ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၀)

ဝေးခရီးပေမယ့်
အရေးကြီးလျှင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့ …
သွေးနီးရာ ပါစမြဲပေမို့…
သွေးနီးရာ … အဲ …

ရုပ်က္ခစိုးကြီး က တကိုယ်တည်း မကြားတကြားဖြင့် စာချိုးတခုကို တီးတိုး ရေရွတ်နေရင်း

ဆက်လက် ရွတ်ဆိုရန် မရတော့ သဖြင့် ရပ်သွားသည်။ သူက ရွတ်ဆိုရန်ကြိုးစားလိုက်ပြန်သည်။

သွေးနီးရာ …

ဤတွင် ရုက္ခစိုးကြီးက သူမှီ၍ ထိုင်နေသော ညောင်ပင် အနောက်ဘက်မှ လှုပ်ရှားမှုတခု ကို အာရုံခံစားမိလိုက်၍ လှည့်ကြည့် လိုက်ရာ … သူကောင့်သား ၂ ဦးမှာ ရယ်ကျဲကျဲနှင့် သူ့ကို ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ရုက္ခစိုး။  ။ အောင်မယ်…ဟေ့ကောင်တွေ…ဒါ ဘာလုပ်တာလဲကွ…ခိုးကြောင် ခိုးဝှက်နဲ့ အကျင့်တွေကိုက …

ရုက္ခစိုးကြီးက လူမိခံရသူပမာ မလုံမလဲဖြင့် ကြွက်စုတ်နှင့်ဖိုးရှုပ် တိတ်တဆိတ်ရောက်နေနှင့်သည်ကို ငေါက်လိုက်သည်။

ကြွက်စုတ်။  ။ အာ…ဦးရုက္ခစိုး ကလည်း စိတ်ချည်းပဲ…သူ တော်ချင်းချင်း သတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသလိုပေါ့… ဦးရုက္ခစိုး အပေါင်းအသင်းတွေပဲ ဥစ္စာ…အကျင့်ကတော့ သိတဲ့အတိုင်းပဲလေ…ဟဲ…ဟဲ…

ကြွက်စုတ်က ရုက္ခစိုး ကို ပြန်လည်၍ ငေါ့လိုက်ရာ ရုက္ခစိုး ဒေါသက ငယ်ထိပ်တင်မက အင်္ဂါဂြိုဟ် အထိတက် သွားမတတ် ဖြစ်သွားပြီး…ကြွက်စုတ်ကို စူးစူးဝါးဝါးကြည့်လိုက်သည်။

ရုက္ခစိုး။   ။ ဟေ့ကောင် ငကြွက်…နေရာတကာ ထောင်တန် ရယ်ပေါ့ မလုပ်နဲ့…အခု ငါ ရွတ်နေတာက ထောင် တန် ရုံတင် မကဘူး…တိုင်းပြည်နဲ့ချီတဲ့ စာချိုးကွ…ဒါ အမျိုးသားစာဆိုကြီး ဆရာကြီးမှိုင်းရဲ့စာချိုး…နော်…ငါ တချို့ နေရာ မေ့တေ့တေ့ ဖြစ်နေလို့…စဉ်းစားနေတာ…မင်းတို့ နောက်စရာမဟုတ်ဘူး…

ရုက္ခစိုးက အတည်ကြီး ပြောနေ၍ ဖိုးရှုပ်ရော ကြွက်စုတ်ပါ ငြိမ်ကုတ်ပြီး ကြည့်နေကြသည်။ အတန်ငယ်ကြာမှ ဖိုးရှုပ်က လေသံဖျော့ဖြင့် ရုက္ခစိုးကို ခပ်ချော့ချော့ ပြောလိုက်သည်။

ဖိုးရှုပ်။  ။ ဟို…ဒီ ကောင် က ဘာရယ် မှုတ်ပါဘူး..ဦးရုက္ခစိုး ရဲ့…ဒီလိုပဲလေ…ကျနော်တို့လည်း ဦးရုက္ခစိုးက ဒီလို စာချိုး တွေကို အလေးထား ၀ါသနာပါတာ သိပါတယ်…ဦးရုက္ခစိုး ရွတ်တာ နားထောင်လို့ ကောင်းတယ် ခင်ဗျ…

ကြွက်စုတ်ကလည်း ဖိုးရှုပ်နှင့်အတူ စကားရော ဖောရာ ၀င်ပြောလိုက်သည်။

ကြွက်စုတ်။  ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့… ဟို အခုန ရွတ်နေတဲ့စာချိုးလေးကဘာတဲ့ ဆက်ရွတ်ပါဦး…ကျနော်တို့ နားထောင်ချင်လို့ ခင်ဗျ…

ဤတွင်မှ ရုက္ခစိုးက ဘ၀င်ကျသွားဟန်ဖြင့်-

ရုက္ခစိုး။  ။ နေဦး ငါ စဉ်းစားနေတာ အဲဒီ ကျန်တဲ့ စာတွေက ငါမေ့နေပြီကွ…

ဖိုးရှုပ်။  ။ ဒါဆို ရတဲ့ဟာ နည်းနည်းလေး ဖြစ်ဖြစ်ပေါ့…

ဖိုးရှုပ်နှင့် ကြွက်စုတ်ကလည်း ချော့သလို မြှောက်သလိုပြောကြရာ ရုက္ခစိုးကလည်း ၀ါသနာ ခပ်ပါပါနှင့် စာချိုးဆိုရန် နီးစပ်လာသည်။

ရုက္ခစိုး။  ။ အင်း…ရတာ ဆိုရရင်တော့…ဆရာကြီးက မင်းတို့လို လူမျိုးတွေအတွက် ထင်ပါရဲ့..သူရန်တွေ့ချင်တာ ကို ရေးထားတာ ငါ သတိရပြီ…ဘာတဲ့…

မင်းတို့ ဥာဏ်အမြင် တမိုက်တထွာ မျှရယ်နှင့်
ငြင်းဖို့ သန်လျင် မိုက်ရာကျပါလိမ့်
စရိုက် သဘာဝရယ်တဲ့ ကျမ်းဂန်နယ်
မန်းသံ ထယ်ထယ်နှင့် မာန တက်စရာများ
အရမ်း ထန်မဟယ်ဖြင့် ဗာလ လက္ခဏာ တပါး….တဲ့ ကွ…။

ရုက္ခစိုးကြီး စာချိုး အဆုံးသတ်အပြီးတွင် ကြွက်စုတ်က ချက်ချင်း ၀င်ပြောလိုက်သည်။

ကြွက်စုတ်။  ။ ကျနော်ကတော့ဗျာ….အဲဒီ အထဲက “ဥာဏ်အမြင် တမိုက်တထွာမျှရယ်နှင့်”ဆိုတဲ့ နေရာမှာ ပြီးခဲ့ တဲ့ ရက်ပိုင်း လေးကမှ မြန်မာနိုင်ငံက ပြန်သွားတဲ့ ကုလကိုယ်စားလှယ်ကြီး မစ္စတာ ဂန်ဖလားကို ပြေးမြင်မိလိုက်တာ…

ဖိုးရှုပ်က မျက်ခုံးပင့်လိုက်ပြီး…

ဖိုးရှုပ်။  ။ ဟ လုပ်စမ်းပါဦးကွ…ဘယ်လိုများ ဆက်စပ်ပြီး အန်နာလိုက်စ် လုပ်လိုက်သလဲဆိုတာ… စိတ်ဝင်စားစရာပဲ…

ရုက္ခစိုးကလည်းမျက်လုံးကြီးအပြူးသားနှင့် ကြွက်စုတ်ကို ကြည့်နေသည်။ ကြွက်စုတ်က သူ့ခန္ဓာကိုယ် အနေ အထားကို အနည်းငယ်ပြင်လိုက်ပြီး ချောင်းတချက်ဟန့်လိုက်သည်။ ရုက္ခစိုး က သိပ်စိတ်မရှည်ချင်တော့….

ရုက္ခစိုး။  ။ ဟေ့ကောင် အမြင်ကပ်အောင်တော့ မလုပ်နဲ့ မြန်မာပြည်က ရဲ တွေသုံးတဲ့ သောက်မြင်ကပ် ပုဒ်မဆို တာ သိတယ် မို့လား…အဲဒီ ထက်ဆိုးသွားမယ်…ပြောမှာဖြင့် မြန်မြန် ပြော…

ဖိုးရှုပ်က ရှေ့တိုးလိုက်ပြီး ရုက္ခစိုး ပြောလိုက်မှ သတိရသွားဟန်ဖြင့်…

ဖိုးရှုပ်။  ။ ဟာ ရဲ ဆိုလို့ ဦးရုက္ခစိုး ပြောမှ သတိရတယ်….အခု ရက်ပိုင်းလေးမှာပဲ တခုကြားရတယ်…ပြည်တွင်းက သတင်း အယ်ဒီတာ တယောက်ကိုတဲ့ ရဲက ခေါ်ပြီး ကြိမ်းမောင်းဆိုပဲ…

ကြွက်စုတ်။  ။ မင့်အယ်ဒီတာက ပုံစံမကျလို့ နေမှာပေါ့ကွာ…

ဖိုးရှုပ်။  ။ အောင်မယ် မင်းက မသိဘဲ ၀င်မှတ်ချက်ပေးပြန်ပြီ…ဖြစ်တာက သူတို့ ဂျာနယ်မှာ ပါသွားတဲ့ မှုခင်း သတင်းတခုနဲ့ ပတ်သက်ပြီး ဖြစ်တာ…

ကြွက်စုတ်။  ။ အေးလေ အဲဒါ ဘာဖြစ်လဲ…မှုခင်းဆို ရဲ နဲ့ ဆိုင်တာပဲဥစ္စာ…

ဖိုးရှုပ်။  ။ အာ ဒီကောင် သောက်ရမ်းတွေလျှောက်ပြောနေပြန်…ဟေ့ကောင်…အဲဒီ သတင်းက စာပေစိစစ်ရေး ခွင့်ပြုချက်နဲ့ ဂျာနယ်မှာ ဖော်ပြပြီးသားကွ…မင့် အဒေါ်လင် ရဲ က ပြောချင်ရင် စိစစ်ရေး ပြောရမှာပေါ့ကွ….

ကြွက်စုတ်နှင့် ဖိုးရှုပ် အခြေအတင် ဖြစ်နေသည်ကို ရုက္ခစိုး က ဘေးမှ ကြည့်နေရင်း မနေသာတော့ဘဲ ၀င်ပြောလိုက်သည်။

ရုက္ခစိုး။  ။ ဟေ့ကောင်တွေ မင်းတို့ က ဆုံလိုက်ရင် အဲဒီ လိုပဲ…စကားဝိုင်းက လိုရင်းမရောက်ဘဲ ဘေးရောက် ရောက်သွား တယ် … အခုန ကြွက်စုတ်ပြောနေတာ ဘယ်ရောက်သွားမှန်းတောင်မသိဘူး… ဟေ့ကောင် ငကြွက် မင့်ဟာ ဆက်ပြောဦး …

ရုက္ခစိုး ၀င်ငေါက်လိုက်မှ သူကောင့်သား ၂ ဦး ငြိမ်သွားသည်။ ခဏကြာမှ ကြွက်စုတ်က ဆက်ပြောလိုက်သည်။

ကြွက်စုတ်။  ။ အင်း..ဟိုဟာ ဗျာ…သြော် သိပြီ…ဂန်ဖလား ကိစ္စ…ဦးရုက္ခစိုးတို့ပဲ စဉ်းစားကြည့်လေ…အဲဒီ ကုလကိုယ်စား လှယ်ဆိုတာကြီးကဗျာ…သူ့ တာဝန် သူ့အဖွဲ့ ဒီ နိုင်ငံပေါင်းချုပ်အသင်းကြီးကိုမှ အားမနာဗျာ… ဒေါ်စု အိမ်ရှေ့သွားပြီး လော်နဲ့ အော်ခိုင်းရတယ်လို့… ဒီလုပ်ရပ်က ရပ်ထဲရွာထဲ လုပ်တဲ့ ကိစ္စဗျ…အလှူခံ မဏ္ဍပ် တို့…ဈေးသည်တို့… လမ်းရှင်း တာတို့မှာ သုံးတဲ့ ပုံစံမျိုးလေဗျာ…သူ့နေရာက ကြည့်ရင် နိမ့်ပါတယ်ဗျာ…

ရုက္ခစိုး။  ။ အဲဒီတော့ ဘာဖြစ်လဲ(So What?)…

ရုက္ခစိုးက စိတ်မရှည်သည့် လေသံဖြင့် ၀င်မေးလိုက်ပြန်သည်။

ကြွက်စုတ်။  ။ ဟင်…ဘာဖြစ်လဲဆိုတော့….ဒါ ဥာဏ်အမြော်အမြင်ကြီးမားတဲ့ လူတွေရဲ့ လုပ်ရပ်မဟုတ်ဘူးလေဗျာ … ခေါင်းရွက်ဗျပ်ထိုးဈေးသည်က အစ အကုန်လုံး သိတယ်ဗျာ…ဒါ တော်တော်နိမ့်တဲ့ အိုင်ဒီယာ ပါဗျာ…

ဖိုးရှုပ်က ကြွက်စုတ်ပြောဆိုနေပုံကို သိပ်ဘ၀င်မကျသည့် ပုံစံဖြင့်ကြည့်နေပြီးဝင်ပြောပြန်သည်။

ဖိုးရှုပ်။  ။ ဟေ့ကောင်…မင်းစကားပြောတာ အနှောင့်အသွား လွတ်အောင်ပြော…ခေါင်းရွက်ဗျပ်ထိုး ဈေးသည်က အစ သိတယ်…ငါတို့က မသိဘူး…ငတုံးတွေဆိုတာလို ဖြစ်နေတယ်…ဒါနဲ့ မင့် ဂန်ဖလား က ပရော်ဖက်ဆာ ဆိုလား… ပညာ တတ်ပဲတဲ့… ကုလကို ဘယ်လိုရောက်လာသလဲတော့ မသိဘူး…

ရုက္ခစိုး။  ။ ဟ…ပညာတတ်တွေထဲမှာလည်း…ပညာတတ် အူကြောင်ကျားတွေ…အပေါကျူးနစ် (Opportunist) အခွင့်အရေး သမားတွေ ရှိတာပဲကွ…အဲဒီ ဂန်ဖလားကြီးကို သတင်းဌာနတခုက ရေးသေးတယ်မို့လား…မြန်မာ့ အရေး သူလုပ်တာက ဘာမှ ထိရောက်မှုမရှိဘဲ…ဗိုလ်ချုပ်တွေပေးတဲ့ ကျောက်မျက် လက်ဆောင်တွေ ယူပြီးပြန်တယ် ဆိုပြီး…သူ့ကို “ကျောက် ယူပြန်”လို့တောင် နာမည်ပေးလိုက်သေးတယ်….ကုလဘက်ကရတဲ့ စရိတ် စက တွေနဲ့ဆို တော်တော် တွက်ခြေကိုက်နေ မှာလေ…မြန်မာ့အရေးက ဘာဖြစ်နေနေ…သူကတော့ တွက်ခြေကိုက် အလုပ်ဖြစ်နေတာပေါ့ကွာ…  

ယခုမှပင် ၎င်းတို့ ၃ ဦးမှာ လေသံ နီးစပ်လာသည်။

ကြွက်စုတ်။  ။ အင်း အဲဒီလို တွက်ခြေကိုက်ဖို့ ပြောတာလား…တကယ်ပဲ စိတ်ပါလက်ပါပြောတာလား… ဂန်ဖလားကြီးနဲ့ တွေ့ပြီး နားယောင်ပြီးပြောတာလား တော့ မသိဘူးဗျ…အိမ်နီးချင်း နိုင်ငံ အကြီးအကဲ တဦးက လည်း မြန်မာ့ ဒီမိုကရေစီ ရေးမှာ ဒေါ်စု မပါရင် ပိုအလုပ်ဖြစ်မယ်…အနောက်နိုင်ငံတွေက ဒေါ်စုကို ကိရိယာတခု လို အသုံးချနေတယ်…ဘာညာ ဆိုပြီး ပြောတာလည်း ရှိသေးရဲ့….

ဖိုးရှုပ်။  ။ အရင်ကလည်း နအဖ ဘ၀ရှင်မင်းတြားကြီး ကို ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး သူတော်ကောင်းကြီး တဦးလိုလို ပြောသေးမဟုတ်လား…သူတို့က တမျိုးတည်း ပါပဲ…သူတို့ အကျိုးပေါ်မှာပဲကြည့်လုပ်နေကြတာ… ဂန်ဖလားကြီးလည်း ဘာထူးလဲ…ပြောတာပဲရှိတယ်…လုပ်တာမှမဟုတ်တာ…

ဖိုးရှုပ်စကားပင် အရှိန်မသေသေး ကြွက်စုတ်က ရုတ်တရက် ၀င်ပြောလိုက်သည်။

ကြွက်စုတ်။  ။ နအဖ က တော့ ၂ မျိုး ရှိတယ်တဲ့….

ရုက္ခစိုး။  ။ ဘာ ၂ မျိုးလဲ…သူတို့ ကျင့်သုံး နေတာ စစ်အာဏာရှင် စနစ် တမျိုးပဲ မဟုတ်လား…

ရုက္ခစိုးက ကြွက်စုတ်စကားကို နားမလည် ဟန်ဖြင့် ၀င်ပြောလိုက်သည်ကို ကြွက်စုတ်က ၎င်း ကြေးစားသင်ကြား နေသည့် အလွတ်ပညာသင် ကျောင်းသားတဦး၏ အမေးကို ပိုင်ပိုင်နိုင်နိုင် ဖြေကြားတော့မည့် ကျူရှင်ဆရာ၏ဂိုက်မျိုး ဖမ်းလိုက်ကာ…

ကြွက်စုတ်။  ။ မသိတာကိုတော့ ဗွေယူလို့မရဘူးပေါ့လေ…သိအောင်ပြောရမှာပေါ့…တချို့လူတွေပြောတာကို ပြန်ပြော တာပါ… နအဖ ကျင့်သုံးနေတာက ၂ မျိုး ရှိတယ်တဲ့…

ဖိုးရှုပ်က စိတ်မရှည်တော့…

ဖိုးရှုပ်။  ။ ဟေ့ကောင် မပြောရင်လည်းနေ ပြန်တော့မယ်…

ကြွက်စုတ်။  ။ အဲဒါကတော့…အခု တမျိုး…တော်ကြာ တမျိုး…၂ မျိုးရှိပါတယ်တဲ့ ခင်ဗျား….

ကြွက်စုတ်၏ မထင်မှတ်သည့် စကားကို ကြားလိုက်ရသည့် ဖိုးရှုပ်နှင့် ရုက္ခစိုးတို့ ၂ ဦး ကြွက်စုတ်ကိုမည်သို့ မျှပြန်မပြော နိုင်ခင် ကြွက်စုတ်က ညောင်ရိပ်မှ ခွာ၍ ဒွိုင်ဆူထေ့ တောင်အောက်သို့ ဆင်းသွားလေပြီတည်း…။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်