ဒေးပေါက်က အမှတ်တရ ရှစ်လေးလုံး

ကျနော်က ခရမ်းမှာ ခေတ္တ တိမ်းရှောင် နေချိန်၊ ရန်ကုန်က မေမေ ဆိုင်းမဆင့် ဗုံမဆင့် လိုက်လာသည်။ မျက်နှာက စိုးရိမ် ထိတ်လန့်မှု တွေကို မြင်လိုက်သည်နှင့် တခုခုတော့ ဖြစ်ပြီဆိုတာကို သိလိုက်သည်။

irr-aungzaw
ဧရာဝတီ မဂ္ဂဇင်း တည်ထောင်သူ၊ အယ်ဒီတာ အောင်ဇော်သည် ရှစ်လေးလုံး အရေးတော်ပုံတွင် သမိတ်မှောက် ကျောင်းသား တဦးအဖြစ် ဆန္ဒပြခဲ့ ပြီးနောက် အင်းစိန် အကျဉ်းထောင်တွင် ခေတ္တဖမ်းဆီး ညှဉ်းပန်းခြင်း ခံခဲ့ရသည်။ စစ်အာဏာ သိမ်းပြီး ရက်ပိုင်းတွင် စစ်ထောက်လှမ်းရေး၏ လိုက်လံ ဖမ်းဆီးမှုကြောင့် ထိုင်း - မြန်မာ နယ်စပ်သို့ တိမ်းရှောင်ခဲ့သည်။
ခေတ္တတည်းခိုနေသော အမျိုးများ၏ အိမ်ပေါ်မှာ ထိုင်မိသည်နှင့် “သူတို့ မနေ့ညက အိမ်မှာ သားကို လာရှာတယ်” ဟု ပြောသည်။

“ထောက်လှမ်းရေးတွေ မင့်ဓာတ်ပုံပြပြီး လိုက်ရှာနေတယ်” ဟု ခင်မင်သည့် ရပ်ကွက်ကောင်စီဝင်တချို့က ကြိုပြောခဲ့၍ ခရမ်းကို သွားပြီး တိမ်းရှောင်နေခြင်းဖြစ်သည်။ (မတ်လ အရေးအခင်းနှင့် အင်းစိန်ကို ခဏရောက်ခဲ့ဘူးသဖြင့် ပြန်သွားချင်စိတ် လုံးဝမရှိပါ)

၁၉၈၈ တွင် နာမည်ကြီးခဲ့သော ဇွန် အရေးအခင်း၌ ၀င်နွှဲခဲ့ဖူးသည့် ကျနော်နှင့် ရန်ကုန်ကသူငယ်ချင်းတွေ အားလုံး ကိုယ်ရောင် ဖျောက်ကြသည့် ကာလ။ မြေနီကုန်း အရေးအခင်းပြီးနောက်ပိုင်း ထောက်လှမ်းရေးက အားလုံးကို လိုက်ဖမ်းနေသည့် ကာလ။

ဒီအတိုင်းဆိုလျင် ခရမ်းတွင် တိမ်းရှောင်နေရန်က သိပ်မလွယ်တော့။ ကံကောင်းသည်ဟု ဆိုရမည်။ အမျိုးတွေ အိမ်တွင် ဒေးပေါက်ကျောင်း ဆရာတော် ရောက်နေသည်။ ဆရာတော်က ပြုံးပြုံးနှင့် ကျနော်နှင့် မေမေ၏ ဖြစ်စဉ်ကို နားထောင်ပြီး “ဒါဆို ငါနဲ့ ကျောင်းကို လိုက်ခဲ့” ဟု ဆိုကာ ဘုန်းကြီးက ကျောင်းသားကို ပင့်သွားတော့သည်။

ဒေးပေါက်ကို အဲဒီချိန်မှာ ရေလမ်းကပဲ သွားကြသည်။ ဆရာတော်က သူ့ကိုယ်ပိုင် စက်လှေနှင့်။ မောင်းသူကလည်း ဦးပဉ္ဇင်းကြီး သင်္ကန်းကြီး တလွှားလွှား။ အသားက သပိတ်ရောင်၊ သွားက ခေါခေါ။ လမ်းမှာ ကျနော်တို့ရဲ့ စက်လှေကို လူတွေက မြင်တော့ အရိုသေပြု၊ ၀တ်ပြုကြသည်။ ဆရာတော် ပါလာသည့်အတွက် ဖြစ်သည်။

ကျောင်းက စိမ်းစိုနေသော စပါးခင်းများ၏ အလယ်တွင် ထီးတည်းကြီး။ ဒေးပေါက်ရွာက ကျောင်းနှင့်ဆိုလျှင် မနီးမဝေး။ ကျနော့် အမျိုးများနှင့် ဆရာတော်က အလွန်ရင်းနှီးတော့ ဆရာတော်က ကျနော့်ကို ရှောင်ပုန်းဖို့ စီစဉ်ပေးခြင်းဖြစ်သည်။ နောက်နေ့ မနက် လင်းသောအခါ ဆရာတော်က ဆွမ်းစားပြီးသည်နှင့် သင်တုန်းဓားဆွဲပြီး လာခဲ့ဟုဆိုကာ ခေါင်းရိပ်၍ သင်္ကန်းစီးပေးလိုက်သည်။ အကောင်းဆုံး ကာကွယ်နည်းပဲ ဆိုကြပါစို့။ ဆရာတော်က မြို့နယ် သံဃမဟာနာယကဥက္ကဋ္ဌဆိုတော့ စည်းကမ်းကို ဘယ်လို ချိုးဖောက်ရမည်ဆိုတာကို သိနေပုံရသည်။ မဆလ အစိုးရကိုလည်း စိတ်ထဲက မကြည်မလင် ရှိနေပုံရသည်။

ဆရာတော်က ခရီးထွက်တာများတော့ ကျောင်းတွင် ကျနော်၊ စက်လှေမောင်းသော ဦးပဉ္ဇင်းကြီး ၊ အာဂန္တု ဦးပဉ္ဇင်းတပါးနှင့် ကျောင်းသားလေးတွေသာ ရှိသည်။ ပျင်းစရာ အလွန်ကောင်းသော နေ့ရက်များဟု ဆိုရမည်။ ဆွမ်းခံမထွက်ရ ဆိုသောအခါ ကျောင်းသားများ ခံပေးသော ဆွမ်းကိုသာ ဘုဉ်းပေးရသည်။ နေ့စဉ်လိုလို ပဲ မျိုးစုံကိုသာ ဘုဉ်းပေးရသည်။

အရေးကြီးသည်က သတင်း၊ သတင်းငတ်နေသည်။ ကျောင်းအိုကြီးမှာ ရေဒီယိုလည်း မရှိပါ။ ညစဉ်လိုလို ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးနှင့် လာလာလည်သော တောင်သူကြီး တဦးက နောက်ဆုံးတွင် ကျနော် ကိုရင်ကြီး၏ ညည်းညူသံကို ကြားသွားကာ သူ့အိမ်မှ (ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ဖို့ များသည်) ရေဒီယို အစုတ်ကြီးကို မ ချလာသည်။ ကျောင်းတွင် စက်လှေမောင်းသော ဦးပဉ္ဇင်းကြီးက ရေဒီယိုကို ပြင်တော့သည်။ သူ အဲဒီလို ရေဒီယို ပြင်ခွင့်ရသောကြောင့် မော်တော် အင်ဂျင်စက်က အနားရသွားတော့သည်။ ဒီလိုမှ မဟုတ်လျင်လည်း ဦးပဉ္ဇင်းက မော်တော်အင်ဂျင်ကို ၂၄ နာရီ နှိုက်နေတတ်သည်။

စက်ကောင်းသွားလျင် သူက စက်စမ်းတတ်သည်။ ကျနော့်ကိုပါခေါ်ပြီး ရွာပြင်ထွက်သည်။ မြစ်ရေတဖွေးဖွေးအကြား ဦးပဉ္ဇင်းနှင့်ကိုရင် ၂ ပါးအတူတူ တခြားရွာများကို လျှောက်လည်ကြသည်။ ထိုရွာတွင်မူ သတင်းပေးရန်၊ ထောက်လှမ်းရေးရန် သိပ်မကြောက်ရတော့။

ကိုရင်က အတုကြီးဆိုတော့ ညနေစာကို တမ်းတမိသည်။ အလိုက်သိသော ဦးပဉ္ဇင်းကြီးက နားလည်တတ်၊ သိတတ်သော ဒကာ၊ ဒကာမတွေကို ပြင်ဆင်ခိုင်းတော့ ညနေစာကို ဘုဉ်းပေးခွင့်ရသည်။ ပဲဟင်းတော့ မပါတော့ပါ။ ကျောင်းပြန်ရောက်တော့ ရေဒီယိုနား ကပ်ရသည်။ ဘီဘီစီနှင့် ခရစ်တိုဖာဂါးနပ်စ်က တာဝန်ကျေကြပါသည်။ ရန်ကုန်သတင်းတွေ၊ အပစ်အခတ် အဖမ်းအဆီး သတင်းတွေ၊ ထောင်ထဲက သတင်းတွေ တော်တော်များများ ကြားရသည်။ ဒေးပေါက်တရွာလုံးမှာ ရေဒီယိုက လက်ချိုးရေကြည့်၍ ရသည်။ ရန်ကုန်သတင်း နားထောင်ချင်သော တောင်သူဦးကြီးတွေ သူကြီးအိမ်ကို ပြေးကြသည်။ ကျောင်းက ရေဒီယိုကြီး ပျက်သွားစဉ်အချိန်က ကျနော်လည်း တခေါက်ရောက်သွားသည်။

ဦးပဉ္ဇင်းကြီးနှင့် ရေဒီယိုလှူသော ဒကာကြီးသည် အမှောင်ထဲမှာ လက်နှိပ်ဓာတ်မီးနှင့် သတင်းကုသိုလ် လိုက်လုပ်ပေးကြသည်။ မြွေပါးကင်းပါးမကြောက်၊ ကျနော်က သင်္ကန်းကို ခါးတောင်းကျိုက်ပြီး ဒေးပေါက်ရွာဘက်ကို အသော့နှင်ရသည်။

သူကြီးကတော့ သူကြီးအကြည့်နှင့် ကိုရင်ကြီးကို ကြိုဆိုသည်။ ရွာသားတွေကတော့ မှောင်ထဲတွင်ထိုင်ရင်း ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးများကို ဖွာရှိုက်ရင်း ရန်ကုန်သတင်း၊ နယ်သတင်းများကို နားထောင်ကြသည်။ ကျောင်းသားများ ထောင်ထဲတွင် အနှိပ်စက်ခံရသည့် အကြောင်း သတင်း နားထောင်ရသည့်အချိန်တွင် ရွာသားများထံမှ စုတ်သတ်သံ ကြားရသည်။

ရုပ်မြင်သံကြားစက်ဆို၍လည်း တရွာလုံးတွင် တလုံးသာရှိသည်။ အထူးအရေးပေါ် ညီလာခံမှာ ဦးနေ၀င်း ရာထူးက နုတ်ထွက်ပြီး ရှုးရှုး ရှဲရှဲပြောသွားတာတွေကို ဖန်သားပြင်မှာ မြင်လိုက်ရသည်။ အဘိုးကြီး၊ အဘွားကြီး တချို့ စုတ်သတ်ကြပြန်သည်။

ကျောင်းတွင်မူ အစစအရာရာ အဆင်ပြေပါသည်။ တခါတရံ ဘုန်းကြီး ကျောင်းသားလေးများကို စာသင်ပေးသည်။ သူတို့ ငါးဖမ်းလျင် လိုက်သွား၊ ဘုန်းကြီးတည်နေသည့် ဘုရားမှ ပန်းရံဆရာနှင့် ထွေရာလေးပါးပြော။

မေမေနှင့် ဆွေမျိုးတွေ လိုက်လာသောအခါ ပျော်သွားသည်။ ရန်ကုန်သတင်းတွေ၊ ဘီဘီစီက မလွှင့်သော သတင်းတွေ တပုံကြီး ပါလာသည်။

“သားသူငယ်ချင်း ဘယ်သူက ဘယ်မှာ..၊ သူလည်း ဘုန်းကြီးဝတ်နေတယ်။ ဘယ်သူ့ကိုတော့ ဖမ်းသွားပြီလို့ ကြားတယ်”
“ကျောင်းသားခေါင်းဆောင် တချို့ကတော့ လွတ်နေတုန်း”
“မင်းကိုနိုင်ရဲ့ ကဗျာ”
စသည်များကို စိတ်လှုပ်ရှားစွာ နားထောင်မိသည်။ မေမေက မုန့်တွေ ၀ယ်လာတော့ ဘုန်းကြီးကျောင်းသားလေးတွေကို ဝေပေးလိုက်သည်။ မေမေနှင့် ဆွေမျိုးများ လယ်ကွင်းများကို ဖြတ်ရင်း မော်တော်ဘုတ်ဆီ ပြန်တက်သွားသောအခါ ကျနော် ၀မ်းနည်းပက်လက် ကျန်ခဲ့သည်။

ကိုရင်ကြီးက အတုဆိုတော့ ဘာမှ မတတ်။ ဆရာတော်က ၀ါတွင်းမှာ သူနှင့်အတူထိုင်စေ၍ တရားပေးခိုင်းသောအခါ ဘာမျှ မဆိုတတ်သဖြင့် တရားနာလာသော ရွာထဲက လူတွေက ပြုံးစိ ပြုံးစိ ဖြစ်ကုန်ကြသည်။ နောက်နေ့တွင် ရွာထဲက အဘွားကြီး တဦးနှင့် သူ့သမီးက ကိုရင်ကြီးအတွက်ဆိုကာ ဆွမ်းချိုင့်လာကပ်သည်။ ထူးထူးခြားခြား။ သူတို့က ရိပ်မိပုံရပါသည်။ ကြက်သားဟင်းကို ကာလသားချက် ချက်လာသည်။ သူတို့ အိမ်က ကြက်တော့ ရန်ကုန်က ကိုရင်အတုကို ကပ်ဖို့ စတေး လိုက်ရပုံရသည်။

ပဲခူးဘက်က ရွာတွေဆီကို ဆရာတော်  ရေလမ်းဖြင့် ကြွသောအခါ ကျနော့်ကိုပါ ခေါ်သည်။ ဦးပဉ္ဇင်းကြီးကတော့ မိုးတဖွဲဖွဲကြားမှာ စက်လှေပဲ့ကို ကိုင်ပြီး လိုက်လာသည်။ ကျနော်က ဆရာတော့် အနားမှာ ခပ်ကုပ်ကုပ်။ ပတ်ဝန်းကျင်ကား ရှုမငြီးစရာ။ လယ်ကွင်းထဲမှာ ရေတွေက တဖွေးဖွေး။ ခြေတံရှည်ငှက်ကြီးတွေက မိုးရေထဲမှာ သိက္ခာအပြည့်ဖြင့် တည်တည်ငြိမ်ငြိမ် ရပ်နေကြသည်။

လမ်းက ဘုန်းကြီးကျောင်းများတွင် ၀င်နားသောအခါ ဦးပဉ္ဇင်းတွေ၊ ဆရာတော်တွေ တရားစကားနှင့် နိုင်ငံရေးစကားကို ပြောကြသည်ကို ကြားရသည်။ ကျနော် ဘာလဲဆိုသည်ကို ဆရာတော်က ဘယ်သူ့ကိုမှ မပြောဖို့  ညွှန်ကြားထားသည့် အပြင် အန္တရာယ်ကင်း ဂါထာကိုပါ နှုတ်တိုက် သင်ပေးထားသည်။ သို့ပေမယ့် ဆရာတော်တွေ ဆွမ်းစားဝိုင်းတွင် မဆလနှင့် ဦးနေ၀င်း အကြောင်း ပြောကြသည့်အခါ ကိုရင်ဝိုင်းက ကျနော့်ကို လှမ်းလှမ်းပြီး အကဲခတ်လေ့ရှိသည်။ ကျနော်ကတော့ ခပ်တည်တည်။ ရွာတွေမှာ အလှူဆွမ်းတွေကပ်တော့ ကိုရင်အတုဆိုတာက ပေါ်လာပြန်ရော။ အားလုံး ထိုင်နေကြသော အချိန်မှာ ကျနော်က တရားစာတလုံးမှ မဆိုနိုင်။ ညနေရောက်သောအခါ စက်လှေမောင်း ဦးပဉ္ဇင်းက လက်တို့ခေါ်ပြီး ရွာထဲက ဒကာမ တယောက်အိမ်တွင် ညနေစာ စားကြပြီး ဘီဘီစီကို အပြေးအလွှား နားထောင်ရသည်။

8888-22-azဒေးပေါက် ကျောင်းကို ပြန်ရောက်သော အခါ ဆရာတော်က သူ့ ဒကာ၊ ဒကာမ တွေကို လုပ်စရာရှိတာ လုပ်ဖို့ တိုက်တွန်း တရား ဟောသည်။ လုပ်စရာရှိတာ လုပ်ဖို့ ဆိုသည် ကတော့ “သူများတွေ ဆန္ဒပြရင် နင်တို့လည်း လိုက်ပြကြ” ဟု ပြောခြင်း ဖြစ်ကြောင်း ဘေးက နားထောင် နေသော ကျနော် အဓိပ္ပာယ် ဖွင့်မိသည်။

ရန်ကုန်တွင်မူ ပစ်ကုန်၊ သတ်ကုန် ကြပြီဖြစ်၏။ ဦးစိန်လွင် အစိုးရ တက်လာပြီး လမ်းတွေလည်း ပိတ်ထားသည်။ ကျနော် ဆောက်တည်ရာ မရ ဖြစ်နေသည်။ ဆရာတော်ကြီး အလစ်တွင် ရွာထဲ၌ သပိတ်တိုက်ပွဲ စရန် တာစူနေသည့် အထက်တန်း ကျောင်းကို သွားကာ ကျနော် ကိုရင် အတုပါ၊ ရန်ကုန်က ကျောင်းသားပါဟု ၀န်ခံ၍ နိုင်ငံရေး တရားဟော ခဲ့သည်။ အဲဒီတုန်းက သင်္ကန်း ၀တ်ကြီးဖြင့် နိုင်ငံရေး တရားဟော နေသော ကျနော့်ကို ရွာသားများက မျက်လုံးပြူး ကြည့်နေကြသည်။ ပြောင်းဖူးဖက် အဖွာမပျက်ဘဲ ပြုံးပြုံးကြီး ကြည့်နေသူ ကတော့ ရေဒီယို လှူခဲ့သည့် ဦးလေးကြီး။ နောက်တော့ ရန်ကုန်ကို ပြန်ရန် ခရမ်းကို ပြန်တက်ဖို့ ပြင်ရသည်။

၈ လေးလုံးအရေးတော်ပုံကတော့ နေရာတိုင်းမှာ ပျံ့နှံ့နေပြီဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်