အလိုချင်ဆုံးက … တာရိုး

ယခုအချိန် အခါတွင် မည့်သည့်အရာကို အလိုချင်ဆုံး ဆန္ဒပြင်းပြ နေသလဲဟု တစုံတယောက်က မေးမြန်းလာခဲ့လျှင် သူတို့ရွာနှင့် ကိုက် ၃၀ ခန့်သာကွာဝေးသည့် ပင်လယ်မှ ဒီရေလှိုင်း မ၀င်လာနိုင်စေရန် တားမြစ်ပေးသည့် ဒီရေတား (သို့မဟုတ်) မုန်တိုင်းအန္တရာယ် ထပ်မံ ကျရောက်လာပါက အမြန်ဆုံးပြေးလွှား ခိုလှုံနိုင်မည့် မုန်တိုင်း ကာ အဆောက်အဦ (သို့) အသက်ကယ် တောင်ကုန်းတစ်ခုဟု ဦးမြကြည် အဖြေပေးလိမ့်မည်။

ထိုအရာများထဲမှ အရေးအကြီးဆုံး၊ အလိုအပ်ဆုံးကို ထပ်မံရွေးချယ်ရဦးမည်ဆိုလျှင် သူတို့ရွာသား အားလုံးနှင့် အလိုချင်ဆုံး ဆန္ဒတူညီသည့် ဒီရေတားကိုသာ မလွှဲမသွေ ရွေးချယ်မိပေလိမ့်မည်။

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကြုံဒတ်ကျေးရွာ အုပ်စုထဲတွင် ရှိသည့် သူတို့ရွာမှ လှမ်းကြည့်လျှင် ကပ္ပလီ ပင်လယ်ပြင်ကို အတိုင်းသားမြင်ရသည်။ တဘက်တွင်လည်း မြစ်တစင်း ရှိနေသေးသည်။

မြစ်နှင့်ပင်လယ်ကြားမှ ကုန်းမြေပြန့်ပေါ်တွင် အမြင့်ဆုံးအရာမှာ ကျေးရွာသောက်ရေကန် ဘောင်များသာ ဖြစ်သည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နှစ်ပတ်လည်ရန် ရက် အနည်းငယ်အလိုက မြန်မာနိုင်ငံ မြောက်ဘက်သို့ ဦးတည် နေပြီဆိုသော ဘစ်ဂျလိ မုန်တိုင်း ကြေညာချက်ကြောင့် အထုပ်အပိုးကိုယ်စီပြင်ဆင်ကာ ထိုရေကန် ဘောင် ခြေရင်းဆီသို့ အပြေးအလွှား ပုန်းခိုခဲ့ရသည်။ သူတို့က ရွာသို့မရောက်နိုင်သော မုန်တိုင်း ဆိုသည်ကို သိ နေသော်လည်း နာဂစ်မှရခဲ့သည့် အကြောက်တရားက ယခုထက်တိုင် ရှိနေဆဲဖြစ်သည်။

“မုန်တိုင်းကြေညာတာ တိကျသလို လူတွေကလည်း ၀ီရိယ လွန်နေကြတယ်။ မုန်တိုင်းဆိုတာနဲ့ ကိုယ့်ဘက် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြောက်တယ်။ အရင်တုန်းက မကြောက်ခဲ့ပေမယ့် အခု ကြောက်နေရပြီ”ဟု ရွာသားတစ်ဦးကပြောသည်။

မြို့ ပြတွင် မီးလန့်သကဲ့သို့ သူတို့ ဧရာဝတီဒေသတွင် ရေလန့်၊ လေလန့်မှုတွေ ခံစား တတ်လာကြသည်။ မြို့ပြတွင် မီးသတ်ဌာနကို အားကိုး၍ ရကောင်း ရနိုင်သော်လည်း သူတို့ ရွာသားများတွင် အားကိုးစရာမရှိ။ ရေလန့်မှုကို ဖြေရှင်းရန် ပြေးတက်စရာ မြေပြင်မို့မို့ပင် မရှိသလို လေလန့်မှုကိုဖြေရှင်းရန်လည်း မုန်တိုင်းကာ အဆောက်အအုံ မရှိပေ။

မိုးစပါး တမျိုးတည်းသာ စိုက်ပျိုး၍ ရသောသူတို့ရွာနှင့် ရွာနီးချုပ်စပ်တွင် လွန်ခဲ့သည့် တနှစ်က တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့် ရေတာတမံများ ပြိုပျက်ကာ လယ်ဧကများပျက် စီးခဲ့သည်။ ရေတာတမံများ မရှိတော့ သောကြောင့် ပင်လယ်မှ တိုက်ရိုက် ထိုးတက်လာမည့် လွန်းလှိုင်းများ နှင့် အတူပါလာမည့် ပင်လယ်သဲများ ဖုံးလွှမ်းကာ လယ်မြေဧကများ ဆုံးရှုံးနိုင်မှုကို အချိန်မီ ကာကွယ်ပေးနိုင်ရန် အရေးပေါ် လိုအပ်လျှက်ရှိနေသည်။

ရွာထဲတွင် အိမ်များ မည်မျှပင် ကောင်းနေစေကာမူ တာမရှိပါက အပို သက်သက်ပင် ဖြစ်မည်ဟု ဦးမြကြည် အပါအ၀င် သူတို့ရွာသားများ တညီတညွှတ်တည်း ပြောနေကြသည်။

ယခင်က သူတို့ရွာနှင့် ပင်လယ်ကြားတွင် ဒီရေတောကြီးတခု ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် နိုင်ငံ
တော်၏ လယ်ယာမြေတိုးချဲ့ခုတ်ထွင်ရေး စီမံချက်ကြောင့် ပင်လယ်နှင့်ရွာ တိုးလျှိုပေါက် ဖြစ်လာတော့သည်။ မည်သည့် အကာအရံမှမရှိ၊ မည်သည့်အတားအဆီးမှမရှိတော့ပေ။

ယခု အမိုးနည်းနည်းညိုလျှင် လေနည်းနည်းထန်လျှင် သူတို့ရွာသားများ၏ စိတ်တွင်ပင်လယ်မှ ထိုးဝင်လာမည့် ဒီရေလှိုင်းကို ကြောက်နေကြရသည်။

ရေကာတာ မရှိသည့်အတွက် မိုးရိပ်ညိုတိုင်း နောက်ကျောမလုံ ဖြစ်နေရသည်။ သူတို့ရွာနှင့် တခြား ရွာ ၃ ရွာကို ပင်လယ်ရေလှိုင်းဒဏ်မှ ကာကွယ်ပေးမည့် တာဘောင် အကွာအဝေးက ၂ မိုင်အရှည်မျှပင် မပြည့်တတ် သူတို့ရွာနှင့် ကုန်းမြေချင်း ဆက်စပ်နေသည့် ပင်လယ်နှင့်အနီးဆုံး ကျေးရွာတွင် ပုဂ္ဂလိက အလှူရှင်တဦး၏
လှူဒါန်းမှုကြောင့် မြေဖို့တာတမံ ဖာလုံအနည်းငယ် တည်ဆောက်လျှက်ရှိကြောင်းလည်း သူတို့သိရသည်။

“အဲဒီရွာက တာရှိလာတော့ ကျနော်တို့ ကျန်တဲ့ရွာတွေက ပိုဆိုးလာရတယ်။ ပင်လယ်ရေ ဒီဘက်ကို အလုံးလိုက် ၀င်ရောက် လာတော့မယ်” ဟု ဦးမြကြည်က ဆိုသည်။ “ဖြစ်နိုင်ရင် ဒီဘက် ကျန်တဲ့ ကမ်းတစ်လျှောက်ကို ဆက်ဆောက်ပေးရင် သိပ်ကောင်းမှာပဲ” ဟု တခြား ရွာခံတဦးက ဖြည့်စွက်ပြောသည်။

သူတို့ လိုချင်သည့် ရေတားတာကို အုတ်၊ အင်္ဂတေ ကောင်းကောင်းဖြင့် တည်ဆောက်ပေးသည်ထက် လယ်မြေမှ တူး၍ရသည့် မြေသားကို အောက်ခြေ ၂၅ပေ၊ အမြင့် ၄ ပေနှင့် ထိပ်ဝ ၈ ပေအကျယ် တာတခု တည်ဆောက် ပေးရန်သာ လိုချင်သည် ဟု ဦးမြကြည်တို့ ရွာသားများက ဆိုသည်။

“ဒီလောက်ဆိုရင် ကောင်ကောင်းခိုင်တဲ့ တာတစ်ခုဖြစ်ပါပြီ။ လှိုင်းရိုက်ရင် မပြိုနိုင်တော့ဘူး။ ပင်လယ်
သဲတွေက တာအောက်ခြေကို ဖို့ဖန်များလာရင် ကြာလာရင် သဘာဝတာကြီး ဖြစ်လာမှာပဲ။ တာတခုသာ ရမယ်ဆိုရင် ကျနော်တို့ ရွာသားတွေ ဆက်ပြီးထိန်းမှာပါ” ဟု ရွာသားတဦးက ပြောသည်

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့်  ၁ နှစ်ပြည့်ရန် ရက်အနည်းငယ်အလိုတွင် ဦးမြကြည်နှင့် သူတို့ ရွာသားများက အတိတ် နာဂစ်ကို ပြန်ပြောကြသည်။ သေဆုံးခဲ့သည့် မိသားစုဝင်များ၊ ဆွေမျိုး အပေါင်းအသင်း များကို သတိရနေကြသည်။ ပစ္စုပ္ပန်အခြေအနေကို သုံးသပ်ကြသည်။ အနာဂတ်တွင်ရောက်လာနိုင်သည့် သဘာဝဘေးဒဏ်အတွက် အိမ်မပီသသေးသော အဆောက်အဦ တခုထဲတွင် စုပေါင်းထိုင်ကာ တွေးတော ပူပန်နေကြသည်။

မကြာမီ မိုး စုပ်စုပ်ချုပ်တော့မည်။ အမှောင်ညနှင့်အတူ အိမ်နောက်က မြစ်ရေပြင်က တဖြည်းဖြည်း မြင့်တက်ကာ အိမ်အောက်မှ တံတားဘောင်လေးဆီသို့ ရိုက်ခတ်လာတော့မည်။

သူတို့ရွာသား များအတွက်ကား ရေတားတာ (သို့) မုန်တိုင်းကာအဆောက်အဦ (သို့) အသက်ကယ်တောင် ကုန်းတခု မရှိသရွေ့ မကြာမီရောက်လာတော့မည့် အမှောင်ညနှင့်အတူ သူတို့အနာဂတ်များ မှောင်မိုက် နေဦးမည် ဖြစ်သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်