သပြေသီးမှည့် ကောက်စို့ကွယ်

မိုးစက်မိုးပေါက်များက ထန်းနှစ်ပင် မူလတန်း သစ်သားကျောင်း ကလေး၏ သွပ်မိုးပေါ်သို့ တဗြုန်းဗြုန်း၊ တဝုန်းဝုန်း ရွာချနေသည်။ ကျမတို့ သူငယ်တန်း ကလေးများက မိုးသံကို ကျော်လွန်သွား သည်ထိ လက်ဟန်ခြေဟန် အပြည့်ဖြင့် “သပြေသီးကောက်” ကဗျာလေးကို ဟစ်အော်သီဆိုကြသည်။

ဝလုံးကို ဖြောင့်အောင်မရေးတတ်ခင် အရွယ်ကတည်းက ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများနှင့် ရင်းနှီးခဲ့ရသည့် ကျမသည် ယခု သက်လတ်ပိုင်းအရွယ် ရောက်သည့်တိုင်အောင် ထိုကဗျာကလေးများကို စွဲငြိ နှစ်ခြိုက်စွာ ရွတ်ဆိုနေမိဆဲဖြစ်သည်။  

ကျမတို့နှင့် သက်တူရွယ်တူများ ကျမတို့ထက် ဆယ်စုနှစ် တခုစာမက ကြီးသူများအားလုံး ဆရာကြီး မင်းသုဝဏ် ၏ ကလေး ကဗျာများကို ရွတ်ဆိုရင်း ကြီးပျင်းကြရသည်ချည်း ဖြစ်သည်။ ကျမ ငယ်ဘဝက ရွတ်ဆို သင်ကြား ခဲ့ရသည့် ကလေးကဗျာ များစွာရှိသည့်အနက် ဆရာကြီး၏ ကလေးကဗျာများကို ခုထိတိုင် အချိန်မရွေး အလွတ်ရနေသည်က ထူးဆန်းသည်။

သပြေသီးကောက်၊ ပန်းသည်၊ ဥပုသ်စောင့်၊ လယ်စောင့်တဲ စသည့် ကဗျာလေးများမှာ ရွတ်ဆိုလို့လည်းကောင်း အဓိပ္ပာယ်လည်း ပြည့်ဝလှသည်။ ကျမငယ်ငယ်က ထိုကဗျာလေးများကို ရွတ်ရင်း မျက်စိထဲတွင် ပုံဖော်မိသည်ကို အမှတ်ရသည်။ ကျောင်းသင်္ခန်းစာထဲတွင် ပါသော ကဗျာလေးများ၏ သရုပ်ဖော်ပုံကို ဆရာကြီး ဦးဘကြည်က ရေးဆွဲသည်။ ဆရာကြီး ၂ ယောက်၏ ကဗျာနှင့် ပန်းချီက ကျမတို့ကလေးများအတွက်တော့  စိတ်ကူးယဉ်ချင် စရာ အကောင်းဆုံး အလှတရားများ ဖြစ်ခဲ့ပါသည်။

 

ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။

အထက်ပါ သပြေသီးကောက် ကဗျာလေးကို ရွတ်ဆိုရင်း “ခရာဆူးခြုံဆိုတာ ဘာလဲ” ဟုမေးခွန်း ထုတ်ခဲ့ဖူးတာ အမှတ်ရသည်။ ကျမတို့မြို့မှ ရန်ကုန်သွားလျှင် သင်္ဘောဖြင့်သွားရသောကြောင့် ကျမအဖေက ကမ်းနားတွင် ပေါက်သော ဒီရေတောပင် တမျိုးဖြစ်သည့် ခရာဆူးခြုံများကို ပြသည်။ အဲဒီအပင်ကလေးများတွေ့တိုင်း ကျမက “ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်” ဟု ဟစ်အော် သီဆိုမြဲ။

မျှော့နက်မည်းကြီးကိုတော့ ကျမက သေချာမမြင်ဘူးခဲ့။ မိုးတွင်းအချိန်အခါ ကျမ၏ ခြေသလုံးကို တွယ်၍ သွေးစုတ်လေ့ရှိသည့် ကျွတ်လိုအကောင် အကြီးစားဟုသာ သိသည်။ နည်းနည်း အရွယ်ရလာတော့ ဆရာကြီး၏ ကဗျာထဲမှ စာသားလေးများကို သေချာ ခွဲခြမ်းစိတ်ဖြာကြည့်မိသည်။ “မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့် မြွေနဂါးတောင် ကြောက်ဘူးကွယ်” ဆိုသည့်စာသားလေးက ကလေးတို့၏ ကြောက်စိတ်ကို ဖယ်ရှားပေးသည့် စာသားများဖြစ်ကြောင်း သိလာခဲ့ရသည်။

သပြေသီးကောက် ကဗျာလေးက ဆရာကြီး ပထမဆုံးရေးသော ကလေးကဗျာဖြစ်ကြောင်း မှတ်သားဖူးပါသည်။ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တယောက်က ရေးသော ကလေးကဗျာ လေးထဲတွင် ကလေးများအတွက် စေတနာ အငွေ့အသက်များ အပြည့်အဝ ပါဝင်သည်ကို ခံစားရမိသည်။

ဆရာကြီးက မြစ်ဝကျွန်းပေါ်ဇာတိ၊ ကွမ်းခြံကုန်းသား ဆိုတော့ ထိုကဗျာလေးထဲတွင် သူ့ပတ်ဝန်းကျင် ဒေသရှိ ကျေးလက်မြင်ကွင်းလေးများကို မြင်တွေ့ရသည်။ တိုက်ဆိုင်သည်က ကျမ၏ဇာတိမြို့ကလေးသည်လည်း ကျွန်းမြို့ကလေးဖြစ်ကာ ရန်ကုန်သို့ သင်္ဘောဖြင့် သွားရသောကြောင့် ဆရာကြီး ကဗျာထဲမှ ပတ်ဝန်းကျင် အခင်းအကျင်း ကလေးများကို အလွယ်တကူ သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်တော့ ဆရာကြီး၏ ကလေးကဗျာတိုင်းတွင် မြန်မာ့ ကျေးလက်တောဓလေ့ အငွေ့အသက်များ လွှမ်းခြုံ နေသည်ကို သတိထားမိသည်။ အုန်းလက်နွားလေးကို ကျမတို့ငယ်ငယ်က ကိုယ်တိုင် ထိတွေ့ ဆော့ကစားခဲ့ ဖူးသည်။

မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ ပနံတင့်

ဆိုသော လယ်စောင့်တဲ ကဗျာလေး ဆိုလျှင်လည်း အသက်ကြီးလာသည့် တိုင်အောင် လယ်ကွင်းများကို ဖြတ်ကျော်ရတိုင်း၊ လယ်စောင့်တဲ ကလေးများကို မြင်တိုင်း ပြန်လည်ရွတ်ဆိုမိ၊ သတိရမိသည့် ကဗျာလေး ဖြစ်သည်။ အသက် ၃၀ ကျော်ပိုင်းရောက်မှ ကျမနှင့် သက်တူရွယ်တူ သူငယ်ချင်းများမှာ ဆရာကြီး၏ ကလေးကဗျာများကို အပြိုင်အဆိုင် ပြန်လည်ရွတ်ဆိုမိကြသည်အထိ နှစ်သက်စွဲလမ်းကြသည်။

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။

ထို ဥပုသ်စောင့် ကဗျာလေးဆိုလျှင် “ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်” ဆိုသည့်နေရာ၌ ကျမတို့ သူငယ်ချင်းများ အငြင်းပွားမြဲဖြစ်သည်။ “ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်” ဟု ဆိုသူ ပိုများသည်။ “အော့” ဆိုသည့်စကားလုံးကို ကလေးတုန်းက ဘာမှန်းမသိ၍ အဖေ့ကို မေးရပြန်သည်။ “အော့” ဆိုတာ “ဆူတာ၊ ကြိမ်းမောင်း မာန်မဲတာ” ဟု အဖေက ရှင်းပြဖူးသည်။

ခေတ်အဆက်ဆက် ကဗျာရေးသူ ကဗျာဆရာများစွာ ပေါ်ထွန်းခဲ့သော်လည်း ကလေးကဗျာကို တခုတ်တရ ရေးသူ အလွန်ရှားပါးလှသည်။ ဆရာကြီး မင်းသုဝဏ်လို စွဲကျန်ရစ်သည့်ကလေးကဗျာများ ရေးသားသူ ပိုလို့ပင် ရှားပါသည်။

ကလေးကဗျာ ရေးသူနည်းပါးရခြင်းမှာ ကလေးကဗျာရေးရတာ ခက်ခဲသောကြောင့်ဟု ထင်ပါသည်။ ကလေး ကဗျာကို ရေးသားရန် မြှင့်တင်ပေးမည့် သူကလည်း အရေးကြီးသည်။

“ကလေးကဗျာက အသံသာရတယ်။ အသံသာမှ ကလေးတွေ ရွတ်ဆိုရတာလွယ်တာ” ဟု ကျမနှင့် ရင်းနှီးသည့် ကဗျာဆရာကြီးတဦးက ပြောပြဖူးသည်။ သူကိုယ်တိုင် ကလေးကဗျာရေးရန် တခါမှ စိတ်မကူးမိဟု ဆိုသည်။

ဆရာကြီး၏ ကဗျာလေးတွေက အသံသာသည်။ သီချင်းအဖြစ် သီဆိုလျှင်လည်း ရသည်။ မြန်မာ့အသံမှ ဆရာ ဦးခင်ဇော်က ဆရာကြီး၏ ကဗျာများကို နိုင်ငံတကာသုံး ဂီတ သင်္ကေတ (ပက်ကားနုတ်စ်) ဖြင့် ဖော်ပြ အသံ ထည့်သွင်းကာ စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ ထိုစာအုပ်တွင်လည်း သရုပ်ဖော်ပုံဆွဲသူက ဆရာကြီး ဦးဘကြည်ပင် ဖြစ်၏။

အဆိုတော် နွဲ့ယဉ်ဝင်းနှင့် ချောအိသိမ်းတို့က ဆရာကြီး၏ ကဗျာလေးများကို သီချင်းအဖြစ် သီဆိုကာ စီဒီထုတ်ခဲ့ဖူးသည်။ တလောက မချောအိသိမ်းနှင့် ဆုံစဉ် ထိုအခွေကလေး ကိစ္စမေးကြည့်တော့ သူ့တွင် တခွေမှပင် မရှိတော့ဟု ပြောသည်။

အမျိုးသားစာဆိုကြီးတဦး၏ ရှားပါးလှသော ကလေးကဗျာကလေးများကို မှတ်တမ်းတင်ရန်မှာ အုပ်ချုပ်သူ အစိုးရတွင် အဓိကတာဝန်ရှိသည်ဟု ထင်မိသည်။

ကလေးကဗျာက အသံသာရုံတင်မကဘဲ ကလေးဘာသာဘာဝ စိတ်ကူးလေးများ ပါရလိမ့်မည်ဟု ထင်ပါသည်။ ဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာလေးများထဲတွင် ထိုသို့သော ကလေးစိတ်ကူးလေးများကို တွေ့ရသည်။ “ပန်းသည်” ကဗျာလေးကိုရွတ်စဉ် ခရေပန်းရနံ့လေးများပင် မွှေးပျံ့လာသလို ထင်ရသည်။ အိပ်ရာစောစောထရန် ပျင်းနေသည့် မောင်လေး ညီမလေးများကို ပန်းသည်လုပ်တမ်း ကစားရန် ဆွယ်နေသည့် အစ်မကြီးကို မျက်စိတွင် မြင်ယောင်လာသည်။ သပြေသီးကောက် ကဗျာကို ရွတ်စဉ် ကျမကိုယ်တိုင် သူငယ်ချင်းများနှင့် လှေကလေး လှော်ကာ ရေပေါ်ကြွေကျနေသော သပြေသီး ကလေးများကို စိတ်ကူးဖြင့် လိုက်လံကောက်ယူနေမိသည်။

ကျမတို့ငယ်စဉ်က ကျောင်းသင်္ခန်းစာအဖြစ် သင်ခဲ့ရသည့် ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများကို ခုခေတ်ကလေးများ သင်ခွင့်မရတော့ပါ။ စစ်အစိုးရက စာဆိုကွယ်လွန်ပြီး အနည်းဆုံး အနှစ် ၂၀ ရှိမှသာ ကျောင်းသင်္ခန်းစာအဖြစ် ဖော်ပြရမည်ဟု သက်မှတ်၍ ဆရာကြီး သက်ရှိထင်ရှား ရှိစဉ်ကပင် ဆရာကြီး၏ ကဗျာများကို သင်္ခန်းစာထဲမှ ဖြုတ်ပယ်ခဲ့သည်။

ခုနောက်ပိုင်း အင်္ဂလိပ်စာသင်သည့် ပုဂ္ဂလိက ကျောင်းများခေတ်စားလာတော့ ဆရာကြီး၏ လယ်စောင့်တဲ၊ သပြေသီးကောက်၊ ဥပုသ်စောင့် ကဗျာလေးများ အစား “Twinkle Twinkle Little Star” “Ding Dong Bell” စသည့် အင်္ဂလိပ် ကဗျာများကို ကလေးများနှုတ်က တွင်တွင်ရွတ်ဆိုလာတာ ကြားရလိမ့်မည်။ တာဝန်သိသည့် မိဘများ၊ ဆရာများက လက်ဆင့်ကမ်း သင်ပြပေးမှသာ ယခုခေတ်ကလေးများ ကျမတို့ငယ်ငယ်က ရွတ်ဆိုခဲ့သည့် ဆရာကြီး မင်းသုဝဏ်၏ ကဗျာလေးများကို ထိတွေ့သီဆိုခွင့် ရပါလိမ့်မည်။

ကျမတို့ နိုင်ငံတွင် တခေတ်တယောက် ပေါ်ချင်မှ ပေါ်နိုင်မည်ဖြစ်သည့် ဆရာကြီးမင်းသုဝဏ် ကဲ့သို့သော အမျိုးသား စာဆိုကြီးတဦး ပေါ်ထွက်ခဲ့ ဖူးသည်ကိုတော့ မမေ့သင့်ပါ။ ထိုစာဆိုကြီးက ကဗျာဆရာ ၁၀ ဦးတွင် တဦးမရေးသော ခေတ်အဆက်ဆက် တွင်ကျန်ရစ်သည့် ကလေးကဗျာများကို ရေးခဲ့သူဖြစ်သည်။

၂၀၀၉ ဖေဖော်ဝါရီ ၁၀ ရက်နေ့သည် ဆရာကြီးမင်းသုဝဏ်သာ သက်ရှိထင်ရှားရှိနေလျှင် အသက် ၁၀၀ ပြည့်မည့်မွေးနေ့၊ မွေးရက် ဖြစ်ပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်