လေလံကြေးသွင်းရန် ငွေဖော်သူများကြောင့် မြန်မာ့ရွှေဈေးကျ

E-mail Print
အစိုးရလေလံအောင်သူများက လေလံကြေးသွင်းနိုင်ရန် ရွှေနှင့်ဒေါ်လာများ ထုတ်ရောင်း၍ ငွေဖော်ကြသောကြောင့် မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးထျက် နိမ့်ကျနေကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေဝယ်ယူမှုများပြီး ဧပြီ ၇ ရက်နေ့တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၅၉ ဖြင့်
ကမ္ဘာ့စံချိန် ချိုးသည်အထိ ထိုးတက်သွားခဲ့သော်လည်း မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ကျပ် ၁ သောင်းကျော် နိမ့်ကျနေသည်။

ယနေ့ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၆၈၀၀၀ ခန့်ရှိပြီး ဝယ်သူ နည်းနေကြောင်း သိရသည်။

“နိုင်ငံတကာမှာ ရွှေအ၀ယ်များလို့ ဈေးတအား ထိုးတက်ပေမယ့် ပြည်တွင်းမှာက အရောင်းအ၀ယ် မကောင်းဘူး။ ဈေးလည်း သိပ်ပြီးမတက်နိုင်ဘူး။ ကမ္ဘာ့ဈေးကွက်နဲ့မြန်မာ့ဈေးကွက်ပြောင်းပြန်ပဲ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ
ဦးကျော်မြင့်နှင့် နီးစပ်သူ မန္တလေး ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်းပေါင်း သောင်းနှင့်ချီ၍ ပုဂ္ဂလိကသို့ ရောင်းချမှုကြောင့် ဈေးကွက်အတွင်း လှည့်လည်နေသော ကျပ်ငွေများမှာ အစိုးရထံသို့ အလုံးအရင်းနှင့် ပြန်လည်စီးဝင်ပြီး ငွေရှားပါးမှု ဖြစ်ပေါ်နေသည်။ ထိုသို့ ငွေရှားပါးမှုသည် ရွှေဈေးကွက်ကိုပါ ထိခိုက်စေပြီး မြန်မာငွေတန်ဖိုး တက်စေကာ အမေရိကန် ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည်ဟု စီးပွားရေး ပညာရှင်တဦးက ပြောသည်။

မတ်လလယ်က အမေရိကန် ၁ ဒေါ်လာ ၈၉၀ ကျပ်ခန့် ဈေးပေါက်သော်လည်း မတ်လကုန်မှ စ၍ ယနေ့အထိ အမေရိကန် ၁ ဒေါ်လာ ၈၆၀ ကျပ် ဈေးနှင့် အရောင်းအ၀ယ် ပါးနေသည်။

“စီးပွားရေးတက်လို့ မြန်မာငွေ ဈေးတက်တာ မဟုတ်ဘူး။ လှည့်ပတ်ငွေရှားသွားလို့ ဈေးတက်တာ။ လှည့်ပတ်ငွေ ရှားရင် စီးပွားရေးကျမယ်၊ စီးပွားရေးကျရင် ဝင်ငွေကျပြီး လူတွေ ဒီထက်ပို ဆင်းရဲမယ်” ဟု စီးပွားရေး ပညာရှင်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင် စီးပွားရေးသမားတဦးက အစိုးရ၏ လေလံရောင်းချမှု၊ နိုင်ငံခြားဝင်ငွေ ဘီလီယံချီ ရရှိနေမှုများသည် ပြည်တွင်းစီးပွားရေးကို
တုံ့ဆိုင်းစေသည်ဟု ဆိုသည်။

“အစိုးရက ဓာတ်ငွေ့ရောင်း၊ ကျောက်မျက်ရောင်း၊ သစ်ရောင်း၊ ရေအားလျှပ်စစ် ထုတ်ရောင်းရာကနေ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ဘီလီယံချီရနေတယ်။ ပြည်တွင်း စီးပွားရေးကောင်းလာအောင် မလုပ်ဘဲနဲ့ သယံဇာတ ထုတ်ရောင်းဖို့ပဲ အားသန်နေတယ်။ ပြည်သူပိုင်တွေ လေလံထုတ်ရောင်းတာကလည်း စီးပွားရေးလုပ်မယ့် ပိုက်ဆံတွေကို ပြန်သိမ်းသလို ဖြစ်နေတယ်” ဟု သူက ပြောသည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင်ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့သည်။

လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန် ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်းခြင်းတို့ ပြုလုပ်ကြရာ စီးပွားရေးဈေးကွက်အတွင်း လှည့်လည်နေသော ငွေကြေးများ တစုတစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည် ရောက်ရှိသွားကြောင်း၊ ထိုသို့ရောက်ရှိခြင်းကြောင့် ငွေရှားပါးမှုဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေးအခြေအနေကို ပိုမိုနှေးကွေးလာစေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုနေသည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံများကို လေလံတင်ခဲ့ရာ စမ်းချောင်း မြို့နယ်ရှိ ပဒုမ္မာဇာတ်ရုံ မြေကွက်နှင့် အဆောက်အအုံ တခုတည်းကို ပြည်တွင်း လုပ်ငန်းရှင် တချို့က ကျပ် ၅၆၇၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်။

နေပြည်တော်တွင် မတ်လ၌ ကျင်းပပြုလုပ်ခဲ့သော ၄၈ ကြိမ်မြောက် ကျောက်မျက် ရောင်းချပွဲတွင်လည်း အမေရိကန်ဒေါ်လာ ၂. ၈ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး စစ်အစိုးရအနေဖြင့် စံချိန်တင် ၀င်ငွေရရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်