လေဘေးဒေသမှ ကလေး ၂ သောင်းနီးပါး အာဟာရချို့တဲ့

E-mail Print
ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးသင့် ဒေသများ၌ ကလေး ၁၈၀၀၀ ခန့်မှာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကလေး ၂ သောင်းနီးပါး အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာ လက်ရှိအချိန်၌ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း နိုဝင်ဘာလ ၁၆ နေ့ထုတ် ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

အာဟာရလိုအပ်ချက်အား UNOCHA အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) တို့ ပူးပေါင်းဆောင်ရွက် နေသော်လည်း လုံလောက်မှု အပြည့်အ၀ မရရှိသေးကြောင်း သိရသည်။

ဂီရိလေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များအနက် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ကလေးများသည် အာဟာရ ချို့တဲ့မှုနှင့်ရင်ဆိုင်နေ ကြရပြီး သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း တို့အဓိက လိုအပ် နေသည်ဟု UNOCHA ၏ အစီရင်ခံစာက ဆိုသည်။

ထိုမြို့နယ် ၄ ခု၌ လေဘေးဒဏ် ခံခဲ့ရသည့် ၅ နှစ်အောက် ကလေး အရေအတွက် ၃၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင် ၁၂၀၀၀ တို့ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရကြောင်း၊ တချို့ကလေး ငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါး မရှိသေးပါဘူး။ UNICEF ရယ်၊ UNOCHA ရယ်၊ တခြားအဖွဲ့တွေရယ် ပူးပေါင်းပြီး ကလေးတွေရဲ့ ကျန်းမာရေးကို အလေးထား လုပ်ဆောင်ပေးနေပါတယ်” ဟု ရန်ကုန်အခြေစိုက် UNOCHA ၏ တာဝန်ခံ ဦးအေးဝင်းက ဧရာဝတီ ကို ပြောသည်။

ဂီရိ ဆိုင်ကလုန်းတိုက်ခတ်ပြီး ၁ လကျော်သည့်တိုင် လေဘေး ဒုက္ခသည်များအတွက် စားစရာဆန်နှင့် နေထိုင်စရာ အမိုးအကာ လုံလောက်မှု မရှိသေးကြောင်း မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက ဆိုသည်။

“ဒီနေ့စားပြီးရင် မနက်ဖြန် စားရပါ့မလားလို့ တွေးနေရတယ်။ ပြန်လည် ထူထောင်ဖို့ အတွက်တော့ ဘယ်ကနေ ဘယ်လို စရမှန်း မသိသေးပါဘူး။ စားစရာ ရှိမှ အလုပ် လုပ်နိုင်မယ်ဆိုတော့ စားမယ့်ကိစ္စက အရေးကြီး နေပါသေးတယ်” ဟု လည်း ၎င်းက ပြောသည်။

၎င်း ပြင်ဝန်းရွာသား၏ မိသားစုတွင် ကလေး ၃ ဦး ပါဝင်သည့်အတွက် ရရှိသည့် ရိက္ခာ အနည်းငယ်ကို ကလေးများအား  ဦးစားပေး ကျွေးမွေးနေရကြောင်း၊ သူတို့ မိသားစုကဲ့သို့ပင် တခြားသော မိသားစုများလည်း ကလေး များနှင့် သက်ကြီး ရွယ်အိုများကို ဦးစားပေး ကျွေးမွေး စောင့်ရှောက် နေကြရကြောင်း ရှင်းပြသည်။

လူမှုရေးအဖွဲ့အစည်းများ၊ NGOများက ကလေးများအတွက် ဓာတ်ဆားထုတ်များကို ဝေငှပေးနေသော်လည်း လုံလောက်မှု မရှိဟု သိရသည်။

လေဘေးဒေသ ကျေးရွာတချို့တွင် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသည့် အပြင် သောက်သုံးရေ ရှားပါးမှုနှင့်လည်းကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ဂီရိလေဘေးသင့် ဒေသများသို့ စစ်အစိုးရ ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် ယခုရက်ပိုင်းတွင် သွားရောက် ကြသော်လည်း ဒုက္ခသည်များအား ထိရောက်သော ကူညီမှုမပေးဘဲ ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး အတွက်သာ ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် လိုက်ပါလာသည့် ၀န်ကြီး တချို့မှာ ဒုက္ခသည်များ အရေးကို ပြောဆိုမှု မရှိဘဲ ၎င်းတို့၏ ရှေ့ဆက် သွားမည့် နိုင်ငံရေး အခြေအနေကိုသာ ရွေးကောက်ပွဲ အနိုင်ရ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေး သွားကြောင်း သိရသည်။

စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာများ၌မူ ဒေသခံပြည်သူများအတွက် အကူအညီများကို သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ တဆင့် ပေးအပ်နေကြောင်း ရေးသားထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ လုပ်ဆောင်ပေးနေကြောင်းလည်း စစ်အစိုးရ မီဒီယာများက ဆိုသည်။

ဂီရိဒေသ ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်နေသည့် ညွန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ငြိမ်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုမှု မရှိခဲ့ပေ။

“၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေလာရင် ဒေသအာဏာပိုင်က တဆင့် ပစ္စည်း နည်းနည်းတော့ ပေးတယ်။ သူတို့ပြန်သွားရင် ပေးခဲ့တဲ့ပစ္စည်းတွေကို မယက တွေ၊ ရယက တွေက ပြန်ရောင်းစားတယ်။ သူတို့နဲ့ ရင်းနှီးသူတွေကိုပဲ ပေးတယ်” ဟု ပေါက်တော မြို့ခံ တဦးက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် မြေပုံ၊  မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။

ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး  ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း UNOCHA ၏ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်