ရိုဟင်ဂျာများကို ကြံ့ဖွံ့ပါတီဝင် ကတ်ပြားရောင်း

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်များရှိ ရိုဟင်ဂျာများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) စည်းရုံးရေးမှူးများက ၎င်းတို့ ပါတီဝင် ကတ်ပြားများကို မဝယ်မနေရ ရောင်းနေကြောင်း သတင်းရရှိသည်။

roh-USDP-Membersကတ်ပြားများကို တခုလျှင် ကြံ့ဖွံ့ပါတီဗဟိုမှ ၅၀၀ ကျပ်ဖြင့် ရောင်းချခိုင်းထားသော်လည်း ဒေသခံ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး များက ၂၀၀၀ ကျပ်ဖြင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မ၀ယ်မနေရဟုပြောဆိုကာ ရောင်းချပေးနေသည်ဟု ဒေသခံများ က ဆိုသည်။

“ဒီကတ်ပြားရှိရင် လွတ်လပ်စွာ ခရီးသွားလာလို့ ရမယ်ဆိုတော့ ဒေသခံတွေက စိတ်ဝင်စားကြတယ်လေ။ ဒါပေမယ့် တကယ်
သွားမယ်လုပ်တဲ့အခါ အရင်လိုပဲ ထောက်ခံစာပါမှ ရတယ်။ ပိုက်ဆံကောက်တာလည်း အရင်အတိုင်းပဲ။ ကြံ့ခိုင်ရေးကတ်ပြရင် တော့ အရင်လောက် မရစ်တော့ဘူး”ဟု မောင်းတော မြို့ခံတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီဝင် ကတ်ပြားများ ရောင်းချပေးခြင်းသည် ရိုဟင်ဂျာများအား လွတ်လပ်စွာ ခရီးသွားလာခွင့် ရစေရန်မဟုတ်ဘဲ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အနိုင်ရရေးအတွက် မဲဆန္ဒရှင်များ၏ မဲများကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကြိုတင်ကောက်ယူခြင်းသာဖြစ်ကြောင်း သိရသည်။

မောင်းတော ဒေသခံက ဆက်လက်၍ “၀န်ကြီးချုပ် ဦးသိန်းစိန် လာတုန်းက ပြောသွားတယ်၊ လွတ်လပ်စွာ ခရီးသွားခွင့်၊ ဘာသာရေး အဆောက်အအုံတွေ ပြင်ဆင်ခွင့်တို့ ပြုမယ် ပြောသွားတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ လုပ်လို့မရပါဘူး။ အဲဒီစကားတွေကိုပဲ အခုတခါ ဒေသခံ ကြံ့ဖွံ့ပါတီဝင်တွေက ထပ်ပြီးတော့ မက်လုံးတွေပေးပြီး ကတ်တွေ ၀ယ်ခိုင်းတယ်။ ကတ်တွေ လက်ထဲရောက်တော့မှ ကျနော်တို့ အလိမ်ခံလိုက်ရပြီဆိုတာ သိရတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီဝင် ကတ်ပြားသည် သာမန်ပါတီဝင် ကတ်တခုသာဖြစ်ပြီး ကတ်ပြား၌ ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စများ အာမခံချက် တစုံတရာ မပါရှိကြောင်း ဒေသခံများက ဆိုသည်။

ကတ်ပြားများကို ချက်ချင်းထုတ်ပေးခြင်းမျိုး မဟုတ်ဘဲ စာရင်းပေးသွင်းပြီး  ၃ ရက်၊ ၄ ရက်ဝန်းကျင်မှသာ ထုတ်ပေးကြောင်းလည်း သိရသည်။

ကတ်ပြားတွင် ခြင်္သေ့ရုပ်နှင့် တခြားသော သာမန်ပါတီဝင်များအတိုင်း ဓာတ်ပုံ၊ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာ တို့သာ ပါရှိသည်ဟု ကတ်ပြားရရှိထားသည့် ဘူးသီးတောင်မြို့နယ်မှ အစ္စလမ်ဘာသာဝင် အမျိုးသမီးတဦးက ရှင်းပြသည်။

“ကျမက အခုမြို့ပေါ်မှာနေပေမယ့် မွေးတာက တောရွာမှာပါ။ အခု ဒီကတ်ပြားနဲ့ ရွာဘက်သွားမယ်လုပ်တော့ သက်ဆိုင်ရာက ထောက်ခံစာ ယူခိုင်းတယ်။ အကြာကြီးနေလို့ မရဘူးလည်း ပြောတယ်။ ထောက်ခံစာအတွက် ပိုက်ဆံတော့ မတောင်းဘူး”  ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ခရီးသွားရန် ထောက်ခံစာ ယူရာတွင် ယခင်က ငွေကျပ် ရာဂဏန်း သက်ဆိုင်ရာသို့ ပေးရသည်ဟု ဆိုသည်။

ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်များမှ ရိုဟင်ဂျာများသည် တရွာမှ တရွာသို့ သွားမည်ဆိုပါက သက်ဆိုင်ရာ
ရယက၊ မယက ထောက်ခံစာအပြင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) နယ်မြေမှူး၏ ထောက်ခံစာ ပါရှိမှသာ သွားလာခွင့်ပြုကြောင်း၊ တရွာမှ တရွာသို့ သွားလာရာတွင် ညအိပ်ခွင့် မပေးကြောင်း၊ ဘူးသီးတောင်၊ မောင်းတော နယ်စပ်တလျှောက်၌ နစက တပ် ၅ ခုရှိကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်းတော မြို့နယ်များမှ စစ်တွေမြို့ပေါ်သို့ သွားမည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ကို ငွေကျပ် ၂ သောင်းကျော် ပေးဆောင်ရကြောင်း၊ ခရီးသွားရက်ကိုလည်း အများဆုံး ၁၀ ရက်ဝန်းကျင်သာပေးကြောင်း ဒေသခံများက ပြောသည်။

မောင်းတော ဒေသခံတဦးက “ကတ်ပြားတွေ မရောင်းခင်က မက်လုံးတွေက စိတ်ဝင်စားစရာကောင်းတော့ ဘာပဲဖြစ်ဖြစ် မဲပေးရင် ကြံ့ဖွံ့ပါတီကိုပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အခု ပြောခဲ့တာတွေက လက်တွေ့ဖြစ်မလာတော့ ကိုယ့်အစ္စလမ်ပါတီကိုပဲ ထောက် ခံတော့မယ်” ဟု ဆိုသည်။

မောင်းတောနှင့် ဘူးသီးတောင်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော အစ္စလမ်ပါတီ ၂ ခုဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ တို့အနက် ဒုတိယပါတီက ကြံ့ဖွံ့ပါတီအကူအညီကို ယူထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဘူးသီးတောင်၊ မောင်းတောဒေသ၌ ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှာ အထက်ပါ ပါတီ ၂ ခုအပြင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) စုစုပေါင်း ၄ ပါတီသာ ရှိကြောင်း၊ ထိုဒေသတွင် အစ္စလမ်ဘာသာဝင် ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

ဒေသခံများအား စည်းရုံးရေးဆင်းရာတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ကြံ့ဖွံ့ပါတီကသာ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင် အဆောက်အအုံများကို အသုံးပြုကြောင်း ဒေသခံများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်