ပါတီ ၂ ခု ထပ်မံ မှတ်ပုံတင်

E-mail Print
ပြည်ထောင်စု ဒီမိုကရေစီ ပါတီဟု အမည်ပေး ထားသည့် ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပြုရန် ယနေ့ လျှောက်ထားကြောင်း သိရသည်။

ချင်းအမျိုးသား ပါတီကလည်း ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုရန် ယမန်နေ့က လျှောက်ထားကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်လျှောက်ထားသည့် ပါတီ အရေအတွက်မှာ ၁၃ ခုရှိပြီ ဖြစ်ကြောင်း စာရင်းများ အရသိရသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီကို ၀ါရင့် ရှမ်းနိုင်ငံရေးသမား ဦးရွှေအုန်းက နာယကအဖြစ်တာဝန်ယူမည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်သူ ကိုဖြိုးမင်းသိန်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည်ဖြစ်သည်။

ကိုဖြိုးမင်းသိန်းက“ပြည်ထောင်စု စနစ်ကို အခြေခံတဲ့ လစ်ဘရယ် ဒီမိုကရက်တစ် အယူအဆကို သွားမှာပါ၊ ပါတီရဲ့ ရည်မှန်းချက် ကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါ” ဟု ဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီကို ဗဟိုကော်မတီ ၁၆ ဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတ၀န်းတွင် ပါဝင်ယှဉ်ပြိုင် သွားရန် ကြိုးစားမည်ဖြစ်ကာ မြို့ကြီးများတွင် အနိုင်ရမည်ဟု မျှော်မှန်းထားကြောင်းလည်း ၎င်းက ဆိုသည်။

ပါတီ၏ အလံမှာ အပြာရောင်နောက်ခံတွင် အ၀ါရောင်စက်ဝိုင်းအတွင်း ပင်လုံကျောက်တိုင်ကို ထည့်သွင်း ထားကြောင်း သိရသည်။

ကိုဖြိုးမင်းသိန်းက“ထိန်းသိမ်းခံရပြီး ပြန်လွတ်လာချိန်မှာ ကျနော်တို့ ကျောင်းသားတွေ အရမ်းဒုက္ခရောက်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အခိုင်အမာ ရပ်တည်စရာ ပလက်ဖောင်းမရှိဘူး၊ အဲဒီအခြေအနေတခု အတွက် ပလက်ဖောင်းရှိသင့်တယ်ဆိုတဲ့ အယူ အဆကို ကိုင်စွဲထားတယ်၊ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေက တရားမမျှတဘူး ဆိုရင် တရားမျှတအောင်ကြိုးစားမယ်၊ ရပ်တည်မှု တခု ရသင့်တယ်ဆိုတဲ့ အခြေခံကနေ ဒီပါတီကို ထောင်ထားတာ”ဟု ပြောသည်။

ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားမျှတခြင်းမရှိသည်ကိုလည်းလက်ခံကြောင်း၊ ယခုထက်ပိုကောင်း လာစေရန်အတွက် ရပ်တည်မှုတခုမှ မရလျှင်လုပ်ဆောင်၍ ရမည် မဟုတ်ကြောင်း၊ ရပ်တည်မှုမရပါက နိုင်ငံရေး အသိုင်းအ၀န်း အပြင်ဘက်သို့ ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဖြိုးမင်းသိန်းသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၂၀၀၅ခုနှစ်တွင် ပြည်လည်လွတ် မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် ကိုဖြိုးမင်းသိန်းသည် ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် သဘောထား ကွဲလွဲမှုများရှိခဲ့သူလည်းဖြစ်သည်။

ဦးရွှေအုန်းသည် ယခင်က ဂျာနယ်လစ်တဦးဖြစ်ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် လေ့လာသူအဖြစ် တက်ရောက် ခဲ့သည်။ ဦးနေ၀င်းလက်ထက် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းမရှိသော်လည်း ၀ါရင့်နိုင်ငံရေးသမားများနှင့် အထိ အတွေ့ ရှိခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ဦးရွှေအုန်းသည် ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ထူထောင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် မဟာမိတ်ဖွဲ့ခဲ့ပြီးနောက် စစ်အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရ၏ အမျိုးသား ညီလာခံကို ဝေဖန်ခဲ့သဖြင့် တနှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တိုင်းရင်းသား ခေါင်းဆောင်များ စုစည်း၍ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သဖြင့် အဖမ်းခံခဲ့ရသေးသည်။

ဦးရွှေအုန်းက ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ဦးခွန်ထွန်းဦး အပါအ၀င် အခြားသော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များမှာ လက်ရှိ အချိန်ထိ အထိန်းသိမ်းခံနေရဆဲဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်နှင့်တိုင်းကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ကြေညာ ချက်ကို အစိုးရပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ပြည်နယ်နှင့်တိုင်း ကော်မရှင် အဖွဲ့ခွဲရုံးများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးများ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ် ဘားအံတွင်လည်း ပိုး-စကော ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းလိုက်ပြီး သတ်မှတ်သည့် ရက်ပိုင်းအတွင်း မှတ်ပုံတင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။

ပါတီဝင် အများစုမှာ ဘွဲ့ရ ပညာတတ် ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်အတွင်း အစိုးရတရပ်ပေါ်ထွန်းရေး အတွက် ရည်မှန်းထားကြောင်း ဆိုသည်။ မွန်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းတို့တွင် အဓိကထား ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်