စစ်အစိုးရက ဘန်ကီမွန်းကို မြန်မာပြည် လာခွင့်ပေး

E-mail Print
မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို လာမည့် ဇူလိုင်လ အစောပိုင်းတွင် မြန်မာပြည်သို့ လာရောက်ရန် ဖိတ်ကြားကြောင်း အနောက်တိုင်း သံတမန် အသိုင်းအ၀န်းက ယမန်နေ့က ပြောသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယင်းဖိတ်ကြားချက်အပေါ် မစ္စတာဘန်ကီမွန်း၏ တုံ့ပြန်ချက်ကို ယခုချိန်အထိ ရှင်းလင်းစွာ မသိရ သေးကြောင်း လည်း ဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရ Michele Montas က “သူ့အနေနဲ့ မြန်မာပြည် သွားရောက်ဖို့် တိကျတဲ့ ဆုံးဖြတ်ချက်ကို အခုအချိန်အထိ မချရသေးပါဘူး”ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် ယင်းခရီးစဉ်ကို ၀ါဒဖြန့်သည့် အနေဖြင့် အသုံးချမည်ကိုလည်း မစ္စတာ ဘန်ကီမွန်းက စိုးရိမ် လျက် ရှိကြောင်း၊ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်သို့ မသွားမီ သူ၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ က ကြိုတင်သွားရောက်ဖွယ် ရှိကြောင်း ယင်း သံတမန် အသိုင်း အ၀န်းက ဆက်လက်ပြောဆိုသည်။

သံတမန် တဦးက “သူရဲ့ ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုဟာ တရားဝင်ဖြစ်တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားမှာကို သူ့အနေနဲ့ မလိုလားဘူး”ဟု ပြောသည်။

စစ်အစိုးရက မစ္စတာဘန်ကီမွန်းအား လက်ခံတွေဆုံရေးနှင့် ပတ်သက်၍လည်း ယခုအချိန် အထိ သေချာစွာ မသိရှိရ သေးပေ။

လာမည့် ၂၀၁၀ တွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖွယ် ရှိကြောင်း ယင်းသံတမန် အသိုင်းအ၀န်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်းက မြန်မာ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် ၎င်းတို့ ပေးထားသည့် ကတိအတိုင်း မြန်မာပြည်ကို ဒီမိုကရေစီစနစ်သို့အသွင်ပြောင်းလဲ ရေး အတွက် ဖိအားပေးရန် မြန်မာပြည်သို့ သွားရောက်ရန် စဉ်းစား နေကြောင်း မကြာသေးမီကပြောဆိုခဲ့ ဖူးသည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင် ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ခဲ့သည်။

မစ္စတာ ဘန်ကီမွန်းနှင့် သူ၏မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ တို့သည်  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှား မှုမှ ရရှိသည့် ကမ္ဘာတ၀န်းမှ လူပေါင်း ၆၇၀ ၀၀၀ ကျော်၏လက်မှတ်များကို ယခုရက်ပိုင်း အတွင်းက လက်ခံ ရရှိ ခဲ့သည်။

ယင်းလှုပ်ရှားမှုကို မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) တို့ပူးပေါင်း၍ ပြီးခဲ့သော မတ်လ ၁၃ ရက် မြန်မာနိုင်ငံ လူ့အခွင့် အရေးနေ့တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာက ပိုမိုသိရှိလာပြီး နအဖကို ပိုမို ဖိအားပေးရန် နှင့် ရရှိလာသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံပို့မည် ဖြစ်ကြောင်း၊ မစ္စတာ ဘန်ကီမွန်းအနေနှင့် နအဖကို ဖိအားပေးပြောဆိုရန် တောင်းဆိုမည် ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ၂၄ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်