မြန်မာနိုင်ငံ၏ ဂါဇာ

နိုင်ငံသားဖြစ်ခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့် တို့သည် ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသော အဓိက ပြဿနာများ ဖြစ်သည်။ မြို့ငယ်လေး၏ အစွန်အဖျားပိုင်းက အိမ်ကလေး တလုံးထဲတွင် တရုတ်နိုင်ငံထုတ် အပေါစား လှိုင်းတို ရေဒီယိုလေးကို သုံး၍ ဒေသခံရိုဟင်ဂျာတဦး အသံဖမ်းနေသည်။

တခြား ရိုဟင်ဂျာ ၆ ဦးက ထိုရေဒီယိုလေးအနားတွင် ပတ်လည်ဝိုင်းထိုင်လျှက် စူးရှစွာ ထွက်ပေါ်လာသော အသံလွှင့် ချက်များကို နားထောင်နေကြသည်။ ထိုမြို့လေးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်ချင်းစပ်လျက်ရှိသော မြန်မာနိုင်ငံ ပိုင် မြို့လေးတမြို့ ဖြစ်သည်။

“ငါတို့ ရိုဟင်ဂျာ တွေရဲ့အရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းက ပြောဆိုနေတာတွေကို ဗီအိုအေက လွှင့်နေတယ်။ သေချာ နားထောင်ကြဟေ့ .. ” ဟု အသက် ၅၂ အရွယ် ဦးအာမက်က အောင်မြင်ဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

ညစဉ်လိုလို အာမက်နှင့်သူငယ်ချင်းတစုသည် အနောက်နိုင်ငံအသံလွှင့် ဌာနများမှ ထုတ်လွှင့်သောသတင်းများကိုနား ထောင်ကြသည်။ သူတို့မျှော်လင့်သည့်အတိုင်း နိုင်ငံတကာအသိုင်းအ၀န်းနှင့် လူသားချင်း စာနာထောက်ထားသော အကူအညီပေးသည့် အဖွဲ့အစည်းများက သူတို့ရိုဟင်ဂျာလူမျိုးများ လူနေမှုဘ၀ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်း လုပ်ဆောင်နေသော သတင်းများကို စောင့်မျှော် နားထောင်ကြခြင်း ဖြစ်ပါသည်။

အာမက်တို့ အိမ်နားက လက်ဖက်ရည်ဆိုင်တွင် ရခိုင်တိုင်းရင်းသားတစုက ထိုကိစ္စကိုပင် ဆွေးနွေးနေကြသည်။ သူတို့၏အမြင်က တမျိုးဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာနေထိုင်ကြသည့် ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားအဆင့် ပေးအပ်ရေးနှင့် ပတ်သက်ပြီး ထိုလူအုပ်စုက တညီတညွတ်တည်း ဆန့်ကျင်ကြပါသည်။

“ရိုဟင်ဂျာတွေဟာ ဗိုင်းရပ်စ်ပိုးနဲ့ တူတယ်ဗျ”ဟု အသက် ၃၀ နီးပါးရှိပြီ ဖြစ်သော ရခိုင်တိုင်းရင်းသား တယောက်က ပြောသည်။

အကယ်၍ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့် ပေးလိုက်လျှင် နိုင်ငံတော်နှင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော ပြည်သူ များသည် အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာများ၏ လွှမ်းမိုးမှုအောက် ရောက်ရှိသွားလိမ့်မည်ဟု သူက ဆိုသည်။

အသက် ၅၀ ခန့်ရှိ ရခိုင် တိုင်းရင်းသားကြီးတဦးကလည်း လူရွယ်ကိုထောက်ခံရင်း “ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးပေါင်း ၁၅၀ ထဲမှာ မပါဘူး” ပြောလိုက်သေးသည်။

ထိုရခိုင်တိုင်းရင်းသားကြီး၏ ပြောဆိုချက်ကို ရခိုင်လူမျိုးအများစုက ထောက်ခံကြသလို ထိုအချက်က အစိုးရ၏ မူဝါဒ အတိုင်းလည်း ဖြစ်နေပြန်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာလူမျိုးများ ပြောင်းရွှေ့ရောက်ရှိလာပုံကို ၁၈ ရာစုအထိ နောက်ကြောင်းပြန် ခြေရာခံနေကြသော သမိုင်းပညာရှင် အများအပြားအတွက် အငြင်းပွားစရာ အချက် ဖြစ်နေသည်။

လူမျိုးနွယ်စုများကို အထူးပြုလေ့လာသော ပညာရှင်များအဆိုအရ ရိုဟင်ဂျာတို့သည် အိမ်ခြေအတည်တကျ မရှိသော ရွှေ့ပြောင်း အခြေချလာကြသူများမဟုတ်ဘဲ အလွန်ရှုပ်ထွေးလှသည့် သူတို့၏ဘိုးဘွားစဉ်ဆက်များဖြစ်ကြသော Arabs, Moors, Persians, Turks, Mughals, Pathans, Bengalis, Chakmas, Rakhine, Dutch and Portuguese တို့ ရောစပ်၍ ပေါက်ဖွားဆင်းသက်လာကြသည်ဟု သိရသည်။

အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုးများနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများသည် ရခိုင်ဒေသတွင် ရာစုနှစ်များစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ သူတို့သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေ များက ပေးအပ်ခဲ့သော အခွင့်အရေးများကို ညီတူညီမျှ ခံစားရရှိခဲ့ကြသူများလည်း ဖြစ်သည်။

ကိုလိုနီ လက်အောက်က လွတ်မြောက်စ မြန်မာ့နိုင်ငံရေးတွင် ရိုဟင်ဂျာလူမျိုးများ အပြည့်အ၀ ပါဝင်ဆောင်ရွက် နိုင်ခဲ့ ကြပါသည်။ ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့်ရွေးကောက်ပွဲများတွင် မဲပေးခွင့်နှင့် ၀င်ရောက်အရွေးချယ်ခံပိုင်ခွင့် တို့ ရရှိခဲ့ကြပါသည်။ သူတို့ကို မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့သလို လွတ်လပ်စွာ အလုပ်အကိုင် ရှာဖွေခွင့်လည်း ပေးခဲ့သည်။

စစ်တပ်က နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ဦးနေ၀င်း အာဏာရရှိချိန်ကစတင်၍ ထိုအခွင့် အရေး များအားလုံး ဆုံးရှုံးခဲ့ရသည်။ ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓာတ် မြင့်မားလာစေရန်လည်း ခွင့်ပြုခဲ့သည်။ လူမျိုးရေး ပဋိပက္ခသည် ရခိုင်ပြည်နယ်၏လူနေမှုဘ၀ကို ဖျက်ဆီးခဲ့ပါသည်။

“ရခိုင်လူမျိုးများနဲ့ ရိုဟင်ဂျာတွေကြားမှာ ဆက်ဆံရေး အဆိပ်ခပ်ခဲ့တာ စစ်အစိုးရပါပဲ”ဟု မောင်းတောမြို့တွင် နေထိုင် လျက်ရှိသော ရခိုင်လူမျိုး သမိုင်းပညာရှင်တဦးက မှတ်ချက်ချသည်။

ဦးနေ၀င်းအစိုးရနှင့် လက်ရှိစစ်အစိုးရတို့က အကာအကွယ်ပေးရန် ငြင်းဆိုခြင်း ခံထားရသော ရိုဟင်ဂျာများကို ဈေးပေါ သော အလုပ်သမားများအဖြစ် ရခိုင်လူမျိုး အများအပြားက အကြင်နာကင်းစွာ ခေါင်းပုံဖြတ်ခဲ့ကြသည်ဟု စွပ်စွဲမှုများ လည်းရှိသည်။ ဤရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာကြသော ဘင်ဂါလီများသာ ဖြစ်သည် ဆိုသည့် ပြောဆိုချက်များ ပျံ့နှံ့နေပြီး အငြင်းပွားမှု မရှိသလောက်ပင် ဖြစ်သည်။

ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံမှုက ယခုအခါ ဒေသဆိုင်ရာ အစိုးရဌာနများမှသည် ရပ်ထဲရွာထဲအထိ ရခိုင်ပြည်နယ် တခုလုံး ပျံ့နှံ့နေပြီ ဖြစ်သည်။

“ကျနော်တို့ပြည်နယ်မှာ ခွဲခြားအုပ်ချုပ်မှုကို စစ်အစိုးရက စနစ်တကျ အားပေးအားမြှောက်ပြုနေပါတယ်။ အဲဒါမှပဲ မတည်မငြိမ် ဖြစ်နေတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး လူတွေကို ကောင်းကောင်းအုပ်ချုပ်နိုင်မှာပါ”ဟု ရခိုင် သမိုင်းပညာရှင်က ပြောသည်။

စစ်အစိုးရ၏မူဝါဒသည် ရခိုင်နှင့်ရိုဟင်ဂျာများအကြား ပဋိပက္ခများဖြစ်ပွားလာစေရန် ဦးတည်နေပြီး လူမျိုးရေး တင်း မာမှုများကို မီးထိုးပေးနေသလို ဖြစ်နေသည်။

ရခိုင်လူမျိုးများ နေထိုင်ရာမြို့ရွာများတွင်သာမက ရိုဟင်ဂျာများနေထိုင်ရာ မောင်းတောမြို့ အပါအ၀င်ဒေသများတွင် အကြောက်တရားက လွှမ်းမိုးလျှက် ရှိသည်။ မောင်းတောမြို့တွင်လူဦးရေ ၄၉၃၀၀၀ ကျော်ရှိပြီး ထိုလူဦးရေ၏ ၉၀ ရာခိုင်နှုန်းက ရိုဟင်ဂျာ လူမျိုးများဖြစ်သည်။ ရိုဟင်ဂျာ အများစုနေထိုင်သော နောက်ထပ်မြို့တမြို့မှာ ဘူးသီးတောင် ဖြစ်ပြီး မြို့လူဦးရေ ၂၇၉၀၀၀ ၏ ၈၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများ ဖြစ်သည်။

ရခိုင်လူမျိုးများ၏ရန်ငြိုးထားခြင်း၊ ခေါင်းပုံဖြတ်ခြင်း စသည့်လူမှုရေးတင်းမာမှုများကိုအခွင့်ကောင်းယူပြီး လက်ရှိ စစ်အစိုးရက ရိုဟင်ဂျာများအပေါ် ပိုမိုတင်းကျပ်သည့် ချုပ်ချယ်ကန့်သတ်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ရိုဟင်ဂျာ များကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ရုံမက ၎င်းတို့၏ အခြေခံရပိုင်ခွင့်များကိုပါ ကန့်သတ်ခဲ့သည်။

လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ချုပ်ချယ်ထားပြီး ရခိုင်ပြည်နယ်တွင်း၌ ခရီးသွားချင် လျှင်ပင် ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနများတွင် ခွင့်ပြုချက်တောင်းခံရသည်။ ခွင့်ပြုလျှင်လည်း ၁၄ ရက် ထက်မပိုသော သွားလာခွင့်ကိုသာ ထုတ်ပေးသည်။

ခရီးသွားလာခွင့် တားမြစ်ချက်သည် ပညာရေးအပါအ၀င် ရိုဟင်ဂျာများ၏ ဘ၀ရပ်တည်ရေးကို အဆင့်တိုင်း၌ အခက် အခဲဖြစ်စေသည်။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေရှိ တက္ကသိုလ်တွင် ဆေးပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ဌာနများမရှိ။ အကယ်၍လူငယ်များက ထိုဘာသာရပ်များကိုလေ့လာချင်လျင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် သွားရောက်လေ့လာရသည်။ သို့ရာတွင် ရိုဟင်ဂျာ ကျောင်းသူကျောင်းသားများ အနေနှင့် ထိုအခွင့်အရေးကို ငြင်းပယ် ခြင်းခံနေကြရသည်။ စစ်တွေတက္ကသိုလ်၏ ခွဲခြားဆက်ဆံခြင်းနှင့် ဗျူရိုကရေစီ ယန္တရားကိုလည်း ရင်ဆိုင်ကြရသည်။

တချို့တားမြစ်ချက်များသည် လူမျိုးရေးအစွန်းရောက်မှုများဖြစ်သည်။ ဥပမာ ရိုဟင်ဂျာများ လက်ထပ်ရာတွင် တရားဝင် လက်ထပ်စာချုပ် လက်မှတ်ရေးထိုးသည့်အခါ ကလေး ၃ ယောက်ထက်ပိုပြီး မမွေးရဟု လက်မှတ်ရေးထိုး သဘောတူ ရသည်။

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် သူတို့အပေါ် ပိတ်ဆို့တားမြစ်ချက်များ လျော့ပါးလာနိုင်သကဲ့သို့ သူတို့ အတွက်အဆုံးသတ် နိဂုံးလည်း ဖြစ်သွားနိုင်သည်ဟု ရိုဟင်ဂျာအများအပြားက ယူဆနေကြသည်။

လွန်ခဲ့သော ၂ နှစ်က ဘွဲ့ရရှိခဲ့သော ရိုဟင်ဂျာလူငယ်တဦးက ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရရှိရေးသည် အရေးအကြီးဆုံး အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။

“တကယ်လို့ ဒီမိုကရေစီသာ ရခဲ့ရင် ကျနော်တို့ နိုင်ငံသားဖြစ်ခွင့်ကို တောင်းဆိုနိုင်တဲ့အခွင့်အရေး ရကိုရမှာ” ဟု သူက ပြောသည်။

သို့သော် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းနှင့် မြေပိုင်ဆိုင်ခွင့်ပေးလိုက်လျှင် လူမှုရေးတင်းမာမှုများ ပိုမို ကြီးထွားလာနိုင်သည်ဟု ရခိုင်သမိုင်းပညာရှင်က သတိပေး ပြောဆိုခဲ့သည်။

“အစိုးရက အခုပြဿနာကို အမျှော်အမြင်ရှိရှိနဲ့ မဖြေရှင်းဘူးဆိုရင် ရခိုင်ပြည်နယ်ဟာ အနာဂတ်မှာ နောက်ထပ် ဂါဇာ ဖြစ်သွားနိုင်တယ်” ဟု သူက ဆိုသည်။

...........................................................................................................................

ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ မောင်းတောမြို့နေ ရိုဟင်ဂျာတဦး၊ ရခိုင်အမျိုးသား တဦးနှင့် ရန်ကုန်မြို့နေ ကွန်ပျူတာပညာရှင် ဗမာတဦးတို့၏ အမြင်သဘောထားများကို ဧရာဝတီ က မေးမြန်းထားသည်။ ထို သုံးဦးစလုံး အသက် ၂၇ နှစ်အရွယ်များဖြစ်ကြသည်။ ၎င်းတို့သည် ရိုဟင်ဂျာ၊ ရခိုင်နှင့် မြန်မာလူမျိုးစု တခုလုံးကို ကိုယ်စားပြု သူများ မဟုတ်ကြသော်လည်း ၎င်းတို့၏ ဝေဖန်ချက်များသည် မြန်မာနိုင်ငံအတွင်းရှိ လူအများ၏ အတွေးအမြင် တချို့ကို ထင်ဟပ် လျှက်ရှိသည်။

မိဘများ၏ စီးပွားရေးလုပ်ငန်းတွင် ကူညီလုပ်ကိုင်ပေးနေသော ရိုဟင်ဂျာ လူငယ်တဦးကို ရခိုင်ပြည်နယ်တွင် နေထိုင်နေရသော သူ၏ ဘ၀ တစိတ်တဒေသနှင့် ပတ်သက်၍ ဖော်ပြရန် မေးမြန်းခဲ့ရာ၌ သူက -

“ကျနော်တို့လူမျိုးတွေကို သေတ္တာတခုထဲ ပိတ်လှောင်ထားသလို ခံစားရပါတယ်။ ကျနော်တို့ကို တရိစ္ဆာန် တွေလို ဆက်ဆံ ကြတယ်လို့လည်း ခံစားရတယ်။ ဒီစစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်ရဲ့ တခြား ဒေသတွေမှာ နေထိုင်ကြတဲ့ ကျနော်တို့ညီအစ်ကို မြန်မာလူမျိုးတွေနဲ့ နှိုင်းယှဉ်ရင် ကျနော်တို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို အဆိုးရွားဆုံး ခံစားနေရပါတယ်။ ဒီအာဏာရှင်စနစ်ရဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို ကျနော်တို့အားလုံး ထမ်း ထားကြရပါတယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေက ကျနော်တို့ရဲ့ ဘ၀ကို ဘာကြောင့်စာနာ နားလည်မှု မပေး ကြသလဲဆိုတာ ကျနော်နားမလည်ပါဘူး။ အဲဒီအချက်ဟာ ၀မ်းနည်းစရာအကောင်းဆုံးပါပဲ”ဟု ပြန်လည်ဖြေကြားသည်။

မေး။    ။ စစ်အစိုးရက ရိုဟင်ဂျာတွေကို တိုင်းရင်းသားလူမျိုးစု တခုအဖြစ် အသိအမှတ်မပြုတာ ဘာကြောင့်လို့ ထင်ပါ သလဲ။

ဖြေ။    ။ ဘာကြောင့်လဲဆိုတာ ကျနော်အတိအကျ မသိပါဘူး။ ဒါပေမယ့် ကျနော် အသေအချာ သိတဲ့ အချက်က တော့ စစ်အစိုးရဟာ ရခိုင်ပြည်နယ်မှာ သူတို့အုပ်ချုပ်ရ လွယ်ကူအောင် ခွဲခြားအုပ်ချုပ်တဲ့နည်းကို ကျင့်သုံးနေတာပါ။ ကျနော်တို့ရဲ့ အလုပ်အကိုင်အလားအလာနဲ့ လူဦးရေးတိုးပွားလာမှုတွေကို အစိုးရက စိုးရိမ်နေတယ်လို့ ကျနော် ထင်ပါ တယ်။ ခင်ဗျားသိတဲ့အတိုင်းပါပဲ၊ ကျနော်တို့ရိုဟင်ဂျာတွေက အလုပ်အရမ်းကြိုးစားကြပြီး လူဦးရေကလည်း အချိန် တိုတို အတွင်းမှာ တိုးပွားနှုန်းမြန်တယ်လေ။ စစ်အစိုးရက ကျနော်တို့ရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းဆန် နေတာ ကျနော်တို့ လူဦးရေးတိုးပွားနှုန်းနဲ့လွှမ်းမိုးလာမှာကို ကာကွယ်ဖို့လို့ မှန်းဆလို့ရပါတယ်။ ကျနော်တို့ဟာ ရိုင်းစိုင်း ပြီး ရန်လိုသူတွေဖြစ်တယ်လို့ ညီအစ်ကို ရခိုင်တိုင်းရင်းသားတွေကလည်း ထင်နေကြတယ်။ တခါ တလေမှာ ဒီလိုထင် တာ မှန်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ရတာကလည်း သူတို့ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ တားမြစ်ချက်တွေကြောင့် ဖြစ်ပါလိမ့်မယ်။

မေး။    ။ ဒီမှာ ဆက်နေဖြစ်စေတဲ့ အကြောင်းတရားက ဘာလဲ။

ဖြေ။    ။ မျှော်လင့်ချက်ပါ။ တနေ့နေ့မှာ ကျနော်တို့ နိုင်ငံသားဖြစ်ခွင့် ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ အနည်းဆုံးတော့ သိပ်မကြာတော့တဲ့ အနာဂတ်မှာ ကျနော်တို့အပေါ် တားမြစ်ထားမှုတွေ လျော့ပါးလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ကျနော်တို့ရဲ့ဘ၀တွေ ပိုပြီးသက်သောင့်သက်သာရှိလာပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ပိုပြီးတိုးတက်ကောင်းမွန်လာမှာပါ။

မေး။    ။ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘာတွေများ မျှော်လင့်ထားပါသလဲ။

ဖြေ။    ။ ကျနော်တို့ရဲ့လူ့အခွင့်အရေးတွေကို အာမခံတဲ့ ဒီမိုကရေစီပါ။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီကသာ ကျနော်တို့ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်မှာပါ။ တကယ်လို့ တက်လာတဲ့ အစိုးရက ကျနော်တို့ကို နိုင်ငံသားအခွင့်အရေး မပေးချင်ဘူးဆိုရင် ဒီမိုကရေစီဟာလည်း မကျက်တကျက် ဖုတ်ထားတဲ့ မုန့်လိုပဲဖြစ်မယ်ဆိုတာ အလိုအလျှောက် နားလည်လို့ရပါတယ်။ အဲဒီတော့ ပြည့်ပြည့်၀၀ ကျက်သွားအောင်လို့ ကျနော်တို့ကဆက်ပြီး လုပ် ဆောင်ရမှာပါ။ အဲဒီလိုဖြစ်လာခဲ့ရင် အခုထိတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ လက်နက်ကိုင် ရ မလား၊ လမ်းမပေါ်ထွက်ရမလား။ တခြားနည်းလမ်း ဘာရှိသေးသလဲ။

မောင်းတောမြို့ရှိ ကုမ္ပဏီတခုတွင် အလုပ်လုပ်ကိုင်နေသူ ရခိုင်အမျိုးသားတဦးကိုလည်း ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို သိရှိရန် မေးမြန်းခဲ့သည်။

သူက “ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲက လူမျိုးတမျိုးအဖြစ် ကျနော်တို့ မယူဆပါဘူး။ သူတို့က ကျနော်တို့မြေပေါ်မှာ လာနေရတယ် ဆိုတာကိုတောင် သဘောမပေါက်ဘဲ တခါတလေ ကျနော်တို့ကို ပြဿနာ ရှာတယ်။ သူတို့က ကျနော် တို့မြေတွေကို သိမ်းပိုက်ဖို့ကြိုးစားသလို ကျနော်တို့ရဲ့ ဘာသာ သာသနာကိုလည်း ခြိမ်းခြောက်နေပါတယ်။ သူတို့ ဒီလို လုပ်တာကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ ကျနော့် တဦးတည်းသဘောပြောရရင် သူတို့ဟာ ကျနော်တို့တိုင်းပြည်ကို ဖျက်ဆီးမယ့် သူတွေလို့ မြင်ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာတမျိုးသားလုံးကိုခြိမ်းခြောက်နေတာ အသေအချာပါပဲ။ ဒါပေမယ့် ကျနော်တို့က လူသားတွေပါ။ ကျနော်တို့ရဲ့အကျိုးစီးပွားကို ထိခိုက်အောင်မလုပ်သရွေ့ ကျနော်တို့ လူတိုင်း အပေါ် စာနာမှု ရှိပါတယ်” ဟု ဖြေကြားသည်။

မေး။    ။ ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံသားဖြစ်ခဲ့ရင် သူတို့နဲ့အတူယှဉ်တွဲနေထိုင်ရမှာ ကြောက်တဲ့ အချက်တွေကို ပြောပြ ပါလား။

ဖြေ။     ။ ကျနော်တို့က ကြောက်ရတဲ့အချက်လို့ မမေးပါနဲ့။ ကျနော်တို့ သူတို့ကို မကြောက်ပါဘူး။ ကျနော်တို့စိုးရိမ် တာက အစ္စလာမ်အများစုနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်းတော မြို့တွေမှာ နေထိုင်နေကြတဲ့ ကျနော်တို့ လူမျိုးတွေ ရဲ့ လုံခြုံရေးကိုပါ။ သူတို့ရဲ့ လုံခြုံရေးကို ကျနော်တို့ ထည့်စဉ်းစားရလိမ့်မယ်။ အဲ့ဒီမြို့တွေမှာ နေထိုင်ကြတဲ့ ကျနော်တို့ လူမျိုးတွေက လူနည်းစုဖြစ်ပြီး အားနည်းကြပါတယ်။ တကယ်လို့ သူတို့ကို နိုင်ငံသားပေးလိုက်ပြီး ကျနော်တို့ ပြည်နယ် မှာ ဥပဒေ စိုးမိုးမှုမရှိတော့ရင် ကျနော်တို့တိုင်းရင်းသားတွေရဲ့လုံခြုံရေးကို ဘယ်သူက အာမခံမှာလဲ။ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်တာနဲ့တင် ပြီးသွားမှာမဟုတ်ပါဘူး။ ကျနော်ပြောတာယုံပါ။ အထူးဒေသတခုရရှိဖို့ သူတို့ ထပ် တောင်းဆို ပါလိမ့်မယ်။ မောင်းတောနဲ့ ဘူးသီးတောင်ကို အထူးဒေသအဖြစ်နဲ့ သူတို့ကိုမပေးနိုင်ဘူး။ ရခိုင်တွေ နေထိုင် ရာ ဒေသကို အထူးဒေသအဖြစ် ထူထောင်ခွင့်ပေးသင့်လား။ ဘယ်သူခွင့်ပြုမှာလဲ။ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ် သမားထောင်ပေါင်းများစွာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတယ်။ ဒါပေမယ့် ထိုင်း အစိုးရက သူတို့ကို အထူးဒေသ တခု ပေးမယ်လို့ ထင်လား။

မေး။    ။ ရခိုင်ပြည်နယ်မှာ ဗာမာစစ်တပ်တွေ ချထားတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ကောင်းပါတယ်။ စစ်တပ် ဒီမှာရှိနေတာဟာ ရွှေ့ပြောင်းအခြေချလာတဲ့ ဘင်ဂါလီတွေရဲ့ ရန်လို မုန်းထား အပြုအမူတွေကနေ ကျနော်တို့ကို အကာအကွယ်ပေးဖို့ပါ။ ဒါပေမယ့် ကျနော်တို့က စစ်သားတွေကို ကျနော်တို့ဆီ လာဖို့ ၀မ်းသာအားရ လက်ခံနေတာတော့ မဟုတ်ပါဘူး။ တခါတလေ ကျနော့် အဘိုးပြောတဲ့ စကားကို သတိရ မိတယ်။ တို့ရခိုင်ပြည်နယ်ဟာ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာမသိမ်းခင်အထိ အလွန် ငြိမ်းချမ်းတယ်တဲ့။ အဲဒီ တုန်းက စစ်သားလည်း အများကြီးမရှိပါဘူး။ ဒါပေမယ့် စစ်အာဏာ သိမ်းပြီး နောက်ပိုင်း စစ်သားတွေပိုပြီး တပ်စွဲ လာ ကြတယ်။ ပြီးတော့ အစ္စလာမ်နဲ့ ရခိုင်တွေအကြား ပြဿနာတွေလည်း ပိုဖြစ်လာတယ်။ ကျနော့်အဘိုးက စစ်တပ်ကို အပစ်တင်တယ်။ အစိုးရက အုပ်ချုပ်ရလွယ်ကူအောင် တို့အကြားမှာ သပ်လျှိုသွားတယ်လို့ သူကပြောတယ်။ သူပြော တာ မှန်လား မှားလား ကျနော် မသိပါဘူး။ ဒါပေမယ့် ကျနော့် မျက်စိနဲ့ မြင်နေရတာကတော့ ကျနော်တို့ ရခိုင်ပြည်နယ် ဟာ တခြားပြည်နယ်တွေထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပါတယ်။ ကျနော်တို့ရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေဟာ အလွန်ညံ့ဖျင်းပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာမကြိုက်ပေမယ့် ကျနော်တို့ပြည်နယ် မှာ စစ်တပ်ရှိဖို့ လိုအပ်ပါတယ်။

မေး။    ။ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘာတွေများ မျှော်လင့်ထားပါသလဲ။

ဖြေ။    ။ ရန်လိုတတ်တဲ့ တရားမ၀င် ၀င်ရောက်လာသူတွေ ကျူးကျော်နယ်ချဲ့လာရာကနေ ကျနော်တို့ကို အကာ အကွယ်ပေးမယ့် အစိုးရတရပ်ကို မျှော်လင့်ပါတယ်။ အဲဒီအချက်ဟာ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျနော်တို့ စိုးရိမ်တာက နောက်တက်လာတဲ့အစိုးရက ကျနော်တို့ဒေသမှာ ဥပဒေစိုးမိုးရေးကို ကြိုးစားမလုပ်ဆောင်ဘဲ အစ္စလာမ်တွေကို နိုင်ငံသားပေးလိုက်မှာကိုပါပဲ။ ဒါပေမယ့် လူသားချင်းစာနာတဲ့ လုပ်ငန်းတွေကို လျင်လျင်မြန်မြန် တာဝန်ယူ ဖြေရှင်းဆောင်ရွက်တဲ့ ဘယ်အစိုးရကိုမဆို ကျနော် ထောက်ခံပါတယ်။

အထက်ပါ ပြဿနာရပ်ကို ရန်ကုန်မြို့တွင်နေထိုင်သည့် ဗမာအမျိုးသား ကွန်ပျူတာ ကျွမ်းကျင်သူတဦး အား မေးမြန်း ခဲ့ရာ ၎င်းက ...

“ကျနော်တို့ ဒီပြဿနာကို ကြည့်တဲ့အခါ လူသားချင်းစာနာတဲ့ရှုထောင့်တခုတည်းက ကြည့်လို့မရပါဘူး။ အဲဒါဟာ နိုင်ငံ ရေးပေါ်မှာ အခြေခံနေတယ်လို့ ကျနော်မြင်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှသာ ရခိုင်နဲ့ ရိုဟင်ဂျာတိုင်းရင်းသားတွေအကြား တင်းမာမှုတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားလာခဲ့တယ်။ ရိုဟင်ဂျာတွေဟာ တိုင်းရင်း သားမဟုတ်ဘူးလို့ အစိုးရကပြောနေတာရဲ့ နောက်ကွယ်မှာ အကြောင်းတွေ ရှိနေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ရခိုင် ပြည်နယ်အတွင်းမှာ ပြဿနာတွေ ဖန်းတီးတဲ့ အနေနဲ့ အစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသား အဆင့်ကနေ ပြန် ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် ရခိုင်တွေရဲ့အစွန်းရောက် အမျိုး သား ရေးစိတ်ဓာတ်ကို ရိုဟင်ဂျာတွေဘက် အာရုံပြောင်း ပေးလိုက်တာပါပဲ။ သိတဲ့အတိုင်းပဲလေ။ ရခိုင်တွေဟာ အမျိုး သားရေးဝါဒမှာ နာမည်ကြီးပဲ မဟုတ်လား။ ရခိုင်တွေဟာ သူတို့လူမျိုး၊ သူတို့မြေ၊ သူတို့ယဉ်ကျေးမှု ချစ်တဲ့နေရာမှာ ကျနော်တို့ထက် ပိုတယ်။ အဲဒါကို စစ်အစိုးရက အသုံးချခဲ့ပုံရတယ်။ စစ်ဖိနပ်အောက်မှာ ဒုက္ခရောက်နေကြတဲ့ သူတွေ ထဲက တယောက်အနေနဲ့ ကျနော်ပြောချင်တာက ကျနော်တို့ညီညွတ်မှဖြစ်မယ်။ ကျနော်တို့ရဲ့ဘုံရန်သူဟာ ရိုဟင်ဂျာ လည်း မဖြစ်သင့်သလို တခြားတိုင်းရင်းသား တမျိုးမျိုးလည်း မဖြစ်သင့်ပါဘူး။ ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်အစိုးရပဲ ဖြစ်တယ်”ဟု သူ့အမြင်ကို ဖြေကြားသည်။

မေး။    ။ ရခိုင်နဲ့ ရိုဟင်ဂျာ တွေအကြား ရင်ကြားစေ့ဖို့ ဘာလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေက ရခိုင်နဲ့ ရိုဟင်ဂျာတွေအကြား ရင်ကြားစေ့မှုကို အတိုင်းအတာ တခုအထိ အကူအညီပေးခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအချိန်က ကျနော်က စစ်တွေမှာရောက်နေတယ်။ အစ္စလာမ်လူမျိုး လေး၊ ငါးယောက်က ဘုန်းတော်ကြီးတွေရဲ့ အရှေ့ကနေ လျှောက်ပြီး ဆန္ဒပြနေတဲ့မြင်ကွင်းကို တွေ့ လိုက်ရတော့ ကျနော်ကြက်သီးထသွားတယ်။ အဓိပ္ပာယ်က တတိုင်းပြည်လုံးက ပြည်သူတွေရဲ့အကျိုးအတွက် ချီတက် ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေကို သူတို့ကအကာအကွယ်ပေးနေတယ်ဆိုတဲ့ သဘောပါပဲ။ တမျိုးသားလုံး အကျိုး အတွက်၊ အမျိုးသားရေးနဲ့ ပတ်သက်လာရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေဟာ သူငယ်ချင်းတွေဖြစ်ကြတယ် ဆိုတာကို အဲဒီ အချက်က မီးမောင်း ထိုးပြနေပါတယ်။ စက်တင်ဘာဆန္ဒပြပွဲတွေရဲ့ အရှိန်ကို ကျနော်တို့ မမေ့သင့်ပါဘူး။ တချိန်တည်း မှာပဲ စစ်အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှုကိုလည်း အပြည့်အ၀ သတိရှိနေဖို့ လိုပါတယ်။

မေး။    ။ ရိုဟင်ဂျာတွေ နိုင်ငံသားအဖြစ် ရရှိခဲ့ရင် ပြဿနာရှိလိမ့်မယ်လို့ ထင်သလား။

ဖြေ။    ။ လုံးဝမထင်ပါဘူး။ သူတို့ဟာ နိုင်ငံသားကောင်းတွေဖြစ်လိမ့်မယ်လို့ ကျနော်ယုံပါတယ်။ တိုင်းပြည်ရဲ့ တခြား ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတွေကို အမီလိုက်နိုင်ဖို့ သူတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့အစွမ်းကုန်ကြိုးပမ်းကြပါလိမ့် မယ်။ ဒီပြဿနာကို စစ်အစိုးရဘယ်လိုဖြေရှင်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သင့်ပါတယ်။ ဒီပြဿနာကို အမျှော် အမြင်ရှိရှိ ဖြေရှင်းမယ်ဆိုရင် ပဋိပက္ခတွေရှိမှာ မဟုတ်ပါဘူး။ စစ်အစိုးရဟာ ဒီပြဿနာကို နောက်တက်လာမယ့် အရပ် သား အစိုးရလက်ထဲ လွှဲပြောင်းမပေးသင့်ပါဘူး။ ဒီပြဿနာကို သူတို့ဖန်တီးခဲ့တာပါ။ ဒီတော့ သူတို့ ဖြေးရှင်းရပါမယ်။ ဒီပြဿနာကို အနာဂါတ် မျိုးဆက်တွေအထိ အမွေမထားခဲ့သင့်ပါဘူး။

မေး။    ။ ၂၀၁၀ ရွေးကောက်ပွဲမှာ တက်လာတဲ့အစိုးရဟာ တိုင်းရင်းသားအားလုံးရဲ့ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာတဲ့ အစိုးရဖြစ်လိမ့်မယ်လို့ ထင်ပါသလား။

ဖြေ။    ။ ကျနော်မမျှော်လင့်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက်လာတဲ့အစိုးရဟာ ဘယ်လောက် ရိုးသားမှု ရှိပြီး လူသားဆန်လဲဆိုတာ ကျနော်မသိလို့ပါပဲ။ နောက်တက်လာမယ့် အစိုးရဟာ တခြား ကိစ္စရပ်တွေမှာ ဘယ်လိုပြုမူ ဆောင်ရွက်မလဲဆိုတာ အခုရိုဟင်ဂျာပြဿနာက အကောင်းဆုံး နမူနာ ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မင်းခက်မောင် ရေးသားသည့် Burma’s Gaza? ဆောင်းပါးကို ကောက်နုတ်၍ ဆီလျော်အောင် ပြန်ဆိုသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်