ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ်မှု လျှော့သွားဦးမည် မဟုတ်

E-mail Print
ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ်နေမှုများသည် အနာဂတ်ကာလ၌ လျော့နည်းသွားရန် အခြေအနေ မရှိကြောင်းနှင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုကြောင်း အဖျက်သိမ်းခံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြောသည်။

khun_htoon_oo_11SNLD မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုင်းလိတ်က ယခင်နှစ်များတွင် SNLD ဥက္ကဋ္ဌ အပါအဝင် တခြား ရှမ်းခေါင်းဆောင်များအား လွှတ်ပေးရန် တောင်းဆိုသည့် ထုတ်ပြန်ကြေညာချက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နှစ်စဉ် ထုတ်ပြန်နေကျဖြစ်ပြီး ယခုနှစ်တွင်မူ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့အတွက် သော်လည်းကောင်း၊ အစိုးရအဖွဲ့အသစ်အတွက် လွှတ်တော် အစည်းအဝေးများ ကျင်းပနေသောကြောင့်လည်းကောင်း စောစီးစွာ ထုတ်ပြန်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင် ၉ ဦး အပါအဝင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့ ပုဂ္ဂိုလ်တွေကို အမြန်ဆုံးလွှတ်ပေးပြီးတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှု အသစ်တခုကို အမြန်ဆုံး ကျင်းပပေးဖို့ ရှမ်းပြည်နယ်နေ့နဲ့ တိုက်ဆိုင်အောင် တောင်းဆိုရခြင်း ဖြစ်ပါတယ်ဟု” ကိုစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ပင်လုံညီလာခံ ကျင်းပနေချိန်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်သည်ဟု ထိုစဉ်က ရှမ်းပြည်တောင်ပိုင်း စော်ဘွားဖြစ်သူ စဝ်ဖှပန်းစိန် က ကြေညာသဖြင့် ယခုနှစ်သည် ၆၄ နှစ် တိုင်ခဲ့ပြီးဖြစ်ပြီး ၎င်းနေ့၌ပင် အမျိုးသားအလံ၊ အမျိုးသားသီချင်း စသည်တို့ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပရာတွင်လည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားဟု အမည်တပ်ခွင့်မပေးဘဲ တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ အခမ်းအနားနှင့် အစားအစာ ဈေးရောင်းပွဲနေ့ဟုသာ အာဏာပိုင်များက အမည်တပ်ခိုင်းကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်မရှိသကဲ့သို့ ရှမ်းစာပေကိုလည်း လွတ်လပ်စွာ သင်ကြားခွင့်မရှိသဖြင့် အနာဂတ်ကာလတွင် ရှမ်းတို့၏ သမိုင်း၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု စသည်တို့ ပျောက်ကွယ်မည်ကို စိုးရိမ်မိသည်ဟု ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် တဦးက ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ဦးနေဝင်းရဲ့ မဆလ ခေတ်လောက်မှာကတည်းက ကျနော်တို့ ရှမ်းစာသင်တာကို အာဏာပိုင်တွေဘက်က ကန့်သတ်ချင်တဲ့ သဘောမျိုးတွေ တွေ့လာနေရတယ်။ ဒီနောက်ပိုင်းမှာကျတော့ ရိုးရာ ပွဲလမ်းသဘင်တွေကိုပါ အစိုးရက လုပ်ခွင့်ကို မပေးတော့ဘူး။ ဒီမှာဆိုရင် ရှမ်းပြည်နယ်နေ့ကို နှစ်တိုင်း ကျင်းပခွင့်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းအမျိုးသား ခေါင်းဆောင်များဖြစ်သည့် SNLD  ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ်ဆေထင် အပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ၉ ဦး တို့သည် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဖမ်းခံခဲ့ရပြီး အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ နိုင်ငံတော် ပုန်ကန်မှု စသည့်အမှုများဖြင့် စွပ်စွဲကာ ဗိုလ်ချုပ် ဆေထင်ကို ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ် စသည်ဖြင့် ၎င်းတို့ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် SNLD သည် ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး ရရှိသည့် ပါတီအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်ပြီး ပါတီဆက်လက် တည်ထောင်ခွင့် လျှောက်ထားခြင်း မပြုခဲ့သောကြောင့် စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒု သမ္မတအဖြစ် ရွေးချယ်ခံထားရသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းတိုင်းရင်းသား ဖြစ်သော်လည်း ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုထားသဖြင့် မျှော်လင့်ချက် မထားနိုင်သောကြောင်း၊ သူ၏ လုပ်ပုံကိုင်ပုံကို ကြည့်ပြီးမှ ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း ကိုစိုင်းလိတ်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ မပေါ်ထွန်းမချင်း တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုသည် ဆက်လက် ဖြစ်ပွားနေဦး မည်ဟုလည်းကောင်း၊ တိုင်းရင်းသားများအတွက် အမှန်တကယ် လိုအပ်နေသည့် တန်းတူအခွင့်အရေး ရရှိရေးဆိုသည့် အချက်မှာလည်း ရရှိနိုင်ဦးမည်မဟုတ်ကြောင်းလည်း ကိုစိုင်းလိတ်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်