မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မပြေလည်သေး

E-mail Print
ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တာဝန်ရှိသူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မြို့၌ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးပြီး နောက် သဘောတူညီမှု မရရှိသောကြောင့်လာမည့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်း ဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ပြဿနာပြေလည်ရေးအတွက် မြန်မာဘက်ကအဖွဲ့ဝင် ၁၁ ဦး ပါဝင်သော ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ဘက်က လက်ရှိအစိုးရ နိုင်ငံခြားရေးဝန်ကြီး အမ် အေ ကေ မာမွတ် ဦးဆောင်သည့် ၁၂ ဦးပါ အဖွဲ့တို့ပြီးခဲ့သည့် တနင်္ဂနွေ၊ တနင်္လာက တွေ့ဆုံဆွေးနွေးရာတွင်သဘောတူညီ မှု မရခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော် က ပြောသည်။

“သူတို့ သဘောတူညီချက်မရဘူး၊ သဘောတူညီချက်မရတာက ရေပြင်ပိုင်နက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောတာကို မြန်မာဘက် က လက်မခံဘူး၊ မနေ့က အစည်းအဝေးပြီးသွားပြီ၊ ဒါကာမှာပဲ တွေ့ကြတာ၊ ဇန်န၀ါရီမှ ထပ်တွေ့မယ်လို့သိရတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် လက်ရှိ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပ၍ အာဏာ လွှဲပြောင်းရန် ရှိသောကြောင့် မြန်မာဘက်က ဇန်န၀ါရီလ၌ ထပ်မံတွေ့ဆုံရန် သတ်မှတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ကိုခိုင်မြတ်ကျော်က ဆိုသည်။

ယင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာတင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြဖြေရှင်း ချက်ပေးရမည်ဖြစ် ကြောင်း ဒေးလီးစတား သတင်းက ရေးသားထားသည်။

လက်ရှိ အခြေအနေအရ မြန်မာ-ဘင်္ဂလားဒေ့ရှိ ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ် များ ကို ဆက်လက်ချထားဆဲဖြစ်ကြောင်း၊ ယမန်နေ့က ဘင်္ဂလားဒေ့ရှ် ဘက်က လုံခြုံရေးတပ်များ တိုးချထား သည်ဟု သတင်းများ ထွက်ပေါ်ကြောင်း ကိုခိုင်မြတ်ကျော်က ဆိုသည်။

ထိုနှစ်နိုင်ငံ လုံခြုံရေးတပ်များကို ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က စတင်၍ တပ်လှန့်ချထားခြင်းဖြစ်သည်။

ထိုသို့ ရေပိုင်နက်အငြင်းပွားမှု ပြဿနာကြောင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေ ကျဆင်းမှုရှိပြီး ဘင်္ဂလားဒေ့ရှ် နှင့် ကုန်သွယ်ကူးသန်းသည့် ရခိုင်ပြည်နယ် စစ်တွေမြို့၏ စီးပွားရေးထိခိုက်မှုရှိသည်ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ဆန် အဓိက တင်ပို့ခြင်းဖြစ်ကြောင်း၊ သစ်နှင့် ငါး များလည်း တင်ပို့မှု ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်မူ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသောကြောင့် A-3 လုပ်ကွက် သို့ စတင် ပြောင်းရွှေ့နေကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

နိုဝင်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို နောက်တနေ့တွင် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် တောင်ဘက် မိုင် ၃၀ ခန့် အကွာ စိန့်မာတင်ကျွန်း အနီးတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ နေသော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာ ရေတပ် စစ်သင်္ဘောများ အောက်တိုဘာလအတွင်း က ပို့ဆောင်လိုက်ပြီး နောက်ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံ တင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သွင်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

တချိန်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေး စီမံကိန်းအတွက် မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံတို့ မကြာသေးခင်က သဘောတူညီခဲ့ကြ ကြောင်း ဂျပန်သတင်း ဌာန နစ်ကီ (The Nikkei) က ရေးသားသည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းချမှုကြောင့် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂.၅ ဘီလီယံ ၀င်ငွေရရှိခဲ့ကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်