ရှားပါးလာနေသော အလုပ်အကိုင် အခွင့်အလမ်း

နေခြစ်ခြစ်တောက်ပူနေသော နေ့လယ် ၁ နာရီခန့်တွင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်း၌ အသက် ၂၇ နှစ် အရွယ် အသားလတ်လတ် ရုပ်ရည်သန့်သန့်နှင့် ကိုအောင်သူသည်  ဦးထုပ်မပါ၊ ထီးမပါဘဲ ဆိုက်ကား တစီး ကိုဆီးကာ အလုပ်ခေါ်သည်ဟုသတင်းကြားမိသောစက်ရုံများသို့ တရုံပြီးတရုံ သွားကာလိုက်လံ စုံစမ်းမေးမြန်း လျက်ရှိသည်။

စားသောက်ကုန်လုပ်ငန်းလုပ်နေသော စက်ရုံ ၂ ရုံသို့သွားရောက်စုံစမ်းပြီးသည့်အခါမှာတော့ ကိုအောင်သူ တယောက် စိတ်ဓာတ် အကျကြီးကျလာတော့သည်။

အဆိုပါ စက်ရုံများမှ လက်ရှိခေါ်နေသော အလုပ်များမှာ အလုပ်ကြမ်းများသာ ဖြစ်သဖြင့် သူကဲ့သို့ ခေတ်ပညာ တတ်ဘွဲ့ရတယောက်အနေနှင့် တနေ့၁၅၀၀ ကျပ်နှုန်းနှင့် နေ့စားအလုပ်ကြမ်းဝင် လုပ်ရမည်ကို တွန့်ဆုတ်လျက် ရှိသည်။

ကိုအောင်သူသည် ပြီးခဲ့သည့် ဇန်န၀ါရီလကုန်က အရှေ့ဒဂုံစက်မှုဇုန်ရှိ စီပီအစာစပ်စက်ရုံမှ ၀န်ထမ်းလျှော့ချရာ တွင် ပါဝင်ခဲ့သောအလုပ်သမားတဦးဖြစ်သည်။ စီပီစက်ရုံတွင် သူသည်စီမံအုပ်ချုပ်ရေးပိုင်း(ရုံးပိုင်း) တွင် တလ ကျပ် ၇ သောင်းနှင့်တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

သို့သော် ယခုကဲ့သို့ အလုပ်လက်မဲ့ဖြစ်ချိန်တွင် နောက်ဆုံးအလုပ်မရပါကထိုအလုပ်ကြမ်းကိုပင် ၀င်ရောက် လုပ်ကိုင်ရတော့မည့် အနေအထားမျိုးဖြစ်လာပြီဖြစ်ကြောင်း သူက ပြောဆိုသည်။

"ကျနော် အလုပ်ရှာတာ ၃ ရက်ရှိပြီး အလုပ်သမားလိုတယ်ဆိုတဲ့ စက်ရုံတိုင်းကို တရုံပြီး တရုံ ၀င်ခဲ့တာပဲ၊ သူတို့ လိုတာက အလုပ်ကြမ်းသမားတွေပဲဆိုတော့ ကျနော်အလုပ်ရွေးနေလို့မရတော့ဘူး၊ လောလောဆယ်တော့ ရရာ အလုပ်ဝင်လုပ်ရတော့မှာပဲ" ဟုသူက ဆိုသည်။

ကိုအောင်သူကဲ့သို့ပင် အလုပ်အပူတပြင်းရှာနေသော ကိုမျိုးမင်းနှင့် ကိုခင်မောင်ဦးတို့ကလည်း သူတို့ ယခင် အလုပ်လုပ်ခဲ့သောအေးရှားအော့ပ်တစ်ကယ်(Asia Optical) စက်ရုံ ရပ်ဆိုင်းလိုက်သည့်အတွက် သူတို့မှာ လှိုင် သာယာစက်မှုဇုန်တွင် နံနက်ကတည်းက လာရောက်အလုပ်ရှာနေကြခြင်းဖြစ်ကြောင်း၊ ယခုအထိ အလုပ် မရ သေးကြောင်း ၊သူတို့အနေနှင့်လည်း ရရာ အလုပ်တွင် ၀င်လုပ်ရတော့မည်ဖြစ်ကြောင်း ပြောဆိုသည်။

သူတို့လိုပင် ဘွဲ့ရပညာတတ်တချို့မှာ အလုပ်အကိုင်ရှားပါးမှု နှင့် စားဝတ်နေရေးအခက်အခဲများကြောင့် စက်ရုံ များတွင်နေ့စားအလုပ်ကြမ်းသမားများ အဖြစ်လည်းကောင်း၊ သန့်ရှင်းရေးသမားများ အဖြစ်လည်းကောင်း လုံခြုံရေးဝန်ထမ်းများအဖြစ်လည်းကောင်း ရရာအလုပ်ဝင်လုပ်နေသူများရှိကြောင်း၊ အရှေ့ဒဂုံ စက်မှုဇုန်ရှိ
စက်ရုံကြီးတရုံတွင် အလုပ်သမားကြီးကြပ်ရေးမှူးတဦးဖြစ်သူ ကိုသောင်းထွန်းကပြောသည်။

"လောလောဆယ် စားဝတ်နေရေးအတွက်ဆိုပြီး အလုပ်ကြမ်းဝင်လုပ်နေကြတဲ့ ဘွဲ့ရပညာတတ်တွေ အများ ကြီး ရှိတယ်၊ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းမဖြစ်ခင်ကတည်းကရှိနေတာပဲ၊ ခုလိုအချိန်မှာတော့ ပိုဆိုးကြတာ ပေါ့" ဟု သူက ဆိုသည်။

ကမ္ဘာ့စီးပွားရေးအကြပ်အတည်းသည် မြန်မာနိုင်ငံသို့လည်း သက်ရောက်လျက်ရှိရာ ပြည်တွင်း ထုတ်ကုန် လုပ် ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်း များမှာ အလုပ်သမားလျှော့ချခြင်း၊ အလုပ်ချိန်လျှော့ချခြင်း၊ အလုပ်ရပ်ဆိုင်းထားခြင်းတို့ကို ပြုလုပ်လျက်ရှိသော ကြောင့်အဆိုပါလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော လုပ်သားများမှာအလုပ် လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရပြီဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်မရရှိသေးသူများ၊ ပြည်ပနိုင်ငံများမှ အလုပ်သမားလျှော့ချမှုကြောင့် ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာကြသောအလုပ်သမားများ၊ ပြည်တွင်းလုပ်ငန်းများမှ အလုပ်သမားလျှော့ချမှုကြောင့်
အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများမှာ များပြားလာလျက်ရှိပြီး ယခုအခါအလုပ်အကိုင် သစ်များရရှိ ရေးအတွက် အပူတပြင်း ရှာဖွေလျက်ရှိသည်ကိုတွေ့မြင်ရသည်။

"ခုချိန်မှာ အလုပ်လိုချင်တဲ့သူတွေကပိုများပြီး အပြိုင်အဆိုင်တွေဖြစ်လာတော့ အလုပ်သမားခန့်တဲ့သူက ပိုစား သာတယ်၊ သူတို့မှာ ရွေးချယ်စရာတွေအများကြီး ကြိုက်ဈေးပေးပြီး ခန့်နေကြတာ၊အလုပ်လျှောက်တဲ့သူ ကတော့ သူတို့ ပေးသလောက်နဲ့ ကျေနပ်ရတဲ့ အနေအထားပဲ" ဟု ပြည်တွင်းအလုပ်သမားဈေးကွက် အနေ အထားကို အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတခုမှ တာဝန်ခံတဦးက သုံးသပ်ပြောဆိုသည်။

အလုပ်လိုချင်သူများက ဘတ်စ်ကားမှတ်တိုင်များတွင် ကပ်ထားလေ့ရှိသော အလုပ်ခေါ်စာများကို ဖတ်ရှု၍ လည်း ကောင်း၊ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ဆိုက်ကားဂိတ်များတွင်လည်းကောင်း၊ ရွှေပြည်သာ စက်မှုဇုန်ရှိ ဆိုက် ကားဂိတ်များတွင်လည်းကောင်း မေးမြန်းစုံစမ်းကာ ဆိုက်ကားသမားများအကူအညီဖြင့် အလုပ်ခေါ်နေသော စက်ရုံများသို့ သွားရောက်ပြီး စုံစမ်းလျက်ရှိသည်ကို တွေ့မြင်ကြရသည်။

အလုပ်ရှာဖွေသူတချို့မှာ ဤသို့ကိုယ်တိုင် ကြိုးစားရှာဖွေကြသည့်အပြင် ပြည်တွင်းမှ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းများနှင့်လည်း ဆက်သွယ်ကာ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများတွင် အလုပ်ရရှိရန်အတွက် လျှောက်လွာ တင်သူ ဦးရေမှာ တနေ့ထက် တနေ့များလာလျက်ရှိကြောင်း၊၂၀၀၇-၂၀၀၈ ခုနှစ်ကထက် ထက်ဝက်ကျော်မက အလုပ်လျှောက်သူ ဦးရေ များလာကြောင်း အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများမှ စုံစမ်းသိရှိရသည်။

"အလုပ်လျှောက်တဲ့သူတွေက တနေ့ထက် တနေ့ တိုးလာတာပဲ ရှိတယ်၊ နေ့တိုင်းအကြမ်းဖျင်းပြောရရင် အယောက် ၅၀ ကနေ ၇၀ ၀န်းကျင်ထိ ရှိတယ်" ဟု ရန်ကုန်မြို့ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတခုမှ တာဝန် ခံမန်နေဂျာတဦးက ဆိုသည်။

ထိုကုမ္ပဏီသာမက ရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများ (တရားဝင်ရော တရားမ၀င်ရော စုစုပေါင်း အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီပေါင်း ၁၀၀  ၀န်းကျင်ခန့်) အားလုံး အလုပ်အကိုင်ရှာဖွေသူများအတွက် ဆောင် ရွက်ပေးနေသော်လည်း အများစုမှာ အလုပ်အကိုင်ရရှိရေး ခက်ခဲလျက်ရှိကြောင်း သိရှိရသည်။

"အလုပ်တွေအားလုံးက လူလျှော့ချနေချိန်ဖြစ်တာရယ်၊ အဲဒီထဲကမှ ရရာအလုပ်ကိုဝင်လုပ်ကြတဲ့ သူတွေ က များ လာတော့ အများစုအတွက်က ခက်ခဲနေတုန်းပဲ"ဟု အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတခုမှ ၀န်ထမ်းတဦးက ပြော သည်။

ပြည်တွင်းအလုပ်ကိုင်ရှာဖွေရေးလုပ်ငန်းတခုမှ ပြောပြချက်အရ ၄င်းတို့ လုပ်ငန်းမှ တဆင့် အလုပ်ရရှိသူများမှာ ဒီဇင်ဘာလတွင် ၁၂ ဦးခန့်ရှိပြီး ဇန်န၀ါရီလတွင်မူ ၈ ဦးခန့်ရှိကြောင်း အဆိုပါ ဦးရေမှာ အမှန်တကယ်လျှောက် ထားသူများ၏ ၁၈ ရာနှုန်း ခန့်သာဖြစ်ကြောင်း ပြောဆိုသည်။

၂၀၀၇ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အလုပ်သမားမှတ်ပုံတင်ရုံးပေါင်း ၁၆ ခုတွင် မှတ်ပုံတင်ထားသော အလုပ် သမား ဦးရေမှာ ၂၁၆၈၄၈ ဦးရှိခဲ့ပြီး ထိုမှတ်ပုံတင်ရုံးများတွင်ကြေညာခဲ့သော အလုပ်လစ်လပ်မှုအရေအတွက်မှာ ၂၅၄၄၃ နေရာဖြစ်ကြောင်း၊ ထိုလစ်လပ်နေရာများအတွက်  အလုပ်သမားရုံးမှတဆင့်လျှောက်ထားခဲ့သောအလုပ်လျှောက် လွှာပေါင်း ၂၅၄၇၈ ဖြစ်ပြီး ထိုအလုပ်လျှောက်လွှာများထဲမှ အလုပ်နေရာပေါင်း ၂၄၆၂၅ ဦး ခန့်အပ်နိုင်ခဲ့ကြောင်း အလုပ်သမားမှတ်ပုံတင်ရုံးများမှ တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

၂၀၀၇-၂၀၀၈ ခု ဘဏ္ဍာနှစ်တွင် အလုပ်သမားမှတ်ပုံတင်ဌာနမှ လာရောက်မှတ်ပုံတင်ထားသူများမှ( ၂၀၀၈ ခုနှစ် ဆန်းပိုင်းမှ အောက်တိုဘာလအထိ စာရင်းအရ) ၉၀၀၀၀ နီးပါးမှာ အလုပ်အကိုင်မရှိသေးသူများဖြစ်ကြောင်း ဗဟို စာရင်းအင်းအဖွဲ့၏ နောက်ဆုံးစာရင်းဇယားအရ သိရှိရသည်။

ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများမှ ထက်ဝက်နီးပါးခန့်မှာ ပြန်လာကြောင်း သိရှိရပြီး သွားရောက်အလုပ်လုပ်ကိုင်နေကြသူပေါင်း နှစ်သန်းခန့်ရှိကြောင်း အစိုးရ သတင်းစာများတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားခေါ်ယူမှု ရပ်ဆိုင်းလိုက်သောကြောင့် ပြည်ပနိုင်ငံသို့သွားရောက်ပြီး အလုပ် လုပ်ရန် ရည်ရွယ်ထားသူများသည်လည်း အခြေအနေပျက်ကာ ပြည်တွင်းလုပ်ငန်းခွင်များတွင် ၀င်ရောက် လုပ် ကိုင်နိုင်ရေးအတွက် ရှာဖွေနေရကြောင်းလည်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်