Prince Claus ဆု ချီးမြှင့်ခံရတဲ့ အပေါ် အယ်ဒီတာ့ တုံ့ပြန်စကား

ကျနော့်ကို ၂၀၁၀ Prince Claus ဆုရှင် တယောက်အဖြစ် ရွေးချယ်ခဲ့တဲ့ ဆုရွေးချယ်ရေး အဖွဲ့နဲ့ ဆုရတဲ့အတွက် ၀မ်းသာကြောင်း စာတွေ ရေးသားပေးပို့ခဲ့ကြတဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။

Aung ZawPrince Claus ဆုကို လက်ခံရရှိတဲ့ အတွက် ကျနော် အထူးပဲ ဝမ်းမြောက် ဂုဏ်ယူ မိပါတယ်။

ဒီဆုကို ကျနော် တယောက်တည်း ရတယ်လို့ မခံယူပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်း အမှန်တရား အတွက် ထုတ်ဖော် တင်ပြ နေကြတဲ့ ပြည်တွင်းက စာနယ်ဇင်း သမားတွေ၊ သတင်းထောက်တွေ၊ ဘလော့ဂါတွေနဲ့ အကျဉ်းထောင်တွေ ထဲမှာရှိနေကြတဲ့ စာနယ်ဇင်း သမားတွေ ကိုယ်စား ဒီဆုကို ကျနော် လက်ခံရယူမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲရဲရင့်ရင့် ဆောင်ရွက် ချက်တွေက ကျနော့်အတွက် တကယ့် တန်ဖိုးထားစရာ စံနမူနာ ကောင်းတွေ ပါပဲ။

ကျနော့်ရဲ့ ဧရာဝတီ ဝိုင်းတော်သားတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ကမ္ဘာကသိနိုင်ဖို့အတွက် အန္တရာယ်ကြားကနေ စွန့်စွန့်စားစား သတင်းရှာဖွေ ပေးပို့နေကြတဲ့ ပြည်တွင်းက ဧရာဝတီ  သတင်း ထောက်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သူတို့ဟာ ကျနော့်ရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။

မြန်မာပြည် အပြောင်းအလဲဟာ တနေ့မှာ မလွဲမသွေဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ အတွက် ခရီးကြမ်းကို အချိန်အတော်ကြာ ဆက်လက် ဖြတ်သန်းကြရဦးမယ်လို့ မြင်ပါတယ်။ ဒီလို ရှေ့ဆက်လျှောက်လှမ်းရာမှာ  အမှန်တရား အတွက် ရုန်းကန်တိုက်ပွဲဝင်မယ့် လွတ်လပ်တဲ့ မီဒီယာဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ မီဒီယာဟာ မရှိမဖြစ် အစိတ်အပိုင်းတခုပါ။ ဒီလို မီဒီယာ မျိုးရဲ့ အကျိုးကျေးဇူးကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန် ရရှိသင့်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လွတ်လပ်ပြီး ဘက် မလိုက်တဲ့ မီဒီယာ ပေါ်ထွက်လာဖို့ ကျနော် မဆုတ်မနစ် ဆက်လက်ကြိုပမ်း သွားပါ့မယ်။

တဆက်တည်းမှာ သတင်းကောင်းပါးလိုတာကတော့ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲရင့်ပြောင် မြောက်လှတဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနှစ်မှာ “ဧရာဝတီ စာနယ်ဇင်းဆု” ချီးမြှင့်မယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါ တယ်။ ဒီဆုကို မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီလိုချီးမြှင့်တာဟာ မြန်မာပြည် လွတ်မြောက်ရေးအတွက် သူတို့ရဲ့ ပြောင်မြောက်လှတဲ့ စွန့်စားမှုနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။

 

ခင်မင်ရင်းနှီးစွာဖြင့် …
AZ-statement

 

 

အောင်ဇော်

Prince Claus Fund ၏ မူရင်းကြေညာချက်ကို ဤနေရာတွင် ဖတ်ရှု နိုင်ပါသည်။

 

 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်