နာရေးကူညီမှုလုပ်၍ ကြံ့ဖွံ့ပါတီ မဲဆွယ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ မဲဆွယ်သည့် အနေဖြင့် နာရေးကူညီမှု လုပ်ငန်းများ အထိ တိုးချဲ့ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် နာရေးကိစ္စများတွင် ကြံ့ဖွံ့ပါတီက သင်္ဂြိုဟ်ပြီးစီးသည်အထိ ကူညီ ဆောင်ရွက်ပေးနေသည့်အပြင် ကျန်ရစ်သည့် မိသားစုများကိုလည်း ငွေကျပ် သုံးသောင်း ထပ်မံကူညီကြောင်း တောင်ဒဂုံ မြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အကုန်လုံး ကူညီတဲ့အပြင် ငွေလည်း ထပ်ပေးသေးတယ် ဆိုတော့ ဆင်းရဲသားတွေအတွက် အဆင်ပြေတာပေါ့”ဟု အဆိုပါ ဒေသခံက ပြောသည်။

ကြံ့ဖွံ့ပါတီက နာရေးကိစ္စများကို ထားဝယ်ချောင် သုသာန်၊ ကျီစု သုသာန်များတွင် တာဝန်ယူ ဆောင်ရွက်ပေးကြောင်း သိရ သည်။

၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှုအသင်း တည်ထောင်ပြီး ကူညီပေးနေသူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက “အမြဲတမ်း ကူညီပေးသွားနိုင်ရင်တော့ ပြည်သူတွေအတွက် ကောင်းတာပေါ့။ မဲလိုချင်တာနဲ့ နိုဝင်ဘာလလောက်အထိ ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု မှတ်ချက်ပေးသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ တာဝန်ယူ စောင့်ရှောက်ကုသပေးနေသော HIV ရောဂါပိုးကူးစက်ခံရသည့် လူနာများကို သာကေတမြို့နယ်ရှိ အစိုးရ တည်ဆောက် ထားသည့် ဆေးရုံသို့ ပြောင်းရွှေ့ရန် ဒေသခံ အာဏာပိုင်များက လာရောက်ပြောဆိုကြောင်း NLDလူမှု အထောက်အကူပြု အဖွဲ့ဝင် ကိုရာဇာက ဆိုသည်။

သာကေတမြို့နယ် အာဏာပိုင်များ အပါအ၀င် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီး ဌာနမှ တိုင်း၊ ခရိုင်အဆင့် ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် လူပေါင်း ၃၀ ခန့် ပါဝင်ကြောင်း၊ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောဆိုကြောင်း ကိုရာဇာက ဆက်လက်ပြောသည်။

“ဒီမှာ လူနာတွေ အရမ်းများတယ်၊ ပိုဆိုးလိမ့်မယ်၊ အခုဆောက်ထားတဲ့ သာကေတ ဆေးရုံကို ပြောင်းပါဆိုပြီး မြို့နယ် အာဏာ ပိုင်တွေနဲ့ ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတွေက လာပြောတယ်။ သွားပို့တော့ လက်မခံဘူး”ဟု ကိုရာဇာက ဧရာဝတီသို့ ပြောသည်။

သာကေတ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တဦးကမူ ယခုဆေးရုံသည် နားနေဆောင်သာ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူရန် လာရောက်သည့် လူနာများကို နေထိုင်ခွင့်ပြုထားကြောင်း၊ ဆန်၊ ဆီ၊ ပဲ စသည့် အစား အသောက်များကို ပေးကြောင်း၊ အရေးပေါ်ရောက်ရှိလာသည့် လူနာများကိုမူ မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကူးစက်ရောဂါကု ဆေးရုံသို့ ပို့ဆောင်ကုသပေးကြောင်း ပြောကြားသည်။

အဆိုပါဆေးရုံကို သာကေတမြို့နယ် ၁၀၈ တောင်ပြည့် ဘုရားရှေ့တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။ ကြံ့ဖွံ့ပါတီသည် မဲဆွယ်စည်ရုံးရေးဆင်းရာတွင် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးမှုလည်း လုပ်ဆောင်ပေးကြောင်း သိရသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှ ၀င်ရောက်အရွေးခံမည့် ကြံ့ဖွံပါတီ ကိုယ်စားလှယ်လောင်းများက မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက် ၇၀ ကျော် အဘိုးအဘွားများကို သက်ကြီးရွယ်အို ကန်တော့ပွဲများ ပြုလုပ်၍ စည်းရုံးရေးဆင်းနေကြောင်း ရေနံချောင်း ဒေသခံရွာသားတဦးက ပြောသည်။

“အသက် ၇၀ ကစပြီး ငွေ ၅၀၀၀ ကျပ်နှုန်း ကန်တော့မယ်လို့ ကြေညာတယ်။ ဒါပေမယ့် ဦးရေကများတော့ အသက်ကို ၇၅ နှစ်ဆိုပြီး သတ်မှတ်ပြန်တော့ အသက် ၇၀ အရွယ် အဘိုးအဘွားတွေက စိတ်ကသိကအောက် ဖြစ်ပြီး ပြန်ရတယ်” ဟု ၎င်းက ဆိုသည်။

ရေနံချောင်းမြို့နယ် အတွင်းရှိ ၃၆ ကျေးရွာအုပ်စု ဘောလုံးအသင်းကိုလည်း ယမန်နေ့က ငွေကျပ် နှစ်သိန်း ပေးအပ်ကြောင်း၊ ထို့နောက် မဲဆွယ်စည်းရုံးသည့်အနေဖြင့် “အေးအေးချမ်းချမ်းနေချင်လျှင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို မဲပေးကြ” ဟု တိုင်းဒေသကြီး လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းနှင့် စည်းရုံးရေးမှူး ဦးဝင်းတင်တို့က အသံချဲ့စက်များဖြင့် ပြောကြောင်းလည်း ရေနံချောင်း ဒေသခံက ဆက်လက်ပြောပြသည်။

ရေနံချောင်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ဦးအောင်နိုင်ဝင်း အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရေနံချောင်းစက်မှုဇုန်တွင် “စတား” မော်တော်ဆိုင်ကယ်များ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းရှင် ဒေါ်ဝင်းမော်ထွန်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီသည် နိုင်ငံသား စိစစ်ရေးကတ်များထုတ်ပေးခြင်း၊ လမ်းခင်းပေးခြင်း၊ စာသင်ကျောင်းများသို့ ငွေလှူဒါန်းခြင်း၊ အတိုးနှုန်းနည်းနည်းဖြင့် ငွေထုတ်ချေးခြင်း၊ လျှပ်စစ်မီးသွယ်ပေးခြင်းနှင့် မျက်မှန်များ အခမဲ့ဝေခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် မဲဆွယ်လျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၃၂ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်