မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံဆုနှင့်ဝေး

E-mail Print
ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းတွင် ယမန်နေ့ ညနေ ၆ နာရီ၌ စတင်ယှဉ်ပြိုင်သည့် အာဆီယံဒေသတွင်း ၁၆ နှစ်အောက် အမျိုးသမီးချန်ပီယံ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်တွင် မြန်မာ(က) အသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျ အသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယင်းဘောလုံးပွဲစဉ် ပထမပိုင်းတွင် သြစတြေးလျ အသင်းက ၃ ဂိုးသွင်းခဲ့သည်ကို မြန်မာအသင်း ကွင်းလယ် လူ ဖရီဒါ စောစုထွေးက ဖရီးကစ် တိုက်ရိုက်ကန်းသွင်း၍ ၁ ဂိုး ပြန်လည်ချေပခဲ့နိုင် သော်လည်း ဒုတိယပိုင်း ၌ သြစတြေးလျအသင်းက ၃ ဂိုး ထပ်သွင်းလိုက်နိုင်သဖြင့် မြန်မာ အမျိုးသမီး (က) အသင်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ယမန်နေ့က အောင်ဆန်းကွင်း၌ ကျင်းပယှဉ်ပြိုင်ခဲ့သည့် အကြိုဗိုလ်လုပွဲ ပထမ ပွဲစဉ်တွင် ထိုင်းအသင်းက ဗီယက်နမ် ကို ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့၍ ၁၈ ရက်နေ့ ကျင်းပမည့် ဗိုလ်လုပွဲ၌ ထိုင်းနှင့် သြစတေးလျ တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် တတိယနေရာ လုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက“သြစတြေးလျဘက်က လူလည်း ကြီးတယ်၊ ခြေတံလည်း ရှည်တယ်၊ မြန်လည်းမြန်တယ်၊ နည်းပညာကော၊ အတွေ့အကြုံကော တဦးချင်း ကစားပုံကော၊ အသင်းလိုက် ကစားပုံကော မြန်မာအသင်းနဲ့ ကွာတယ်”ဟု ပြောသည်။

ပရိသတ် ၁ သောင်းခန့်လာရောက်အားပေးသော ယမန်နေ့က သြစတြေးလျနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက်များကြောင့် မပေးသင့်သော ဂိုးများပေးခဲ့ရသည်များလည်း ရှိ ကြောင်း သိရသည်။ 

မြန်မာနည်းပြ ဦးဝင်းမြင့်သွင်က“သြစတြေးလျ အသင်းဟာ ကျွန်တော်တို့ထက် ကျွမ်းကျင်မှုရော၊ ကစား ကွက် ပါ အများကြီး သာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားလေး တွေကလည်း သူတို့ကို တော် တော်လေး လိုက်ကစား နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဒိုင်ဆုံးဖြတ်ချက် တွေကြောင့်လည်း ကျွန်တော်တို့ မပေးသင့်တဲ့ ဂိုးတွေ ပေးခဲ့ရတယ်။ ဒီလို ဂိုးတွေ ပေးလိုက်ရလို့လည်း ကစားသမား လေးတွေ စိတ်ဓာတ်ကျသွားခဲ့တာပါ” ဟု ပြောကြားကြောင်း soccermyanmar.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အာဆီယံဘောလုံးအဖွဲ့(AFF) က ကြီးမှူးကျင်းပသည့် အဆိုပါ U-16 Women’s Championship ဘောလုံး ပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့မှ အသက် ၁၆ နှစ်အောက် အမျိုးသမီးဘောလုံးအားကစား သမားများ ပါဝင် ယှဉ်ပြိုင်ကစားကြခြင်း ဖြစ်သည်။

၈ ရက်ကြာ ကျင်းပလျက်ရှိသော ဘောလုံးပွဲကို ၁ ရက်လျှင် ၂ ပွဲနှုန်းဖြင့် သုဝဏ္ဏ အားကစားကွင်းနှင့် အောင်ဆန်းကွင်းတို့၌ ယှဉ်ပြိုင်ကစားကြပြီး အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကစားခဲ့သည်။ 

ယင်း အုပ်စုလိုက်ပြိုင်ပွဲ၌ အုပ်စု ‘၁’ တွင် မြန်မာ (က) အသင်းနှင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့ ယှဉ်ပြိုင်ကြပြီး အုပ်စု ‘၂’ တွင် မြန်မာ (ခ) အသင်းနှင့် သြစတြေးလျ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့ ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ရာ အုပ်စု  ‘၁’ တွင် မြန်မာ (က) အသင်းက ၇ မှတ်၊ ထိုင်း အသင်းက ၇ မှတ် နှင့် အုပ်စု ‘၂’ တွင် သြစတြေးလျ အသင်းက ၉ မှတ်၊ ဗီယက်နမ်အသင်းက ၆ မှတ်ဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက် ခဲ့ခြင်းဖြစ်သည်။

အုပ်စု ‘၁’ မှ မြန်မာ (က) အသင်းက အင်ဒိုနီးရှားအသင်းကို ၈ ဂိုးနှင့် အနိုင်ရခဲ့သဖြင့် အုပ်စုပွဲစဉ်တွင် ဒုတိယ နေရာရရှိခဲ့ပြီး ပထမကို ထိုင်းအသင်းက ရရှိခဲ့သည်။ အုပ်စု ‘၂’ ပွဲစဉ်မှာ  သြစတြေးလျက အိမ်ရှင် မြန်မာ(ခ) အသင်းကို ၁၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အုပ်စုပွဲစဉ်တွင် သြစတြေးလျ အသင်းက ပထမ နေရာရရှိခဲ့၍ ဗီယက်နမ်က ဒုတိယ ရရှိခဲ့သည်။

အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာ (ခ) အသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာ (ခ) အသင်းက ၁၂ ဂိုးပြတ်ဖြင့်  သြစတြေးလျအသင်းကို ရှုံးခဲ့ရာ ယခု အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

မြန်မာအသင်း ၂ သင်းတွင် (က) အသင်းက ပို၍ ကောင်းကြောင်း ရန်ကုန် အခြေစိုက် အားကစား သတင်း ထောက်များက သုံးသပ်သည်။

မြန်မာအသင်း (က) နှင့် (ခ) တွင် ပါဝင်သည့် အားကစားသမားများမှာ ပြည်နယ်၊ တိုင်း လက်ရွေးစင်များ ဖြစ်ပြီး မန္တလေး နှင့် ရန်ကုန် အား/ကာ သိပ္ပံ အပါအ၀င် အထက်တန်းကျောင်းများမှ လူငယ်ခြေတက်များ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဆိုသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် မြန်မာအမျိုးသား ဘောလုံးအသင်းထက် အရှေ့တောင်အာရှတွင် နာမည်ပိုရသည်။ ပို၍လည်း ထူးချွန်သည်ဟု လူသိများသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ၂၀၀၇ ခုနှစ်က အာဆီယံ အမျိုးသမီး ချန်ပီယံဖြစ်ခဲ့ဖူးသည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ပယ်နယ်တီ ၅ ဂိုး ၂ ဂိုးဖြင့် နိုင်ပြီး ချန်ပီယံဆု ရခဲ့ခြင်း ဖြစ်သည်။

ယခုပွဲကို စီစဉ်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် Asean Football Federation (AFF) ကို ၁၉၈၄ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံဖြင့် စတင်ထူထောင်ခဲ့သည်ဟု ၎င်းတို့ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်