပေါ့ဗျာ၊ minority veto ပေါ့ဗျာ၊ အဲဒါလိုမျိုး ရနိုင်တဲ့အနေအထား ရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ နေရာဆိုတာက ၂၅ ရာခိုင်နူန်း၊ လက်ရှိ စစ်တပ်ဖက်ကလည်း အဲဒီ ၂၅ ရာခိုင်နှုန်း ယူထားတယ်။ တကယ်လို့သာ ဒီမိုကရေစီ အင်အားစုက ၁၆၆ နေရာရမယ်ဆိုရင် သူတို့ကလည်း နောက်ထပ် ၂၅ ရာခိုင်နူန်းနဲ့ လွှတ်တော်ထဲမှာ သူတို့ ကစားလို့ ရနိုင်တယ်ဗျ။

ကိုရဲနည် ။     ။ ကျနော်မြင်တာကတော့လေ၊ တကယ်လို့ တစညသာ နိုင်သွားလို့ရှိရင် သိပ်ပြီးတော့ အပြောင်းအလဲဖြစ်မယ်လို့ မမြင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်က ထိုင်စောင့်ပြီးသားရှိတယ်။ နောက်ပြီးတော့ သူတို့ လွှတ်တော်ထဲမှာလည်း တပ်မတော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက ရှိပြီးသား ဆိုတဲ့အခါမှာကျတော့ တစညဆိုတာ တကယ်တမ်းကျတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီပဲဗျ။  အကျိုးစီးပွားခြင်း ညှိယူလို့ ရနိုင်တဲ့အခြေအနေ ရှိနေတဲ့အခါမှာကျတော့ ၂၀၀၈ အခြေခံ ဥပဒေအရပေါ့ဗျာ။ ဒီဗိုလ်ချုပ်မှူးကြီး သန်းရွှေ စီမံထားတဲ့ စစ်တပ်ကြီးစိုးရေး မူဝါဒကတော့ အပြောင်းအလဲဖြစ်မယ်လို့ မမျှော်မှန်းနိုင်ဘူးပေါ့ဗျာ။ ကျနော်သာ မဲပေး ခွင့်ရမယ်ဆိုလို့ရှိရင် ကြံ့ဖွံ့နဲ့ တစညကို ရွေးတဲ့အခါမှာ တစညကို ကျနော်ကတော့ မဲပေးလိုက်မှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး မူမပြောင်းရင်တောင်မှ အခုလက်ရှိ အုပ်ချုပ်တဲ့လူတွေကို မမြင်ချင်တော့ဘူးဗျာ။ လူသစ်နဲ့ အစားထိုးမယ်ဗျာ။ လူပြောင်းမယ်ဗျာ။

ကိုကျော်စွာမိုး ။     ။ ဒါဆိုရင် ကိုရဲနည်ကတော့ NLD က စည်းရုံးနေတဲ့ boycott ဆိုတဲ့ဟာကို လက်မခံတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။

ကိုရဲနည် ။     ။ မဟုတ်ဘူးလေဗျာ။ ဒါ နောက်ဆုံး ရွေးစရာလမ်းမရှိဘူး၊ နှစ်ယောက်ထဲက တယောက် ရွေးကျကြေးဆိုရင် ထောင့်ထဲကို တွန်းပို့လိုက်တဲ့ အခြေအနေမှာပေါ့။

ကိုကျော်စွာမိုး ။     ။ ဒါဆို ကိုထက်အောင်ရော။

ကိုထက်အောင် ။     ။ ကျနော်သာ မဲပေးခွင့်ရမယ်ဆိုလို့ရှိရင် လူကိုကြည့်လိုက်မယ်ဗျ။ ဘာကြောင့် လူကိုကြည့်လိုက်မလဲ ဆိုတဲ့အခါကျတော့ ပါတီ ၂ ခုလုံးကို ကျနော် မကြိုက်ဘူးဗျာ။ ပါတီ ၂ ခု စလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ပြည်သူအတွက် ဘာမှလုပ်ပေးခဲ့တာ မရှိဘူး။ ဒါပေမယ့် ကိုယ်ပေးမယ့် မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက ပညာတတ်တဲ့ လူတယောက်ဖြစ်နေတယ်။ သူရဲ့ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာကလည်း ဒီမြို့နယ်မှာ သူ့အတွက် သူလုပ်ခဲ့ ဟာလေးတွေကလည်း ကောင်းတာတွေက ရှိနေတယ် ဆိုရင်တော့ ...

ကိုကျော်စွာမိုး ။     ။ အဲဒါကြောင့်မို့ ကျနော်ထင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့အခါမှာလည်း ဘယ်လောက်အရည်အချင်းရှိရမယ်။ လူတော်တွေဖြစ်ရမယ်။ မြို့နယ် မဲဆန္ဒနယ်မှာ အလေးစားခံရတာ ဖြစ်ရမယ်ဆိုတဲ့ဟာကို ရွေးနေတာကိုး။ ကြည့်ရတာ ခင်ဗျားလို မဲဆန္ဒရှင်တွေရဲ့ စိတ်ကို ဖတ်ထားနိုင်တယ် ထင်တယ် ကြံ့ဖွံ့ပါတီက။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ မဲထည့်မယ့် မဲဆန္ဒရှင်တွေ အတွက်ကတော့ ပိုပြီးတော့ ရှုပ်ထွေးစရာပေါ့နော်။ တစည ပါတီရှိတယ်။ တဘက်က အတင်းအဓမ္မ စည်းရုံးနေတဲ့ ကြံ့ဖွံ့ပါတီလည်းရှိတယ်။ ဒီဘက်က ဒီမိုကရေစီ ပါတီကလည်း မဝင်တာတွေအများကြီးပဲ။ လာမယ့် ရွေးကောက်ပွဲကတော့ မဲဆန္ဒရှင်တွေ အားလုံးအတွက် မြန်မာပြည်သမိုင်းမှာဆိုရင် အရှုပ်ထွေးဆုံးနဲ့  ဆုံးဖြတ်ရ အခက်ခဲဆုံး ရွေးကောက်ပွဲတခု ဖြစ်လာဖို့ပဲ ထင်တယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်