ပြည်တော်ပြန် ပြင်သစ်တို့၏ အသည်းကွဲ ဇာတ်လမ်း

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့စဉ်က “black, blond, buerre” လူမည်း၊ လူဖြူ၊ အာရပ်တွေနဲ့ ဖွဲ့စည်း ထားတာပါ ဆိုပြီး ၀င့်ကြွား ဂုဏ်ယူခဲ့တဲ့ ပြင်သစ် အသင်းကြီး ပြိုကွဲကာ အခု ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပြီး ပြည်တော်ပြန် ခဲ့ရပါပြီ။

ဥရောပ နာမည်ကြီး ဘောလုံး အသင်း တသင်းရဲ့ အကွဲအပြဲ ဇာတ်လမ်းဟာ လက်ရွေးစင် အသင်းကြီး ဆိုတဲ့ စိတ်ဓာတ်ကို ထိခိုက် စေရုံသာမက ယဉ်ကျေးမှု ပေါင်းစုံ၊ အသွေးအရောင် မျိုးစုံ နဲ့ ဖွဲ့စည်းထားတဲ့ ပြင်သစ်လူမှု အသိုင်း အဝိုင်း တခုလုံး ကိုပါ ဂယက်ရိုက်စေခဲ့ပါတယ်။

နည်းပြ ဒိုမီနက်ခ်ျ နဲ့ တိုက်စစ်မှူး အနယ်လ်ကာတို့ရဲ့တဦးနဲ့ တဦး အပြန်အလှန်အပြစ်တင်ခဲ့တဲ့ ဇတ်လမ်းရဲ့ နောက်မှာ မီးခိုး ကြွက်လျှောက် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေး၊ အသား အရောင်ခွဲခြားမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေ အများကြီး ဆက်နွယ် နေပါတယ်။

ပြင်သစ်အသင်းဟာ ရှေးကတည်းက လီလီယန်သူရမ်၊ မာဆယ် ဒက်ဆယ်လီ၊ ပက်ထရစ် ဗီယာရာ၊ မက်ခီလီလီ တို့လို အာဖရိကန် အနွယ်ဖွား လူမည်းတွေ၊ ပြင်သစ်ဂန္ထ၀င်ကစားသမား ဇီဒန်းတို့လို အယ်လ်ဂျီးရီးယန်း အနွယ်တွေနဲ့ ဒီဒီယာ ဒက်ချမ့်၊ လီဇာရာဇူ၊ ဂိုးသမား ဖေဘီယန် ဘားသက်ဇ် စတဲ့ လူဖြူတွေနဲ့ ရောမွှေထားတဲ့ အသင်းတသင်းဖြစ်ပါတယ်။

ပြင်သစ်အသင်းသားတွေ လေ့ကျင့်ခန်းမဆင်းဘဲ ဆန္ဒပြခဲ့မှုကို ကစားသမားဟောင်းတွေဖြစ်တဲ့ ဇီဒန်း၊ မက်ခီလီလီ၊ ယူရီ ဂျော့ကက်ဖ် နဲ့ လီဇာရာဇူး တို့ကတော့ “မိမိတို့ အသင်းရဲ့ ဂျာစီတွေကို လေးစားကြပါ” လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အခုလိုပေါက်ကွဲ ထွက်လာတဲ့ ဘောလုံးသမားတွေနဲ့ နည်းပြ ကြားက ကြီးမားတဲ့ ပြဿနာဟာ လက်ရှိ ဥရောပဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌလုပ်နေတဲ့ ကမ္ဘာကျော် ပြင်သစ်ဘောလုံးသမားဟောင်းကြီး မီချယ် ပလာတီနီ အတွက်ကတော့ အရှက်ရ စရာပါပဲ။

တကယ်တော့ ဘောလုံးဆိုတာ အရှုံးအနိုင်ရှိမြဲပါ၊ အဲ့ဒီဖြစ်ပေါ်လာတဲ့ ရလဒ်ကိုလည်း ယဉ်ကျေးတဲ့ ပြင်သစ်လူမှု အသိုင်း အ၀ိုင်းကို ကိုယ်စားပြုထားတဲ့ ကစားသမားတွေအနေနဲ့ တသားတည်း စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ရမှာပါ။

ဝေဖန်သုံးသပ်သူတွေကတော့  ပြင်သစ်ကစားသမားတွေရဲ့ လုပ်ရပ်တွေကို ဆိုးသွမ်းပြီး ယဉ်ကျေးမှုမရှိတဲ့သူတွေက မွေးတဲ့ မျိုးဆက်တွေကြောင့်ဆိုပြီး အပြစ်တင်ကြသလို၊ လက်ရှိ သမ္မတ ဆာကိုဇီရဲ့“တကိုယ်တော် လူစွမ်းကောင်း” လုပ်တတ်တဲ့ ညာဉ်ကို ရောင်ပြန်ဟပ်တာလို့လည်း ဆိုကြပါတယ်။

အတွေးအခေါ်ပညာရှင် အယ်လိန် ဖင်ကီကရော့ထ်ကတော့“မာဖီးယားဆန်ဆန် အကျင့်စရိုက်တွေရှိတဲ့သူတွေနဲ့ နိုင်ငံ တော် ကို ဂရုမစိုက်သူတွေကို အသင်းဖွဲ့ပေးထားသလိုပဲ”လို့ the Christian Science Monitor သတင်းစာကို ပြောကြား ပါတယ်။

သမ္မတ ဆာကိုဇီက အသင်းရဲ့ ဂုဏ်သိက္ခာအကြောင်း ပြောဆိုနေချိန်မှာ ပြည်သူလူထုက ပြင်သစ်အသင်းကို “ရှက်ဖွယ်” ဆိုပြီးတော့ ရှုတ်ချနေကြပါတယ်၊ ပြင်သစ်အသင်းကို စပွန်ဆာပေးထားတဲ့ Credit Agricoleဘဏ်က စပွန်ဆာ ရုပ်သိမ်း လိုက်ချိန်မှာတော့ “ငမည်းတွေ” ၊ အလကား “မီလျံနာ ကစားသမားတွေ”ဆိုပြီးဝေဖန်နေသူတွေလည်း ဒုနဲ့ဒေးပါ။ ဒီဝေဖန် မူတွေဟာ နဂိုရ်ကတည်းကမှ တင်းမာနေတဲ့ လူမျိုးရေး လွန်ဆွဲနေမှုကို တွန်းပို့နေသလိုပါပဲ။

ဥရုဂွေးကို သရေကျ၊ မက္ကဆီကိုနဲ့ အိမ်ရှင် တောင်အာဖရိက တို့ကို ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်အသင်းဟာ အစတုန်းကတည်းက အသင်းသားတွေ ကြားထဲမှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ အစကတည်းက ယဉ်သကို ဆိုသလို အိုင်ယာလန်တို့ ခြေစစ်ပွဲမှာ သီယာရီ အွန်နရီရဲ့ လက်အကူအညီနဲ့ ခြေစစ်ပွဲ အောင်လာခဲ့တာဖြစ်ပါတယ်။

ထို့အပြင် နည်းပြနဲ့ နောက်ခံလူ ၀ီလျှံ ဂါးလက်စ်တို့ အကြားမှာလည်း ပက်ထရစ် အီဗရာကို နည်းပြခန့်မှုနဲ့ ပတ်သက်ပြီး စကားများခဲ့ဖူးပါတယ်။ ဥရုဂွေးနဲ့ ကစားခဲ့ရတဲ့ ပထမဆုံး ပွဲစဉ်မှာတင် ကွင်းလယ်ကစားသမား မာလူဒါ ကိုယ်တိုင်က အသင်းသားတွေကြားထဲမှာ ပြဿနာ တွေရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဂေါ်ကပ်ဖ် ဟာလည်း အသင်းဖော်တွေနဲ့ ဆက်ဆံရေးမပြေလည်တဲ့အပြင် မက္ကဆီကိုနဲ့ပွဲမှာ ကစား ဖော်တွေက ဘောလုံးပေးကစားခြင်း မခံရတဲ့အတွက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး၊ ဒါကြောင့် နည်းပြက လူစားလဲခဲ့ရပါတယ်။

မက္ကဆီကို အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြရဲ့ ဗျူဟာတွေကို ဝေဖန်ခဲ့တဲ့အပြင် ဆဲဆိုခဲ့တဲ့အတွက် အနယ်လ်ကာကို ချက်ချင်း အသင်းက ထုတ်ပယ်ပြီး အိမ်ပြန်ပို့ခဲ့ကြောင်း ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

အသင်းဖော်တွေ အားလုံးကလည်း အနယ်လ်ကာဘက်မှ ထောက်ခံတဲ့အနေနဲ့ လေ့ကျင့်ခန်းမဆင်းဘဲ ဆန္ဒပြမှုကြောင့်  နည်းပြ ဒိုမီနက်ခ်ျ က မီဒီယာတွေရှေ့မှာ ဒေါသမထိန်းနိုင်ဘဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။

တိုက်စစ်မှူး အနယ်လ်ကာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပြန်အပို့ခံရတဲ့ ရှစ်ယောက်မြောက် ကစားသမား ဖြစ်ပါတယ်၊ လက်ရှိ အာဂျင်တီးနား နည်းပြ မာရာဒိုနာဟာ ကစားသမားဘ၀ ၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားမှာ မူးယစ်ဆေး သုံးစွဲမှုကြောင့်  ပြန်ပို့ခံခဲ့ရသလို မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းလည်း နည်းပြကို ဝေဖန်ခဲ့မှုကြောင့် ၂၀၀၂ ခုနှစ် တောင်ကိုရီးယား ကမ္ဘာ့ဖလားမှာ ပြန်ပို့ခံခဲ့ရဖူးပါတယ်။

ကဲ မိတ်ဆွေတို့ ခင်ဗျားတို့အနေနဲ့ နိုင်ငံလက်ရွေးစင် အသင်းသားဖြစ်ခဲ့ရင် အသင်းရှုံးနိမ့်နေချိန်မှာ နိုင်ငံဂုဏ်သိက္ခာ အတွက် ရဲရဲရင့်ရင့်နဲ့ ရေကုန်ရေခမ်း ဆက်ကစားမလား အသာတကြည်ပဲ အရှုံးပေးသွားမလား။

The Christian Science Monitor သတင်းစာမှ Frannce's World Cup Soccer woes rock French Society ကို မှီငြမ်းသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်