ဒိုင်အမှား အတွက် FIFA ဥက္ကဋ္ဌ တောင်းပန်

ဂျာမနီအသင်းနှင့် ကစားခဲ့သည့် ပွဲတွင် အင်္ဂလန်အသင်း အလယ်တန်းလူ လမ်းပတ် သွင်းသည့် ဂိုးအား ခွင့်မပြုခဲ့သည့် ဒိုင်လူကြီး၏ အမှားနှင့် ပတ်သက်၍ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဆပ် ဘလတ္တာက အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA) ကိုတောင်းပန် ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျာမနီ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲတွင် အင်္ဂလန်အသင်း အနေဖြင့် ဒိုင်လူကြီး၏ မှားယွင်းသော ဆုံးဖြတ် ချက်ကြောင့် အောင်မြင်ရန် အခွင့် အလမ်းများ ဆုံးရှုံး ခဲ့ကြောင်း ၊ ထို့အတူ မက္ကဆီကို အသင်းဘက်သို့ အာဂျင်တီးနား ရှေ့တန်း တိုက်စစ်မှူး ကားလို့စ် တီဗက်စ် သွင်းယူခဲ့သည့် ပထမ ဂိုးမှာလည်း လူကျွံဘော ဖြစ်ကြောင်း FIFA ဥက္ကဋ္ဌက ပြောကြား သည် ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

“ဒိုင်ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်က ကာယကံရှင်တွေ ဘယ်လောက် စိတ်ထိခိုက်ပြီး ၀မ်းနည်းရတယ်ဆိုတာ နားလည်ပါတယ်၊ ဒါကြောင့် အင်္ဂလန်နဲ့ မက္ကဆီကို အသင်းတွေကို တောင်းပန်ပါတယ်”ဟု ဆပ် ဘလတ္တာက ဆိုသည်။

ယခုကဲ့သို့  တောင်းပန်စကားပြောကြားမှု အပေါ် ကျေးဇူးတင်ကြောင်း၊ ဘောလုံးပွဲဆိုသည်မှာ ရှုံးနိမ့်မှု ရှိသကဲ့သို့ အောင်မြင်မှု လည်း ရှိမည်ဖြစ်သည်ဟု FA ကိုယ်စားလှယ်က ပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌသည် အင်္ဂလန် ဘောလုံးအဖွဲ့ ချုပ်နှင့် မက္ကဆီကို ဘောလုံးအဖွဲ့ ချုပ် ၂ ခုလုံးသို့ တိုက်ရိုက်တောင်း ပန်ခဲ့ဖြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ဂျာမနီအသင်းနှင့် ရှုံးထွက်အဆင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရာ ၂ ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်နေစဉ် အင်္ဂလန်ကွင်းလယ်လူ ဖရန့် လမ်းပတ်က အဝေးမှကန်သွင်းသည့် ဘောလုံး ဂိုးအပေါ်တိုင်ကိုထိပြီး ဂိုးစည်းကို ကျော်လွန်၍ အတွင်းသို့ ဝင်ရောက်ခဲ့ သော်လည်း ဥရုဂွေးနိုင်ငံသား ဒိုင်လူကြီး Jorge Larrionda က ဂိုးမပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂိုးသာ အင်္ဂလန်အသင်း ရရှိသွားပါက အင်္ဂလန်အသင်း၏ ကံကြမ္မာမှာ တမျိုးတဖုံ ပြောင်းလဲသွားမည်ဖြစ်သည်။

အလားတူပင် အာဂျင်တီးနားအသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကြစဉ် အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ် တီဗက်စ် သွင်းယူခဲ့သော ပထမဂိုးမှာ လူကျွံဘော အနေအထားမှ သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

ဘောလုံးပွဲများ၌ ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့သည် လူသားများဖြစ်၍ မှားယွင်းနိုင်ကြောင်း၊ ထိုကြောင့် ရုပ်မြင်သံကြား ကင်မရာများ တပ်ဆင်ပြီး နည်းပညာအကူအညီယူရန် တိုက်တွန်းပြောဆိုမှုများ ရှိနေသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်က လက်မခံခဲ့ပေ။

ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်မှသာ နည်းပညာ အကူအညီကို ယူရန် လိုအပ်နေကြောင်း၊ လာမည့် ဇူလိုင်လ အတွင်း ပြုလုပ်မည့် ဖီဖာ၏ အစည်းအဝေးတွင် နည်းပညာဆိုင်ရာများကို အသေအချာဆွေးနွေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဆပ် ဘလတ္တာ က ပြောသည်။

ထို့အပြင် အင်္ဂလန်နှင့်ဂျာမနီ၊ အာဂျင်တီးနားနှင့် မက္ကဆီကိုတို့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့ကြသော ဒိုင်လူကြီး ၂ ဦးစလုံးကို ဆက်လက် အသုံးပြုတော့မည်မဟုတ်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ပွဲတွင်လည်း အိမ်ရှင်တောင်ကိုရီးယားနှင့် အီတလီပွဲတွင် လည်းကောင်း၊ ကွာတား ဖိုင်နယ် အဆင့်တွင် တွေ့ဆုံသည့် တောင်ကိုရီးယားနှင့် စပိန်ပွဲတွင်လည်းကောင်း ဒိုင်လူကြီးများက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည့်အတွက် ၎င်းအသင်းများ နစ်နာခဲ့ရဖူးသည်။

တောင်ကိုရီးယားနှင့် အီတလီပွဲတွင် ကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဥရုဂွေးနိုင်ငံသား မိုရီနိုကို ဒိုင်လူကြီး အဖြစ်မှ ရာသက်ပန်ထုတ် ပယ်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်