ပူတာအိုထောင်မှ နိုင်ငံရေး အကျဉ်းသားများ ဆေးကုသမှု လိုအပ်

E-mail Print
ကချင်ပြည်နယ် ရေခဲတောင်အနီးရှိ ပူတာအိုမြို့ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ဆေးကုသမှု လိုအပ်နေသည်ဟု ၎င်းတို့၏ မိသားစုများထံမှ သိရသည်။

အကျဉ်းသားများ ကျန်းမာရေး ချို့တဲ့နေသော်လည်း အကျဉ်းထောင် အာဏာပိုင်တို့တွင် ဆေးဝါးများ မရှိကြောင်း ပူတာအိုရှိ ကိုဘိုဘိုဝင်းလှိုင်ထံသို့ သွားရောက် တွေ့ဆုံခဲ့သသော သူ၏ မိခင်က ပြောသည်။

“ကျမ သားလေးအတွက် ဆေးဝယ်ပေးချင်လို့ ဆေးစာ ပေးဖို့ ပြောတော့ ထောင်ပိုင်က မလိုတော့ပါဘူး၊ ဘိုဘိုဝင်းလှိုင် အတွက် ကျနော်တို့ စီစဉ်ပေးထားတယ် လို့ ပြောတယ်။ သားကို မေးကြည့်တော့လည်း မရေးပေးဘူးလို့ ပြောတယ်။ ဆေးမှူးကို မေးတော့လည်း သူ့ဆီမှာ မရှိဘူး တဲ့” ဟု ယမန်နေ့ ညနေက ရန်ကုန်မြို့သို့ ပြန်ရောက်လာခဲ့သော မိခင်ဖြစ်သူက ပြောသည်။

“အကျဉ်းသားတွေကို ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ကုသမှု လုပ်မပေးချင်ဘူး ထင်တယ်။ ကျမ သားလေးအတွက် တိုင်းရင်းဆေး နည်းနည်းပါးပါးပဲ ဝယ်ပေးခဲ့ရတယ်” ဟု ကိုဘိုဘိုဝင်းလှိုင်၏ မိခင်ဖြစ်သူက ပြောသည်။

ကိုဘိုဘိုဝင်းလှိုင်သည် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် အတူ ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသူဖြစ်ပြီး ပူတာအိုထောင်သို့ ရောက်နေသည်မှာ ၁ နှစ် ရှိပြီ ဖြစ်သည်။

ပူတာအိုထောင်တွင် အထိန်းသိမ်းခံနေရသူ ကျူရှင်ဆရာ ကိုအောင်ကျော်ဦးတွင်လည်း ငှက်ဖျားရောဂါ ရှိနေသည်ဟု  ဇနီး ဖြစ်သူက ဧရာဝတီကို ပြောပြသည်။

“ကျမတို့ကတော့ ထောင်ပိုင်ကြီးကို ပြောပြတာပေါ့နော်၊ လူသားချင်း စာနာတဲ့ အနေနဲ့ ဆေးတွေဘာတွေ ကောင်းကောင်း မွန်မွန် ကုသခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ကတော့ လုပ်ပေးမယ့် အနေအထား မရှိပါဘူး” ဟု ကိုအောင်ကျော်ဦး၏ ဇနီး မအေးအေးမော်က ပြောသည်။

ပူတာအိုရှိ တခြားသော နိုင်ငံရေး အကျဉ်းသားများသည်လည်း ကျန်းမာရေး ချို့တဲ့နေသည်ဟု မအေးအေးမော်က ပြောသည်။

ပူတာအိုသည် တနှစ်ပတ်လုံး အေးမြနေပြီး မြို့ကို ဝန်းရံထားသည့် တောင်များသည် ဆောင်းရာသီတွင် ရေခဲတောင်များ ဖြစ်သွားသည်အထိ အအေး လွန်ကဲသော ဒေသဖြစ်သည်။

အကျဉ်းသားများကို ကျွေးသည့် အစားအစာများမှာလည်း တခြားသော ထောင်များကဲ့သို့ပင် ညံ့ဖျင်း ဆိုးဝါးလှသည်ဟု သိရသည်။ ထိုအချက် ၂ ချက်ကြောင့် အကျဉ်းသားများ ကျန်းမာရေး ထိခိုက်ရသည်ဟု ဆိုသည်။

၎င်းတို့၏ မိသားစုများ အတွက်လည်း အိန္ဒိယ မြန်မာ နယ်စပ်ရှိ ပူတာအို အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံရေးမှာ အလွန် ဝေးလံလှသောကြောင့် လူပင်ပန်းပြီး ငွေကြေး အကုန်အကျ များသည့် ခရီး ဖြစ်နေသည်။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များတွင် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်သူ ၂၁ဝဝ ထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခံနေရသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။ ၎င်းတို့အထဲမှ ၁၂ ဦးမှာ ပူတာအိုမြို့ အကျဉ်းထောင်တွင် ရောက်နေသည်ဟု ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း၏ စာရင်းဇယားများအရ သိရသည်။

ပူတာအိုထောင်သို့ ရောက်နေသူများထဲတွင် မြန်မာ့ နိုင်ငံရေး လောကမှ ထင်ရှားသူများလည်း ပါဝင်သည်။ ၎င်းတို့မှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမား ဦးခွန်ထွန်းဦး၊ ၁၉၉၈ ခုနှစ် ကျောင်းသား ခေါင်းဆောင် ကိုမျိုးမင်းဇော်၊ ဒီပဲယင်း ဒေသ တိုက်ခိုက်မှုတွင် အပြင်းအထန် ဒဏ်ရာရခဲ့သူ မန္တလေးမြို့မှ ဒေါ်ဝင်းမြမြတို့ ဖြစ်သည်။

မြန်မာပြည် အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) က  ကူညီ ဆောင်ရွက်ခဲ့ဖူးသည်။

ICRC က ထောင်ထဲတွင် လိုအပ်မည့် ဆေးဝါးများကို လှူဒါန်းသည့်အတွက် အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အလွန် အထောက်အကူ ဖြစ်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်လတ်က ပြောသည်။

“ICRC ဆရာဝန်က ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပြီး လိုအပ်ရင် ပြင်ပဆေးရုံတင်ပြီး ကုပေးဖို့ တောင်းဆိုပေး၊ စီစဉ်ပေးတယ်” ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ နိုင်ငံခြားရေးရာ ကော်မတီဝင် ကိုအောင်လတ်က ပြောသည်။

အာဏာပိုင်တို့က ICRC ကို၂၀၀၅ ခုနှစ်မှ စတင်၍ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပိတ်ပင်လိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်