မြစ်ဆုံရေကာတာ စီမံကိန်းကို ကချင်လူထု ထပ်မံကန့်ကွက်

E-mail Print
ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို ရပ်တန့်ပေးရန် အတွက် ကန့်ကွက်သည့် စာကို တရုတ်နိုင်ငံ အစိုးရထံသို့ ကချင် လူ့အခွင့် အရေး လှုပ်ရှားသူများက ယမန်နေ့က ထပ်မံပေးပို့ တောင်းဆိုလိုက်သည်။

မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်း ကန့်ကွက်စာကို ကချင် တိုင်းရင်းသားများ လက်မှတ်ရေး ထိုးကာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ၀မ်ကျားပေါင် အပါအ၀င် ဘန်ကောက်၊ လန်ဒန်၊ နယူးဒေလီ၊ စင်္ကာပူနိုင်ငံ အစရှိသည့် တရုတ်သံရုံများထံ လွန်ခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့က တောင်းဆိုခဲ့ပြီး ယခုထပ်မံ၍ တောင်းဆိုခြင်း ဖြစ်သည်။

သို့သော် မြစ်ဆုံ ရေကာတာ တည်ဆောက်မှုကို ရပ်တန့်ပေးရန် တောင်းဆို ချက်များအပေါ် စင်္ကာပူနိုင်ငံရှိ တရုတ်သံရုံးမှ လွဲ၍ ကျန်နိုင်ငံများက လျစ်လျူရှုထားသည့် အတွက် ထပ်မံ တောင်းဆိုရခြင်း ဖြစ်သည်ဟု ထိုင်း အခြေစိုက် ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက် အဖွဲ့ (KDNG) မှ တာဝန်ခံ အမျိုး သမီး မအားနန်က ဧရာဝတီသို့ ပြောသည်။

“မြစ်ဆုံ ရေကာတာကို ရပ်တန့်ပေးဖို့ အတွက် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ကို အိပ်ဖွင့်စာ ပေးပို့ခဲ့တယ်၊ ပြည်ပရောက်
ကချင်တွေ အနေနဲ့လည်း လက်မှတ်ရေးထိုးတယ်၊ ၅ နိုင်ငံမှာ ရှိတဲ့ တရုတ်သံရုံးတွေမှာ အိပ်ဖွင့်စာ ပေးခဲ့တယ်၊ စင်္ကာပူ နိုင်ငံက လွဲ လို့ ကျန်တဲ့ နိုင်ငံတွေက ဘာမှ တုံ့ပြန်ခြင်း မရှိခဲ့ဘူး၊ ဒါကြောင့် တရုတ်အစိုးရ အနေနဲ့ ကချင် ပြည်သူလူထုရဲ့ တောင်းဆိုချက် တွေကို လျစ်လျူရှုထားတဲ့ အတွက်ကြောင့် ထပ်မံတောင်းဆိုတာဖြစ်တယ်”ဟု မအားနန်က ပြောသည်။

စင်္ကာပူနိုင်ငံရှိ တရုတ်သံရုံးက ယင်း တောင်းဆိုချက်များကို သက်ဆိုင်ရာ ဌာနများသို့ ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း အတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၀ ကျော်ကို မေလတွင် ပြောင်းရွှေ့ရန် အာ ဏာပိုင်များက ပြင်ဆင် နေကြောင်းလည်း သိရသည်။

ရွာသားပေါင်း တသောင်းကျော် ပြောင်းရွှေ့နေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် နေအိမ်တန်းလျားများကို အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ညွှန်ကြားထားခြင်းဖြစ်သည်။

စီမံကိန်း အတွက် အေးရှားဝေါလ် ကုမ္ပဏီက ၂၀၀၉ ခုနှစ် ဒီဇင်ဘာ အစောပိုင်းတွင် အလုပ်သမားအိမ်ရာများ ဆောက်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့နေထိုင် ရန် မြစ်ကြီးနားမြို့အထက် မိုင် ၂၀ ကျော်အကွာရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်ပေးခြင်းကို တာ ၀န်ယူထားပြီး ကျန်ကိစ္စများကိုမှု စစ်အစိုးရ နှင့် တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က တာဝန်ယူသွားမည် ဖြစ် ကြောင်း သိရသည်။

ယင်း ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် ရေလှောင်တမံ စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။ 

မြစ်ဆုံရေလှောင်တမံ စီမံကိန်း မဖြစ်မြောက်ရေး အတွက် ကချင်နှစ်ချင်း ခရစ်ယာန်များ ၂၄ နာရီဆုတောင်းပွဲ ကျင်းပခြင်း၊ ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် CPI ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည်နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။

မြစ်ဆုံရေလှောင်တမံ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင် ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်