ကျောင်းတွေဖွင့်လျှင် …

ဒီနှစ် ကျောင်းဖွင့်စောမည်ဟု လူကြီးတွေပြောသံ ကြားကတည်းက သံချောင်းတယောက် ပျော်နေမိသည်။ ခုတခါ ကျောင်းတက်ရလျှင်တော့ သူ ပထမတန်း ရောက်ပြီ ဖြစ်သည်။

နာဂစ်ကျေးဇူးကြောင့် သူကျောင်းတက်ခွင့် ရသည်ဟု ပြောတော့ သူနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော သူ့ ဘကြီး ဦးမောင်စိန်က မျက်မှောင် ကုတ်ကာ “ဟဲ့ကောင်လေး၊ သေချင်လို့လား၊ နင့်အဖေအမေ သေခဲ့ရတာ မေ့ပြီ လား”ဟု လှမ်းပြီး မာန်မဲသည်။

မည်သို့ပင်ဖြစ်စေ သူကတော့ နာဂစ်ကြောင့် ကျောင်းတက်ခွင့် ရခြင်းမှာ အမှန်ဖြစ်သည်။ နာဂစ် မတိုင်ခင်တုန်းက သားသမီး ၇ ယောက် ရှိသော သူ့မိဘတွေက သူ့ အသက် ၇ နှစ် ကျော်သည့်တိုင် ကျောင်း မထားနိုင်ခဲ့။ ကျောင်း တက်သွားကြသည့် သက်တူရွယ်တူ ကလေး များကို ငေးမော အားကျရင်း အဖေနှင့်အတူ သူတို့ ညီအစ်ကိုတွေ ရေထဲ ဆင်းကာ ငါးဖမ်းခဲ့ရသည်။ ပိုက်ချခဲ့ရသည်။

နာဂစ်မုန်တိုင်း တိုက်တော့ သူ့ဘ၀ တဆစ်ချိုး ပြောင်းလဲခဲ့သည်။ သူ့အဖေ အမေနှင့် သူ့မောင်နှမ ၅ ဦးလုံး မုန်တိုင်းထဲမှာ သေကုန်ကြပြီး သူနှင့် သူ့အထက် ၂ ယောက် မြောက် အစ်ကိုသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။

ပထမတုန်းကတော့ အမေနှင့်အဖေကို ညတိုင်း လွမ်းသည့်စိတ်၊ မောင်နှမတွေကို သတိရသည့် စိတ်ဖြင့် သူ့စိတ်ထဲ မပျော်ခဲ့၊ သတိရတိုင်း မျက်ရည်တွေက ကျကျလာခဲ့သည်။ သူနှင့် ကျန်ခဲ့သော အကိုကလည်း သူနှင့် အတူ
မျက်ရည် ကျနေသည့်အတွက် ညီအစ်ကိုချင်း ဘယ်လို အားပေးရမလဲ ဆိုတာလည်း မသိခဲ့။

သိပ်မကြာခင်မှာ သူတို့ တာပေါ်လင်အမိုး အိမ်ကလေးနှင့် နေရပြီး သူတို့ညီအစ်ကို နှစ်ယောက် ကျောင်းတက်ရမည်ဟု သူ့ဘကြီးက လာပြောတော့မှ သူ့စိတ်ထဲ ပျော်သွားခဲ့သည်။ ကျောင်းတက်ရမည့် နေ့ကို နေ့တိုင်း မျှော်နေခဲ့ကြောင်း မောင်သံချောင်းက ပြောသည်။

နောက်တော့ နာဂစ်ကူညီထောက်ပံ့ရေးလာကြသော အဖွဲ့များက သူတို့အတွက် စာအုပ်တွေ၊ ခဲတံတွေ ယူလာ ပေးတော့ သူ့မှာ တသက်နှင့်တကိုယ် တခါမှ မကိုင်ခဲ့ဘူးသော ကျောပိုးအိတ် အသစ်ကလေးကို ပွေ့ဖက် ထား ရင်း၊ စက္ကူဖြူလေးတွေ အများကြီး ပါသော စာအုပ်များကို ကိုင်ထားရင်း ပျော်မြူး နေခဲ့သည်။

“ကျောင်းတက်တဲ့ နေ့က သား ရင်တွေတောင် တဒိန်းဒိန်း ခုန်တယ်၊ အဲသလိုပဲ အဖေနဲ့ အမေကို စာအုပ်တွေ ပြချင်လို့ ငိုချင်တယ်၊ အစ်ကို ကျောက်ပဲကလည်း  သူရတဲ့ ကျောပိုးအိတ်ကို ကိုင်ပြီး အမေ့ကို သတိရလို့ ဆိုပြီး ငိုတော့ သားလည်း လိုက်ငိုရတာပဲ” ဟု သူက ကျောင်း စတက်သည့် ရက်များအတွင်း ခံစားချက်ကို ပြောပြခဲ့သည်။

နာဂစ်ဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် သံချောင်းနှင့် ကျောက်ပဲ တို့လိုပင် မုန်တိုင်း တိုက်ခတ်ပြီးမှ ကျောင်းတက်ခွင့် ရခဲ့သော ကလေးငယ်များ အများအပြား ရှိသည်။

အများစုက UNICEF, Save the Children,Adra, မွန်မြတ် ကရုဏာဖောင်ဒေးရှင်း၊ သီတဂူ ဆရာတော်ကြီး အဖွဲ့၊ မွတ်စလင်များအဖွဲ့ စသည့် အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များ၏ အထောက်အပံ့များကြောင့် ကျောင်းတက်ခွင့် ရကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မိန်းကလေး တဦးကလည်း သိမ်ကြီးဈေးမှ အလှူရှင် တဦးက သူ့ကို ကျောင်းထားပေးသောကြောင့် ယခု ကျောင်းဆက်တက် နေရပြီ ဖြစ်ကြောင်း ပြောပြသည်။

“သမီးက ၄ တန်းအောင်တော့ အိမ်က အမေက ကျောင်း ဆက်မထားတော့ဘူး၊ အိမ်က အလုပ်တွေပဲ ၀ိုင်းကူရတယ်၊ အခုတော့ ရန်ကုန်က စေတနာရှင် အန်တီက ကျောင်း ဆက်ထားပေးတော့ အခု ကျောင်းကြီးမှာ သွားတက်ရတယ်၊ ဒီနှစ် ကျောင်းဖွင့်ရင် ခြောက်တန်းရောက်ပြီ” ဟု အထက်ပါ မိန်းကလေးက ပြောပြသည်။  

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၊ ကန်ဆိတ်အုပ်စုမှ ကျေးရွာ တရွာတွင် နေထိုင်သူ ဖခင် တဦးကလည်း ယခင်တုန်း က သားနှင့်သမီးဖြစ်သူကို ကျောင်းစရိတ် မတတ်နိုင်သောကြောင့် ကျောင်း မထားနိုင်ခဲ့ကြောင်း၊ ယခုအခါ သူတို့ ရွာမှ ကျောင်းကို မွတ်စလင် အဖွဲ့တဖွဲ့က ပြင်ပေးပြီး၊ ကျောင်း မနေရသော ကလေးများ၏ အမည် စာရင်းကို ကောက်ယူကာ ကျောင်းစရိတ် ရာသက်ပန် ထောက်ပံ့သောကြောင့် ကလေး နှစ်ယောက်စလုံးကို ကျောင်း ထားနိုင်ပြီဖြစ်ကြောင်း ပြောပြသည်။

“အဲဒီအဖွဲ့က မွတ်စလင်တွေချည်းပဲ၊ ကျနော်တို့ ရွာမှာ မွတ်စလင် မရှိပေမယ့် သူတို့က ဘယ်ဘာသာမဆို ကျောင်း ထားပေးမယ် ဆိုလို့ ကျောင်း မနေရသေးတဲ့ ကလေးတွေ နာမည်စာရင်း ပေးလိုက်တာ ချက်ခြင်းပဲ ယာယီကျောင်း အမြန် လာဆောက်ပေးတယ်၊ ကလေးတွေ အတွက်လည်း စာအုပ်တွေ ခဲတံတွေ အပြည့် အစုံ လာထားပေးသွားတာ၊ ဆရာမကိုလည်း တလ သုံးသောင်း ပေးထားပေးတယ်” ဟု သူက ပြောပြသည်။

ထို့ပြင် ယခုအခါ ယာယီကျောင်းအစား ကျောင်းသား ၁၀၀ ကျော် ဆံ့သော စာသင်ကျောင်း အသစ်ကို အဆိုပါ မွတ်စလင်အဖွဲ့က ဆောက်လုပ် လှူဒါန်းပေးခဲ့ပြီး ၂၀၀၉-၂၀၁၀ စာသင်နှစ် အတွက် စာအုပ် စာတမ်းများကို ကျောင်းဖွင့်ချိန်အမီ လာရောက် လှူဒါန်းမည်ဟု အကြောင်းကြားထားကြောင်း သိရှိရသည်။

“ပြိုသွားတဲ့ ကျောင်းကိုလည်း ယူနီဆက်က ယာယီကျောင်း ပြန်ဆောက်ပေးတယ်၊ နောက် စာအုပ်ခဲတံ၊ ကျောပိုးအိတ်တို့လည်း လှူတယ်၊ ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းမတက်နိုင်တဲ့ ကလေး အားလုံးကိုလည်း  ကျောင်း တက်ခိုင်းတယ်၊ ကျောင်းတက်ဖို့ စီစဉ်ပေးတယ်”ဟု ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ပုလဲ ရပ်ကွက်မှ မူလတန်းပြ ဆရာမ တဦးက ပြောသည်။

ထိုသို့ပင် သီတဂူ ဆရာတော်နှင့်အဖွဲ့၊ တသီးပုဂ္ဂလ စေတနာရှင်များအဖွဲ့ အပါအ၀င်၊ အမည် မဖော်လိုသူ စေတနာ ရှင်များအဖွဲ့တို့ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်နှင့် ဘိုကလေး ခရိုင်အတွင်း ပျက်သွားသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တချို့အား ယာယီကျောင်းများ အဖြစ်မှ ကျောင်းဆောင် အသစ်များ အဖြစ် ဆောက်လုပ် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

နာဂစ်မုန်တိုင်းကြောင့် အခြေခံပညာ ကျောင်း ပေါင်း ၄၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၁၅၈၄ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း နာဂစ်အလွန် ပူးတွဲလေ့လာမှု အစီရင်ခံစာအရ သိရှိရသည်။

မုန်တိုင်းဒဏ်သင့် ဒေသများမှ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှာ အစိုးရ၏ စာရင်းထဲတွင် မပါဝင်ခဲ့သောကြောင့် ယူနီဆက် အပါအ၀င် အခြားသော အိုင်အန်ဂျီအိုများ၏ ထောက်ပံ့ ကူညီရေး အစီအစဉ်တွင်လည်း ပါဝင်ခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ ကျောင်းက ကိုယ်ထူကိုယ်ထ ကျောင်းဆိုတော့ ပျက်သွားတော့ ပြင်ပေးမယ့်သူ မရှိဘူး၊ ယူနီဆက်ကို ပြောတော့ သူတို့ကို အစိုးရပေးတဲ့ စာရင်းထဲမှာ မပါလို့ ပြင်ပေးလို့မရဘူးလို့ ပြောတယ်၊ စေတနာရှင် အဖွဲ့ တဖွဲ့ ကတော့ ယာယီကျောင်း လာဆောက်ပေးတယ်၊ လောလောဆယ် အချိန်ထိ ကျောင်းဆောင်သစ် ဆောက်ဖို့ အခက် အခဲ ရှိနေသေးတယ်” ဟု ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှ ကျေးရွာ ဥက္ကဌ တဦးက ဆိုသည်။

အဆိုပါ ကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသားပေါင်း ၁၁၇ ဦးခန့် ရှိသည်ဟု သိရသည်။ ထိုကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ရှိကာ၊ ထိုကျောင်းအတွက် ဆရာမကို တလ လစာငွေ ကျပ် ၃ သောင်းဖြင့် ဒေးဒရဲမြို့ပေါ်မှ သွားရောက် ငှားရမ်းရခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။

“ကျနော်တို့ ရွာမှာ အစိုးရကျောင်း လုံးဝ မရှိဘူး၊ ဒီကနေ ကျောင်းတက်ချင်တဲ့ ကလေးတွေက လှေနဲ့သွားရင် ၂ နာရီ ၃ နာရီလောက် ကြာအောင် သွားရတဲ့ တဖက်ရွာကို သွားတက်ကြရတာ၊ အဲဒါ ရွာက ဘုန်းကြီးနဲ့ လူကြီးတွေ ပေါင်းပြီး ရွာမှာ ကျောင်းတကျောင်း ရှိအောင်ဆိုပြီး ကိုယ်ထူ ကိုယ်ထ လုပ်ကြတယ်၊ ဆရာမလည်း မြို့တက်ပြီး ငှားကြတယ်၊ အဲလို ခက်ခက် ခဲခဲ လုပ်လာတဲ့ကျောင်းက နာဂစ် ထိသွားတော့ ပြိုသွားတယ်” ဟု သူက ဆိုသည်။

အဆိုပါ ကျောင်းမှာ အစိုးရကျောင်း မဟုတ်သောကြောင့် ယူနီဆက် အပါအ၀င်၊ အခြား အိုင်အန်ဂျီအို အဖွဲ့အစည်းများက ထောက့်ပံ့ကြသော ကျောင်းသုံး ပစ္စည်းများ၊ စာရေး ကိရိယာများ စသည့် ထောက်ပံ့ရေးပစ္စည်းများ တခုမှ မရရှိကြောင်း သူက ပြောဆိုသည်။

ထိုကျောင်းကဲ့သို့ပင် ဘိုကလေးမြို့နယ် အတွင်းမှ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်းကိုလည်း ရန်ကုန် မြို့မှ အမည် မဖော်လိုသူ လူငယ် အဖွဲ့အစည်းတခုက ယာယီကျောင်း ဆောက်လုပ်ပေးခဲ့သည်၊ သို့သော်လည်း အမြဲတမ်း ကျောင်းဆောင်သစ် ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ အလှူရှင်များ ရှာဖွေရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဥက္ကဌက ပြောဆိုသည်။

လက်ရှိ အခြေအနေတွင် မုန်တိုင်းထိ ဒေသများမှ ကျောင်းအများစုမှာ ယာယီ စာသင်ကျောင်းများ ဖြစ်ပြီး အနည်းစုသာလျှင် ကျောင်းဆောင်သစ် ဆောက်လုပ် ပြီးစီးသည်ကို တွေ့မြင်ရသည်။

“ကျနော်တို့ ရွာက ကျောင်းကို ထူး (ကုမ္ပဏီ) က လာဆောက်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ခုချိန်ထိ ကျောင်းဆောင်သစ် လာဆောက်ဖို့ မပြောနဲ့ ပန္နက် ရိုက်တာမျိုးတောင် မရှိသေးတော့ ဒီနှစ် ကျောင်းဖွင့်ရင် ကလေးတွေကို လက်ရှိ ထားနေတဲ့ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင်မှာပဲ ဆက်ပြီး စာသင်ခိုင်းရမယ့် အနေအထား ဖြစ်နေတယ်” ဟု ဘိုကလေးမြို့နယ် ကျေးရွာတရွာမှ ရွာသားတဦးက ပြောဆိုသည်။

ဘိုကလေး မြို့နယ်တွင် အစိုးရကျောင်း ၅၄ ကျောင်းကို ထူးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပေးမည်ဟု ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြထားသော်လည်း လက်ရှိ အခြေအနေအရ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် စီစဉ်ထားခြင်း၊ မြေနေရာ ချထားခြင်း မရှိသေးပေ။

“အဲဒီလိုပဲ ဂျာနယ်တွေမှာတော့ အိမ် ဆောက်ပေးမယ်၊ ကျောင်း ဆောက်ပေးမယ် လို့ ပြောကြတာပဲ၊ တကယ် ဟုတ် မဟုတ်ဆိုတာ ကျနော်တို့ဆီမှာ လာကြည့်တဲ့ သူပဲ သိတယ်။ လူအများက ကျနော်တို့တွေ အိမ်တွေရပြီ၊ ထွန်စက် တွေရပြီ လို့ ထင်ကြတာ၊ တကယ် မရဘူးဆိုတာ ခုလို လာကြည့်တဲ့သူပဲ သိပါတယ်” ဟု အထက်ပါ ဘိုကလေး ဒေသခံက ပြောဆိုသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်