နာဂစ် ထင်းကောက်သူများ

အညိုရောင် သစ်တုံး အပိုင်းအစ သစ်ငုတ် ထိုးထိုး ထောင်ထောင်တွေ၊ ဖြူနီပြာဝါ အရောင်စုံ စွန့်ပစ် ပလတ်စတစ် အိတ်တွေ ပြည့်နေပြီး အလွန်ကြီးမား ကျယ်ပြန်တဲ့ ချိုင့်တွင်း ကျယ်ကြီး တခုထဲမှာ အမျိုးသမီးကြီး တဦးနဲ့ ကလေး ငယ်နှစ်ဦး တစုံတခုကို သဲသဲမဲမဲ ရှာဖွေနေကြတယ်။ ညနေ နေ၀င်ရီ တရော အချိန် ဖြစ်တာကြောင့် ပတ်ဝန်းကျင် တခုလုံးကတော့ အလင်းရောင် မသဲကွဲဘဲ မှုန်ပျပျ ဖြစ်နေတယ်။

အမျိုးသမီးကြီးက အစိမ်းရောင် ခပ်ညစ်ညစ် အင်္ကျီနဲ့ အရောင်မွဲနေတဲ့ အညိုရောင် ထဘီကို ၀တ်ဆင်ထားပြီး ပါးပြင်နှစ်ဘက်မှာ သနပ်ခါး ပါးကွက်ထူကြီးတွေ လိမ်းခြယ်ထားတယ်။ သူမနဲ့အတူရှိနေတဲ့ ကလေးငယ်နှစ်ဦး ကလည်း ချေးအထပ်ထပ် ပေကျံနေတဲ့ အင်္ကျီနဲ့ ဘောင်းဘီကို ၀တ်ဆင်ထားကြတယ်။

ကလေးငယ် နှစ်ဦးမှာ တဦးက ၁၁ နှစ်အရွယ်ရှိပြီး အခြား တဦးကတော့ ၃ နှစ်အရွယ် ကလေးငယ်ပါ။ သူတို့တွေ သဲကြီးမဲကြီး ရှာဖွေနေတာကတော့ ထင်းအဖြစ် ပြန်လည်ရောင်းချနိုင်တဲ့ သစ်ကိုင်း သစ်ခြောက်တွေပါပဲ။

"သားငယ် မြန်မြန်လုပ်။ မိုးချူပ်လို့ ရထားမမီဘဲနေဦးမယ်"လို့ အမျိုးသမီးကြီးက ဆိုလိုက်ချိန်မှာ ၁၁ နှစ်အရွယ် ကလေးငယ်က ဂုန်နီအိတ်ကို ကောက်ကိုင်ပြီး သူ့အမေရှာဖွေ စုပုံထားတဲ့ သစ်ကိုင်း သစ်ခြောက် ထင်းတွေကို အိတ်ထဲ အလျှင်အမြန် ထည့်လိုက်တယ်။ ၃ နှစ်အရွယ် ကလေးငယ်ကလည်း သူရှာထားတဲ့ သစ်ကိုင်းခြောက်လေး တွေကို ကောက်ယူပြီး သူ့ရဲ့အကို ကိုင်ထားတဲ့ ဂုန်နီအိတ်ထဲကို ထည့်နေပါတယ်။

အမျိုးသမီးကြီးနဲ့ ကလေးငယ်တွေရဲ့ ထင်းရှာနေတဲ့ မြင်ကွင်းက ကျေးလက် တောတောင် တွေထဲမှာ ထင်းရှာနေကြတဲ့ ပုံစံမျိုး ပေါက်နေပေမယ့် တကယ်တော့ သူတို့ ထင်းရှာနေ ကြတဲ့နေရာက ကျေးလက်ဒေသတော့ မဟုတ်ပါ။ အဲဒီ နေရာက ရန်ကုန်မြို့ရဲ့ အလွန်အချက်အချာ ကျတဲ့ လမ်းမတော်မြို့နယ် အတွင်းက တနေရာမှာပဲ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် မေလ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ချိန်တုန်းက ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ ပြိုလဲခဲ့တဲ့ သစ်ပင်သစ်ငုတ်နဲ့ အကိုင်းအခက် တွေအားလုံးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စုဆောင်းပြီး လမ်းမတော်မြို့နယ်ရှိ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) နောက်ကျောက စိန်ဂျွန်း ဈေး မြေနေရာ ဟောင်းမှာ အမှိုက်ပုံသဖွယ် စုပုံထားခဲ့ပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၁၀ လ အကြာမှာ စုပုံထားတဲ့ သစ်ပင် သစ်ငုတ်တွေနဲ့ သစ်ကိုင်းတွေက ပူပြင်းလှတဲ့ နေရောင်ကြောင့် ခြောက်သွေ့ပြီး ရန်ကုန် ဆင်ခြေဖုံး မြို့နယ်တွေက အခြေခံ လူတန်းစား တွေအတွက် ထင်းရှာ ဖွေစရာ ထင်းပုံကြီးသဖွယ် ဖြစ်လာပါတော့တယ်။

အဲဒီစိန်ဂျွန်း မှတ်တိုင်အနီးက နာဂစ်အမှိုက်ပုံကြီးမှာ ထင်းကောက်နေကြတဲ့ သားအမိသုံးဦးလိုပဲ ထင်းရှာနေကြတဲ့ သူတွေ အများအပြားရှိပြီး အများစုကတော့ လှော်ကား၊ ၀ါးတရာ၊ သာဓုကန်၊ အင်းစိန်ရွာမ၊ ရွှေပြည်သာ စတဲ့ ဆင်ခြေဖုံး မြို့နယ်တွေက လာကြတာပါ။

"ထင်းခြောက်အပြည့်ပါတဲ့ ဂုန်နီအိတ် တအိတ်ကို ကျပ် ၁၀၀၀ နဲ့ လှော်ကားဈေးမှာ ပြန်ရောင်းတယ်။ တနေ့ကို ထင်းခြောက်နှစ်အိတ်လောက်တော့ ကောက်နိုင်တယ်"လို့ လှော်ကားမြို့နယ်က ထင်းလာကောက်တဲ့ အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ်တဦးက ပြောတယ်။

 

စိန်ဂျွန်းအမှိုက်ပုံမှာထင်းလာကောက်တဲ့ သူတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အချိန် သတ်မှတ်ပေးထားပြီး မနက် ၆ နာရီကနေ ၈နာရီထိတကြိမ်နဲ့ ညနေ ၄ နာရီနောက်ပိုင်းတကြိမ်ထင်းကောက်ခွင့် ပေးထားတယ်လို့ အဲဒီအမှိုက်ပုံမှာတာဝန်ကျတဲ့ စည်ပင်ဝန်ထမ်းတဦးကပြောပြပါတယ်။

"အူဝဲ၊ အူဝဲ"ဆိုတဲ့ လသားအရွယ် ကလေးငိုသံထွက်ပေါ်လာချိန် နာဂစ်အမှိုက်ပုံမှာ ထင်းရှာနေတဲ့ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးလေးက ကိုင်ထားတဲ့ သစ်ကိုင်းခြောက် ထင်းတွေ အသာချပြီး သစ်ငုတ်ဘေးမှာ ချထား တဲ့ ကလေးငယ်ကိုကောက်ချီလိုက်တယ်။ အဲဒီနောက် ညစ်ပေနေတဲ့ သူမရဲ့လက်နဲ့ အင်္ကျီကိုအသာမလို့ ကလေး ငယ်ကို နို့ချိုတိုက်ကျွေး လိုက်ပါတယ်။ ၁၀ မိနစ်ခန့်အကြာမှာတော့ သူမရဲ့ရင်ခွင်ထဲ ပြန်လည် အိပ်ပျော်သွားတဲ့ ကလေးငယ်ကို အသာချလို့ လုပ်လက်စ ထင်းရှာတဲ့အလုပ်ဆီ ပြန်သွားပါတယ်။

"ယောက်ျားက ဆိုက်ကားနင်းတယ်။ တဘက်တလမ်းက ၀င်ငွေရအောင်ဆိုပြီး ဒီမှာထင်းလာရှာတာ။ ကလေး ထိန်းမယ့်သူ မရှိလို့ ကလေးပါတခါတည်းခေါ်လာရတယ်"လို့ ၀ါးတရာက ထင်းလာကောက်တဲ့ ကလေးမိခင်က ပြောတယ်။

သူမက ဒီနာဂစ်အမှိုက်ပုံမှာ တဦးတည်းထင်းလာကောက်တာမဟုတ်ဘဲ သူမနဲ့သက်တူရွယ်တူ မိန်းကလေးငယ် တွေနဲ့အတူ ထင်းလာရှာတာပါ။ ဒီနေရာမှာ အတူ ထင်းကောက်နေကြတဲ့ အမျိုးသားတွေ၊ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ စုစုပေါင်း ၅၀ လောက်ရှိပါတယ်။

"တနလာင်္ကနေ သောကြာနေ့ထိဆိုရင် ထင်းလာကောက်တဲ့သူ ၃၀ ကနေ ၅၀ ထိရှိတယ်။ စနေနဲ့ တနင်္ဂနွေဆို ကျောင်းတွေပိတ်တော့ ကျောင်းသားတွေပါလာကောက်ကြတယ်။ ကျောင်းပိတ်တဲ့ရက်ဆိုရင် ထင်းကောက်တဲ့ သူ ၁၀၀ လောက်ရှိတယ်။ မနက်ပိုင်းမှာအများဆုံးပဲ"လို့ နေ့စဉ် မနက်ပိုင်းရောညနေပိုင်းပါ ထင်းလာကောက်တဲ့ ဒေါ်ဂျမ်းစိန်ဆိုတဲ့ အသက် ၅၀ အရွယ်အမျိုးသမီးကြီးက ဆိုတယ်။

ရထားဘူတာရုံကလည်း နာဂစ်အမှိုက်ပုံနားမှာရှိတာကြောင့် ထင်းကောက်တဲ့ သူအများစုက ထင်းတွေကို ရထား နဲ့သယ်ယူကြတယ်။ ဒီလိုသယ်ယူတဲ့ နေရာမှာ လွယ်လွယ်ကူကူသယ်ယူနိုင်တာတော့ မဟုတ်ပါဘူး။

"ထင်းတအိတ်ကို ရထားရဲကို ကျပ် ၅၀ ၊ ဘူတာရုံမှာ ၅၀ နဲ့ လက်မှတ်စစ်ကို ၅၀ ပေးရတယ်။ ထင်းတအိတ် သယ်ခ က ၁၅၀ ကုန်တယ်"လို့ ထင်းကောက်တဲ့လှော်ကားဒေသခံကပြောတယ်။

ထင်းလာကောက်တဲ့သူတွေမှာ တချို့တွေက ထမင်းထုပ်တွေ ကျွတ်ကျွတ်အိတ်တွေနဲ့ မိသားစုလိုက် လာရောက် ကြပြီး မနက်ရော ညနေပါ ထင်းကောက်ရမယ့် အချိန်ကိုစောင့်ဆိုင်းကောက်ကြတယ်လို့ ထင်းကောက်တဲ့ သူတွေ က ပြောတယ်။

"တချို့ဆို မိသားစုလိုက်ထမင်းထုပ်တွေနဲ့ ထင်းလာကောက်ကြတယ်။တချို့တွေကတော့ ဖျာတွေပါယူလာတယ်။ နေ့လယ်အချိန်မှာတရေးတမောအိပ် ညနေကျတော့မှ ထင်းကောက်တာ"လို့ သာဓုကန်မှ ထင်းလာကောက်သူ အမျိုးသားတဦးက ဆိုပါတယ်။

နာဂစ်အမှိုက်ပုံမှာ ထင်းကောက်သူတဦးဟာ ကောက်ယူလို့ရတဲ့ ထင်းတွေကို ဈေးမှာ ပြန်လည်ရောင်းရင် နေ့စဉ် ၀င်ငွေ အနည်းဆုံး ကျပ်၂၀၀၀ ရရှိတယ်လို့ သိရပါတယ်။

"လှော်ကား၊ သာဓုကန်၊ ၀ါးတရာနဲ့ ရွှေပြည်သာမှာက ထင်းပဲသုံးကြတော့ ထင်းဝယ်သူများတယ်"လို့ ရွှေပြည် သာမှ ထင်းလာကောက်သူက ပြောပြတယ်။

ထင်းကောက်သူတွေအများစုက အလုပ်အကိုင်မရှိလို့ ၀င်ငွေရဖို့အတွက် အခုလို ထင်းကောက်နေကြတာဖြစ်ပြီး တချို့တွေကတော့ လုပ်ငန်းတွေက အလုပ်ဖြုတ်လိုက်တာကြောင့် လာရောက်ထင်းကောက် နေရတာလို့ သိရပါ တယ်။

"ဆောက်လုပ်ရေးမှာတုန်းက အုတ်သယ်တယ်။ အခု ဆောက်လုပ်ရေးကရပ်သွားတော့ အလုပ်ဖြုတ်ခံရတယ်။ အဲဒါ အိမ်ဘေးနားက သူငယ်ချင်းက ခေါ်လို့လိုက်လာရင်း ဒီမှာ ထင်းကောက်ဖြစ်သွားတာ" လို့ ရွှေပြည်သာက အသက် ၂၇ နှစ် အရွယ်လူငယ်တဦးကပြောပြတယ်။

အခုဆို ဒီ စိန်ဂျွန်း နာဂစ်အမှိုက်ပုံမှာ ထင်းရှာရင်း ၀င်ငွေဖြောင့်နိုင်တယ် ဆိုတာကို ရန်ကုန်မြို့ ဆင်ခြေဖုံး ဒေသတွေမှာ သတင်းပျံ့နှံ့နေတဲ့အတွက် လာမယ့် နွေရာသီမှာ ထင်းလာကောက်တဲ့သူ အရေအတွက် တိုးလာနိုင်တယ်လို့ လည်း ထင်းကောက်တဲ့ သူတွေက ပြောပြကြပါတယ်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်