မြ၀တီမြို့အနီး ကျေးရွာဥက္ကဌ အမည်မသိ သေနတ်သမားများ ပစ်ခတ်၍ သေဆုံး

E-mail Print
ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲ့ထော်သလေး ကျေးရွာဥက္ကဌ ဦးစိုးနိုင် ဆိုသူကို ပြီးခဲ့သည့် တနင်္လာ နေ့ ညပိုင်းတွင် အမည်မသိ သေနတ် သမားများက လာရောက် ပစ်ခတ်သွားသဖြင့် ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။

သေနတ်သမားများက မဲ့ထော်သလေးကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးစိုးနိုင် ၏ နေအိမ်ပေါ်သို့ လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရွာခံ တဦးက ဧရာဝတီ သို့ ပြောပြသည်။

“ည ၈နာရီ ၁၅ မိနစ် လောက်မှာ ဦးစိုးနိုင်ကို မျက်နှာဖုံးစွပ်ထားတဲ့ လူတစုရောက်လာပြီး အိမ်ပေါ်တက်ပစ် သွားတာပဲ၊ သေနတ်သံ ခြောက် ချက်ကြားလိုက်ရတယ်၊ သူ့ အမျိုးတွေပြောတာကတော့ ကျည်ငါးချက်မှန် သွားတယ်လို့ ပြောတယ်၊ ပွဲချင်းပြီးသေတာပဲ၊ ရွာကလူတွေလည်း ကြောက်ပြီးဘယ်သူမှ ထွက် မကြည့်ရဲ  ကြဘူး၊ မနက်ကျမှ မြ၀တီဆေးရုံကို ပို့လိုက်ရတယ်”ဟု ၎င်းက ဆိုသည်။

မြ၀တီဆေးရုံမှ ၀န်ထမ်းတဦးကလည်း“သေနတ် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ မဲ့ထော်သလေးကျေးရွာ ဥက္ကဌ ကို ကျနော်တို့ဆေးရုံမှာ မနေ့က ရင်ခွဲစစ်ဆေးခဲ့တာရှိတယ်”ဟု ပြောဆိုသည်။

သေဆုံးသူ ဦးစိုးနိုင်သည် မဲ့ထော့သလေးရွာ  ရှမ်းစု အပိုင် ဥက္ကဌ ဖြစ်ပြီး တဘက်က ကျောင်းဆရာ အလုပ် လုပ်သူ ဖြစ်ကြောင်း၊ ၎င်း၏ အိမ်တွင် အခကြေးငွေဖြင့် ငှားရမ်းကစားရသည့် ဘိလိယက် ခုံလည်း တည် ထောင် လုပ်ကိုင်လျက်ရှိကြောင်း အထက်ပါ ရွာခံက ပြောသည်။

မြ၀တီမြို့တောင်ဘက် ၃ မိုင်ခန့်အကွာ မဲ့ထော့သလေးရွာတွင် ရှမ်းစုနှင့် ဗမာစု ဟူ ၍ အပိုင်း ၂ ပိုင်း ရှိပြီး အပိုင်း တပိုင်းစီတွင် ဥက္ကဌ တဦးစီ ရှိကြောင်းလည်း သိရသည်။

ယခု ပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး မြ၀တီမြို့ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ“သူ သေနတ် ဒဏ်ရာ ငါးချက်နဲ့ သေသွားတယ်၊ အခုလောလောဆယ် ကျနော်တို့ပြောနိုင်တာကတော့ မကျေနပ်လို့ တောဘက်(လက်နက်ကိုင်အဖွဲ့များ)က လာပစ်သွားတာလို့ ယူဆရတယ်”ဟု ပြန်လည်ဖြေကြားသည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်သားတဦးကမူ မဲ့ထော်သလေး နယ်မြေသည် ယခင်က အနက်ရောင်နယ်မြေဖြစ်ခဲ့ပြီး ယခုအခါ ငြိမ်းချမ်းရေးအဖွဲ့ များ၊ နအဖ စစ်အစိုးရတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များ ၀င် ထွက်သွားလာကာ မည်သည့်အဖွဲ့ က ပစ်သွားသည်ကို ခန့်မှန်းရခက်ကြောင်း ပြောသည်၊

“ဒီကိစ္စ ဘယ်သူ့လက်ချက်လဲဆိုတာ သိဖို့စုံစမ်းနေကြတယ်၊ အခုအချိန်ထိတော့ လက်သည်မပေါ်သေးဘူး” ဟု DKBA တပ်သားက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်