ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ စတင်သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ မတိုင်မီ သမ္မတဦးသိန်းစိန်နှင့် ခေတ္တ တွေ့ဆုံပြီးနောက် အစိုးရရုံးစိုက်ရာ နေပြည်တော်ကို လှည့်လည် ကြည့်ရှုသည်ဟု သိရသည်။ ဧရာဝတီက ရရှိသည့် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ယနေ့ တက်ရောက်ခြင်း မရှိသေးပေ။ နေပြည်တော် အစိုးရ အရာရှိတဦးကို ကိုးကား၍ ရေးသားထားသည့် Reuters သတင်းတပုဒ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးပွဲသို့ သွားရောက်ခြင်း မရှိကြောင်း၊ သမ္မတဦးသိန်းစိန်ကသာ အဖွင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။