ဟစ်ပ်ဟော့ဖြင့် ရိုးရာကို မြှင့်တင်မည်

E-mail Print
လူငယ်ကြိုက် ခေတ်ပေါ် သီချင်းများကို ရိုးရာတေးဂီတနှင့် ရောစပ်ပြီး ဖန်တီးနေခြင်းမှာ မြန်မာ့ ယဉ်ကျေးမှုကို မြှင့်တင်လို ခြင်းကြောင့် ဖြစ်သည်ဟု ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုးက ပြောကြားလိုက်သည်။

“လူတွေရဲ့ ဦးနှောက်က အမြဲတမ်း တိုးတက်နေတာ၊ အမြဲတမ်း ရှေးဟောင်းဟာကြီးနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ ကျနော်က ရိုးရာလည်း မပျောက်အောင် လုပ်သွားတာပါ။ အဓိကကတော့ မြန်မာ့ရိုးရာကို ပြန် ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု သားစိုးက ဧရာဝတီသို့ ပြောပြသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန် နှင့် မန္တလေးတွင် ပြုလုပ်ခဲ့သည့် စင်မြင့် ဖျော်ဖြေပွဲ တချို့တွင် မြန်မာပြည်မှ ရိုးရာ အကများနှင့် အနောက်တိုင်းမှ ခေတ်ပေါ် အကများကို တွဲဖက်ပြီး တင်ဆက်ခဲ့သည်။ အဆိုပါ ရိုးရာအကများတွင် ဆီမီးခွက်အက၊ ဇော်ဂျီ နှင့် သူယောင်မယ်အက၊ အပျိုတော်ယိမ်း၊ ကရင်ဒုံးယိမ်းတို့ ပါဝင်သည်။

ထိုသို့ မြန်မာ့ရိုးရာ ဂီတ၊ သီချင်း၊ အက တို့တွင် အနောက်တိုင်း ခေတ်ပေါ် ဂီတများ၊ ကကွက်များ ရောနှောခြင်းကို မြန်မာ ပြည်တွင် အများ အပြားက လက်ခံကြသည်မဟုတ်ပေ။ အထူးသဖြင့် မြန်မာ့ရိုးရာ ဂီတပညာရှင်များက လက်မခံကြဟု သိရသည်။

သားစိုး၏ ပရိသတ် အများစုမှာ အသက် ၂၅ နှစ်အောက် လူငယ်များ ဖြစ်သည်။

ယမန်နှစ်က မန္တလေး မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်တွင် သားစိုး၏ သီချင်းတချို့ကို ဆိုင်းဝိုင်း ဖြင့် ပူးတွဲ တင်ဆက် ကပြခဲ့ကြောင်း မန္တလေးမှ ဆိုင်းသမားတဦးက ပြောပြသည်။

“အင်တာနက်ကနေ ကြည့်ဖူးတဲ့ သူ့သီချင်းတွေထဲမှာ ဆိုင်းကြိုက်တဲ့မောင်ကို အကြိုက်ဆုံးပဲ။ ခေတ်ပေါ် သီချင်း ဆိုပေမယ့် မြန်မာ အငွေ့ အသက်တွေ ပါတဲ့ အတွက် ကြိုက်တယ်” ဟု စင်္ကာပူရောက် မြန်မာပြည်သား လူငယ်တဦးဖြစ်သူ ကိုအောင်အောင်က ပြောသည်။

သားစိုး၏ ဖန်တီးမှုများကို နှစ်သက်သူများတွင် ထိုင်းနိုင်ငံ အခြေစိုက် လူလတ်ပိုင်း ဘလော့ဂါတဦးဖြစ်သူ ကိုမင်းဒင်လည်း ပါဝင်သည်။

“ရောသမမွှေတော့ သိတယ်။ ကြိုက်တယ်ဗျာ။ ယဉ်ကျေးမှု ဖျက်တယ် လို့တော့ မထင်ပါဘူး။ ဖျက်တာကတော့ ခေတ် အဆက်ဆက်မှာ ဖျက်လာကြတာပဲ။ အဖျက်နုတာ အဖျက်ကြမ်းတာပဲ ကွာပါတယ်” ဟု ကိုမင်းဒင်က ပြောသည်။

သားစိုး၏ သီချင်း နှင့် ဖန်တီးမှု အများစုကို နားဆင် ကြည့်ရှုဖူးသည်ဟု ဆိုသော လူလတ်ပိုင်း ဘလော့ဂါတဦးဖြစ်သူ အောင်သာငယ်က “တချို့က ရည်ရွယ်ချက် ရှိရှိကို ဖျက်တာပါ၊ တချို့က ဆန်းသစ်ရင်းနဲ့ ဖျက်မိတာ” ဟု ပြောသည်။

“သီချင်းတွေကိုတော့ ဆန်းသစ်တယ်လို့ပဲ ယူဆပါတယ်” ဟု ဂီတဝါသနာရှင် တဦးလည်း ဖြစ်သူ အောင်သာငယ်က ဧရာဝတီသို့ ပြောပြသည်။

သားစိုးသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး သီအိုရီ ဟစ်ပ်ဟော့ပ် တေးဂီတအဖွဲ့နှင့်အတူ ဂီတလောကတွင် ပေါ်ထွက်လာသည်။ ထို့နောက် ၂ဝဝ၆ ခုနှစ်တွင် ပေါ်ထွက် ခဲ့သော ရောသမမွှေ စီးရီးဖြင့် တရှိန်ထိုး အောင်မြင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် “မွှေ” စီးရီးများ ဖြစ်သော ရောချင်ရော မရောချင်နေ၊ မွှေလို့မဝလို့၊ အမွှေ၊ ရောလို့သမလို့မွှေတဲ့ည စသည့် စီးရီးများကို ဆက်တိုက် ထုတ်လုပ်ခဲ့သည်။

သားစိုးသည် ရန်ကုန်ဇာတိ ဖြစ်ပြီး အသက် ၂၉ နှစ်ရှိပြီဖြစ်သည်။ အမည်ရင်းမှာ စိုးမွန်အောင် ဖြစ်သည်။ ဗြိတိန် နိုင်ငံတွင် အသံဖမ်း အင်ဂျင်နီယာ ဘာသာရပ် လေ့လာခဲ့သည်။

ဇန်နဝါရီလက သူ၏ ချစ်သူ မထက်ထက်ခိုင်နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် ရေကစားမည့် သားစိုးက  “သင်္ကြန်မှာ အားလုံးကို ပျော်စေချင်ပါတယ်။ ရေနဲ့ သင်္ကြန်ပဲ ဖြစ်စေချင်ပါတယ်၊ အရက်နဲ့ သင်္ကြန်မဖြစ် စေချင်ပါဘူး” ဟု ဆိုသည်။

မနက်ဖြန်တွင်လည်း စင်တင်ဂီတပွဲများ ပြုလုပ်လေ့ရှိသည့် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ရန် စီစဉ်ထားရာ သီချင်းတိုက်ခြင်း၊ အကတိုက်ခြင်းများ ပြုလုပ်ပြီးဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်