မလှနိုင်တော့သည့် မိန်းမလှကျွန်း

လွန်ခဲ့သော ၁၀ နှစ်ခန့်က သစ်ရိပ်ဝါးရိပ်တို့ဖြင့် စိုပြေ စိမ်းလန်းခဲ့သော မိန်းမလှကျွန်းသည် ယခုတော့ ပြောင်းလဲခဲ့ပြီ။
 
စိုပြေခြင်းကင်းမဲ့ကာ အိုစာသော မိန်းမတယောက်၏ အသွင်သဏ္ဍန် ဖြစ်လျှက်ရှိသော မိန်းမလှကျွန်းသည် မှတ်မိ နိုင်ဖွယ်မရှိပေ။ မီးလောင်ထားသော ဒီရေတောများ၊ ပြိုလဲ ပျက်စီးခဲ့သောကြောင့် တ၀က်တပျက်သာ ကျန်တော့ သော သစ်ပင်များနှင့် ရုပ်ပျက်ဆင်းပျက်ရှိလှပေသည်။
 
ကနစို၊ လမု၊ ကဗလာ၊ မဒမ၊ ဗျူး၊ သင်ပေါင်းစသည်ဖြင့် အပင်မျိုးစုံပေါက်ရောက်သော ထိုတောသို့ ယခင် ရောက် စဉ်က တောကြီးကိုကြည့်ရသည်မှာ ဘယ်နည်းနှင့်မှ ကုန်နိုင်စရာမရှိဟု ထင်စရာ ကြားကွက်လပ်နေရာဟူ၍ မရှိ လောက်အောင် သစ်ပင်မျိုးစုံပေါက်ရောက်နေခဲ့သော တောဖြစ်သည်။
 
ကနစို၊ဗျူး ကဲ့သို့သော အပင်ကြီးများက မော်ကြည့်လျှင် ကောင်းကင်ကို မတွေ့နိုင်အောင်ပင် မိုးထားသည်မှာ အိမ်တအိမ်ထဲရောက်နေသလိုပင်။ ထို့ပြင် လမု၊မဒမ ၊သင်ပေါင်းစသောအပင်တို့မှာလည်းအောက်ပိုင်းတွင် ထူထပ်စွာပေါက်နေခဲ့ပြီး ချုံနွယ်ပိတ်ပေါင်းတို့က မွေ့ရာသဖွယ် ဖြစ်နေသည်အထိ တောကြီးပြီး ဒီရေတောများ ပေါများခဲ့သော မိန်းမလှကျွန်းဖြစ်သည်။
 
ထိုတောသည်ဘေးမဲ့တောဟု ဆိုသော်လည်း ထိုတောမှ မဒမတိုင်များ၊ အခြားသစ်ပင်များကို ထင်းအဖြစ် ခိုးခုတ် ကြသူများလည်းရှိသည်။ ဘိုကလေး မီးသွေးကဲ့သို့ နာမည်ကြီး မီးသွေးများရရှိရန် မိန်းမလှကျွန်းမှ သစ်ပင်များ သာ မက၊  ကျွန်းညိုကြီးမှ သစ်ပင်တို့ကိုလည်း ထိုကဲ့သို့ပင် ခိုးခုတ်ခဲ့ကြကာ မီးသွေဖိုများဆီသို့ လှေများဖြင့် အခေါက် ခေါက်အခါခါ သယ်ပို့ခဲ့ကြသည်။ သို့သော်လည်း ခိုးခုတ်သော ပမာဏသည် ပေါများစွာ ပေါက်ရောက် လျက်ရှိ သော ပမာဏနှင့် နှိုင်းယှဉ်ပါက နည်းပါးလှသည့်အတွက် တောသည် မပျက်စီးခဲ့ရပါ။

သို့သော် ထိုကျွန်းနှင့်အနီးပတ်ဝန်းကျင်မှ သဘာဝ သယံဇာတ ပေါးများသော ဒီရေတောများအား မွေးမြူရေး လုပ်ငန်း ရှင်များက မျက်စိကျခဲ့သည့်အတွက်၂၀၀၀ ခုနှစ်မှစပြီး ဒီရေတောများကို ခုတ်ပစ်ကာထိုနေရာတွင် ပုစွန်မွေးမြူရေးကန်များပြုလုပ်ခဲ့ကြသည်။ မွေးမြူရေး လုပ်ငန်းရှင်များ သောက်သောက်လဲ မြတ်ခဲ့ကြသည်မှာ စံတင်နိုင်ခဲ့ကြောင်း ယုဇန ပုစွန်မွေးမြူရေး စခန်း တာဝန်ခံတဦး၏ ပြောပြချက်အရ သိခဲ့ရသည်။

မိန်းမလှကျွန်းအနီးတ၀ိုက်မှ ဒီရေတောများအားလုံးနီးပါး ပုစွန်ကန်တွေ ဖြစ်ခဲ့သော်လည်း မိန်းမလှကျွန်းသည် ဘေးမဲ့တော ဖြစ်သောကြောင့် ထိုဘေးရန်မှ ကင်းလွတ်ခွင့်ရခဲ့သည်။ ထို့ကြောင့် ဒေသခံများအတွက် စီးပွားဖြစ် စေခဲ့ သလို၊  ဒီရေတောသည် ဒီရေနှင့် ဆားငန်ရေ တိုပ၏ ဒဏ်မှ ကာကွယ်ပေးနိုင်သလို၊ မိကျောင်းများ၊ မျောက် များ၊ ဆတ်များ၊ ငှက်များ၊ ရှဉ့်များ စသော သက်ရှိ သတ္တ၀ါများ၏ မှီခိုရာလည်း ဖြစ်ခဲ့သည်။
 
ထို့ပြင် ထိုကျွန်းပေါ်တွင် မျောက်တရာ ဘုရားနှင့် နတ်ကွန်းများရှိသောကြောင့် ဒေသခံများမှာ နတ်ကြီးသော၊ အမှား မလုပ်ဝံ့သော၊ ဆုတောင်း တိုင်တည်လို့ရသော ကျွန်းတကျွန်းအဖြစ်လည်း အလေးထားခဲ့ကြသည်ကို  တွေ့မြင်ခဲ့ရသည်။
 
“ဒီကျွန်းပေါ်တက်လာတဲ့သူတွေက သားကြီး၊ ငါးကြီး သယ်မလာကြဘူး၊ ခြေလေးချောင်းသား မစားကြဘူး၊ နောက် ကျွန်းပိုင်တောင်ပိုင်တွေကို မရိုသေတဲ့ စကားမျိုးလည်း မပြောဖူးကြဘူး၊ ဒီဒေသက လူတွေအားလုံး စည်းထားကြတယ်၊ ရသမျှ သစ်ကို အကုန်မခုတ်ဘူး၊ သူတို့ ပြောစကားအရတော့ နတ်ပေးသလောက်ပဲ ယူ တယ်လို့ ပြောတာပေါ့”ဟု အဆိုပါ ကျွန်းပေါ်မှ တာဝန်ကျ သစ်တောဝန်ထမ်းတဦးက ပြောပြသည်။
 
ဒေသခံတို့၏ အယူအဆအရ လောဘကြီးသူ၊ ကျွန်းပိုင်ကို မယုံကြည်သူများ မိကျောင်းဆွဲခံရသည်ဟု ယုံကြည် ထားကြသောကြောင့် တော်ရုံသစ်ခုတ်သမားများသည် အမှားအယွင်းမရှိအောင်နေကြသည်။ အပေါ့့အလေး သွားသော ကိစ္စကိုပင် မလုပ်ကြဟု သိရသည်။
 
ထို့ကြောင့် သစ်ခုတ်နေစဉ် မိကျောင်းများတွေ့သော်လည်း ဘေးမဖြစ်ခဲ့ကြသလို မိကျောင်းများကလည်း အန္တရာယ်မပြုဘဲ နေထိုင်ခဲ့ကြကြောင်း ပြောဆိုကြသူများလည်းရှိသည်။
 
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် မြစ်ဘေး၊ ချောင်းဘေးတွင် ရှိသော ကျေးရွာများအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး လူအမြောက်အများ သေကြေပျောက်ဆုံးစေခဲ့သော်လည်း ထို မိန်းမလှ ကျွန်းပေါ်တွင် ရှိသော သက်ရှိများကိုမူ မဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
 
“အဲဒီညက ကျနော်တို့ လင်မယားက မိန်းမလှကျွန်းထဲသွားပြီး ထင်းခိုးခုတ်နေလို့ အသက်ရှင်ခဲ့တာ၊ ဒီရေ တော တွေနဲ့ သစ်ပင်ကြီးတွေရှိတယ်၊ မုန်တိုင်းဒဏ်ကို ခံရပေမယ့် လူသေလောက်အောင်တော့ မဟုတ်ခဲ့ဘူးပေါ့၊ ကျနော် တို့ တင်မကဘူး အဲဒီနေ့ မိန်းမလှကျွန်းရောက်နေတဲ့သူ တွေ တယောက်မှ မသေဘူး၊ အံသြစရာပဲ” ဟု လမုအုပ်လေးကျေးရွာမှ ရွာသားတဦးက ပြောသည်။
 
ဒီရေတောအုပ်ကြီးကြောင့် ကျွန်းပေါ်မှာ သစ်ခိုးခုတ်နေသူများသည် အသက်ရှင်ခဲ့ရသည်၊ ထိုကျွန်းပေါ်မှ အပင် ကြီးများသည်သာ ပျက်စီးနေသည်ကို တွေ့မြင်ရပြီး ဒီရေတာပင်ငယ်များမှာမူ အပျက်အစီးမရှိခဲ့ဟု အဆိုပါ ရွာသားက ဆိုသည်။
 
“ဒီရေတော ခြုံတွေက အဲဒီတုန်းက မပျက်စီးဘူး၊ ဘာမှ မဖြစ်ဘူး၊ ဒါပေမယ့် အဲဒီခြုံပေါ်တွေမှာ လူသေကောင် တွေ ချိတ်နေတာ၊ အနားက ရွာတွေက သေသမျှ လူတွေ အားလုံးက ဒီရေတောပေါ်ကို လာစု ပြုံနေကြတာ ဆို တော့ စစ်တပ်က မီးသေနတ်တွေနဲ့ အဲဒီအလောင်းတွေကို ပစ်တော့ အလောင်းတွေရော သစ်ပင်တွေရော မီးလောင်ပြီး ကျွန်းက ခုလို မီးလောင်ရာတွေ နဲ့ ကျွန်းဖြစ်သွားတာ”ဟု နာဂစ်မုန်တိုင်းအပြီး ၁၀ ရက်ခန့်အကြာ စစ်တပ်မှ fire gun များနှင့် အလောင်းများကို ပစ်ပြီး မီးရှို့ဖျက်ဆီးသည်ကို တွေ့မြင်ခဲ့ရသော ပဒဲကော ရွာသား တဦးက ပြောပြသည်။
 
သစ်ပင်များစွာတို့သည် မီးလောင်သည့် ဒဏ်ကြောင့် ယခုအခါ လယ်ကွင်းထဲ မီးရှို့ပြီး မြင်ကွင်းကဲ့သို့ ဖြစ်နေသည် ကို တွေ့ခဲ့ရပြီး ယခင်က  ထိုတောအတွင်း အမြောက်အများ နေထိုင်ခဲ့ကြသော မိကျောင်းများ၊ မျောက်များ၊ ဆတ် များ၊ ငှက်များ၊ ရှဥ့်များ စသော သတ္တ၀ါများသည်လည်း မည်သို့ဖြစ်ကုန်ကြပြီလဲ မသိတော့ချေ။ အနီးပတ် ၀န်းကျင်မှာပင် ရှိနေသည်ကို မတွေ့ခဲ့ရ။
 
“မိကျောင်းတွေလည်း ပြောင်းကုန်တယ်လို့ကြားတယ်၊ နာဂစ်တုန်းက လူသေကောင်တွေကို စားခဲ့ရတော့ ခုဆို လူသားစားတဲ့ကောင်တွေဖြစ်ကုန်ပြီ၊ ကျနော်တို့ရွာက မောင်သန်းက  ဆစ်စလောင်းချောင်းမှာ ပိုက်ချနေတာ အဲဒါ သူ့ကို မိကျောင်း ၀င်ဆွဲသွားတယ်၊ ပြီးတော့ ငယ်သူ ရွာက ကလေးတယောက်ကလည်း လှေပဲ့မှာ သူ့ဟာသူ ထိုင်နေတာကို မိကျောင်းက အမြီးနဲ့ပုတ်ချလိုက်ပြီး ရေထဲဆွဲတာ၊ ခုထိ ရွာမှာ ပြောလို့ကို မဆုံးတော့ဘူး တလော အဲလိုတွေ ကြားရတော့ ရွာသားတွေ ကြောက်နေကြတယ်”ဟု မိန်းမလှကျွန်းနှင့် ၁ နာရီကျော်ကျော်စက်လှေနှင့် သွားရသော ဆစ်စလောင်းကျေးရွာမှ ရွာသားတဦးက ပြောသည်။
 
မိန်းမလှကျွန်းပေါ်တွင် မိကျောင်းမွေးမြူရေးစခန်းရှိပြီး အနီးတ၀ိုက်တွင် ဘေးမဲ့ပေးထားသော မိကျောင်း တထောင် ၀န်းကျင်ခန့်ရှိကြောင်း မိန်းမလှကျွန်းမှ သစ်တော ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရ သည်။
 
“ဟိုးအရင်က ဒီကျွန်းနားကိုလာပြီး သစ်ခုတ်တဲ့သူတွေကို ဆွဲတာမျိုးဆိုတာတောင် တော်တော်ရှားတယ်၊အဆွဲခံရ ရင်လည်း ဒီက လူတွေက နတ်ရိုက်တာပဲလို့ ပြောကြတယ်၊ မိကျောင်းကို ဘယ်သူကမှ အပစ်မတင်ကြဘူး၊ နာဂစ် ပြီးစတုန်းကတော့ မိကျောင်းဆွဲတယ်ဆိုတာ မကြားသေးဘူး၊ နောက်ပိုင်းမှ ဟိုကနေ ကြားရ၊ ဒီကနေ ကြားရ ဖြစ် လာ တာ၊ ကျနော်တို့ မျက်မြင်မဟုတ်တော့ သေချာမပြောနိုင်ဘူး” ဟု အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။
 
ယခုအခါ ထိုကျွန်းအနီးတ၀ိုက်တွင်နေထိုင်ကြသူများမှာ ရေထဲ ပိုက်ဆင်းချလျှင်အုပ်စုလိုက်သွားလာကြသည် အထိ မိကျောင်းရန်ကို ကြောက်နေရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီရေတောတွေရှိရင် ဘယ်လိုမုန်တိုင်းမျိုးလာလာ မြစ်ဝကျွန်းပေါ်ဒေသတွေက ပူစရာမလိုဘူး၊ ခုလို လူတွေ သိန်းနဲ့ ချီပြီး သေကုန်တယ်ဆိုတာ ဒီရေတောတွေ ပြုန်းတီးကုန်လို့၊ အဲဒါကို သတိပြုသင့်တယ်၊ အဲဒီဒေသမှာ ပုစွန်ကန်တွေ ချပေးတာမျိုးမလုပ်သင့်ဘူး၊ အစိုးရအနေနဲ့ ဒေသခံတွေအတွက် ထည့်စဉ်းစားပေးရမယ်”ဟု ရန်ကုန်မြို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တဦးက သုံးသပ်သည်။
 
အဆိုပါ ပညာရှင်က ၂၀၀၆ ခုနှစ်က စပြီး ရာသီဥတု သိသာစွာ ပြောင်းလဲလာခဲ့ခြင်းသည် သစ်တော ပြုန်းတီးမှု များကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခင် ၁၉၉၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သစ်တော ပြုံးတီးမှုမှာ ပိုမို များပြားလာကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုများဖြစ်လာခြင်းဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ် တွင် လေဆင်နှာမောင်းတိုက်ခတ်မှုမှာ တနိုင်ငံလုံးအတိုင်းအတာအရ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး၂၀၀၇ ခုနှစ်တွင်လေ ဆင် နှာမောင်းတိုက်ခတ်မှုမှာ ၁၆ကြိမ်ဖြစ်ခဲ့ပြီး မိုးကြိုးပစ်၍ သေဆုံးခဲ့သူ လူပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ ၂၀၀၈ ခုနှစ်တွင်လည်း မုန်တိုင်းပြင်းပြင်းထန်ထန်ဝင်ရောက်ခြင်း ဖြစ်ပွားခဲ့ကြောင်း စသည့် ရာသီဥတုဖောက်ပြန်ခြင်း၏ အဓိက အကြောင်းရင်းမှာ သစ်ပင်သစ်တော ပြုံးတီးခြင်းကသာ အဓိက ဖြစ်ကြောင်း၊ ယခု အလွန်အမင်းပူပြင်း နေခြင်းမှာလည်း နာဂစ်ကြောင့် သစ်တောသစ်ပင်များ ပျက်စီးသွားခြင်းကြောင့်ဖြစ်ကြောင်း သူက ပြောဆိုသည်။
 
နာဂစ်မုန်တိုင်းကြောင့် ဒီရေတော ဟတ်တာ ၃၇၈၀၀ ကျော်ပျက်စီးခဲ့ပြီး သဘာဝ သစ်တော ၁၆၁၈၀၀ ဟတ်တာ ပျက်စီးခဲ့ကြောင်း Post Nargis Joint Assessment PONJA တွင် ထုတ်ပြန်ကြေညာထားသည်။
 
ယခုအခါ မုန်တိုင်းသင့် ဧရာဝတီတိုင်းတွင် ဒီရေတော ဟတ်တာ ၇၅၀  ထပ်မံစိုက်ပျိုးရန် အစီစဉ်ရှိကြောင်း၊၂၀၀၉ ခုနှစ်တွင် စတင်စိုက်ပျိုးသည့် ငါးနှစ်တာ စီမံကိန်းဖြစ်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့(Freda) ၏ တာဝန်ရှိသူ တဦးထံမှ သိရှိရသည်။
 
ထို့ပြင် နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း ငါးမြို့နယ်တွင်းရှိ ပျက်စီးသွားသော သီးပင်များအား ယူအန်ဒီပီ က ကွမ်းပင်၊ အုန်းပင် သုံးသောင်းကျော် စိုက်ပျိုးပေးမည် ဟုကြားသိရသည်။

“အုန်းပင်ပေါင်း ၇ သောင်းကနေ ၁ သိန်း ၀န်းကျင်ကြားမှာ ပျက်စီးသွားခဲ့တယ်လို့ စာရင်းကောက်လို့ရတယ်၊ ကျနော်တို့ ပင်ရေ ၃ သောင်းဆိုတာ ပျက်စီးသွားတဲ့ ပမာဏနဲ့ စာရင်တော့နည်းပါတယ်”ဟု အဆိုပါ ယူအန်ဒီပီမှ ၀န်ထမ်းတဦးက ပြောပြသည်။

လက်ရှိအခြေအနေတွင်မူ ပျက်စီးခဲ့သော ဒီရေတောများ၊ သီးပင်များကို ပြန်လည်အစားထိုး စိုက်ပျိုးရန် စီစဉ် လျက်ရှိသော်လည်း အစိုးရအနေနှင့် စိတ်ဝင်စားပုံမရကြောင်း အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။
 
ဒေသခံများကမူ နာဂစ်မုန်တိုင်းကြောင့် ဒီရေတောများပေါ်တွင်ထားရှိသော သဘောထားများပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုကြပြီ။ ထို့ပြင် နာဂစ်ကြောင့် ပြောင်းလဲမှုတွင် ဒေသခံတို့၏ အလုပ်အကိုင်တချို့လည်း ပြောင်းလဲသွားခဲ့သည်ကို တွေ့မြင်ရသည်။
 
“နာဂစ်မတိုင်ခင်က ဘိုကလေးမြို့ပေါ်ကို ထင်းပို့တဲ့အလုပ်ကိုပဲ လုပ်ခဲ့တာ၊ နာဂစ်တိုက်တော့ကျနော်က မိန်းမလှ ကျွန်းပေါ်မှာပဲ သစ်ခိုးခုတ်နေလို့ အသက်ရှင်ကျန်ခဲ့တာ၊ ဒီအပင်တွေကြောင့် ကျနော်အသက်ရှင်ခဲ့ရတယ် ဆိုတာ ကိုသိပြီ၊ နောက် ဒီကို ကယ်ဆယ်ရေးလာတဲ့သူတွေကလည်း ဒီရေတောတွေ အကြောင်းပြောပြတော့ ကျနော် သစ် ခုတ်တဲ့အလုပ်မလုပ်ချင်လောက်အောင် စိတ်ပြောင်းသွားတယ်၊ အဲဒါ အခုကျနော် ရေလုပ်ငန်းပဲ ပြန်လုပ် နေတယ်”ဟု လမုအုပ်လေး ရွာသားက ပြောသည်။  
 
သူအပါအ၀င်အခြားသောထင်းခုတ်သမား တချို့တို့လည်း ဒီရေတောမှ မဒမတိုင် ဘယ်လောက်ဈေး ကောင်း ကောင်း မခုတ်ရန် စိတ်ပိုင်းဖြတ်ထားကြကြောင်း။ ထို့ပြင် ဒီရေတော ပြန်လာစိုက်မည်ဟု ဆိုခဲ့သော အဖွဲ့များကို လည်း ကူညီပြီး စိုက်ပျိုးပေးမည်ဖြစ်ကြောင်း၊ ဒီရေတောကို မိန်းမလှကျွန်းတကျွန်းတည်းတွင်သာမက သူတို့ ကျေးရွာပတ်ဝန်းကျင်များတွင်ပါ စိုက်ပျိုးပေးပါဟု တောင်းဆိုလိုကြောင်းပြောပြသည်။
 
“ကျနော်တို့ရွာဘေးက ပုစွန်မွေးမြူရေးကန်တွေဆိုတော့ မုန်တိုင်းလာတော့ ပြေးစရာ မြေလုံးဝမရှိဘူး၊ ဒီအတိုင်း သေကြရတာ၊ ဒီရေတောတွေသာ ရှိခဲ့ရင် ခုလို ရွာကလူတွေ သေကြရမှာ မဟုတ်ဘူးဆိုတာ သိလာတော့ ဒီရေ တော စိုက်မယ်ဆိုရင် လာပါ၊ ကျနော်တို့ရွာသားတွေ အားလုံး တတ်နိုင်သမျှ ကူညီပေးဖို့အသင့်ပါ”ဟု သူက ဆက်လက် ပြောဆိုသည်။
 
ထို လမုအုပ်လေး ကျေးရွာသည် လူဦးရေ ၇၀၀ ကျော် ရှိခဲ့သောရွာဖြစ်ပြီး နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရကာ လူ ၁၀၀ ကျော်သာ အသက်ရှင်ရန်ကျစ်ခဲ့သော ကျေးရွာဖြစ်သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်